Monday, May 16, 2022

ရုရှားရေနံမရှိဘဲ အနောက်နိုင်ငံတွေ ရှင်သန်နိုင်ပါ့မလား။


ရုရှားရေနံအား ပိတ်ဆို့အရေးယူမှုကို တွန်းအားပေးသည့် နိုင်ငံများသည် အစားထိုး ရေနံရောင်းချသူများကို ရှာဖွေနေဆဲဖြစ်ပါတယ်။

ယူကရိန်းမှာ ရုရှားရဲ့ စစ်ရေးစစ်ဆင်ရေးကို တုံ့ပြန်တဲ့အနေနဲ့ EU နဲ့ UKတို့ဟာ ရုရှားရေနံဝယ်ယူမှုအားလုံးကို ဒီနှစ်ကုန်မှာ ပိတ်ပင်ဖို့ အစီအစဉ်တွေကို မကြာသေးမီက ကြေညာခဲ့ပြီး ဝါရှင်တန်ကလည်း ရုရှားရေနံကို လုံးဝပိတ်ပင်ရန် ကြေညာထားပြီးဖြစ်ပါတယ်။

မော်စကိုက ၎င်း၏ရေနံစိမ်းကို ဖြတ်တောက်ခြင်းသည် ကမ္ဘာ့ဈေးကွက်အတွက် ဆိုးရွားသော အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်သည်ဟု မကြာသေးမီက EU အရာရှိများအား သတိပေးခဲ့ပြီး ရေနံတင်ပို့သည့်နိုင်ငံများအဖွဲ့ (OPEC) ၏ အကြီးအကဲ Mohammed Barkindo က ထောက်ခံထားပါတယ်။

ရုရှားဟာ ကမ္ဘာ့တတိယအကြီးဆုံး ရေနံထုတ်လုပ်သူနဲ့ ဒုတိယအကြီးဆုံး တင်ပို့သူဖြစ်တဲ့အတွက် ရုရှားနိုင်ငံက ရေနံကို ပိတ်ပင်ထားရင် ဆုံးရှုံးသွားတဲ့ ပမာဏကို အစားထိုးဖို့ မလွယ်ကူပါဘူး။ ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်အကျပ်အတည်းအတွက် စိုးရိမ်မှုတွေကြားက အနောက်နိုင်ငံတွေက အစားထိုး တင်သွင်းပေးနိုင်မည့် နိုင်ငံတွေကို ရှာဖွေလျက်ရှိပါတယ်။

၁။ Norway

နော်ဝေးသည် ရုရှားပြီးလျှင် ဥရောပ၏ဒုတိယအကြီးဆုံးရေနံတင်သွင်းသည့်နိုင်ငံဖြစ်ပြီး EU ၏ ရေနံတင်သွင်းမှု၏ 8% ရှိသော်လည်း ရုရှားက 27% တင်သွင်းလျက်ရှိပါတယ်။ တစ်နေ့လျှင် ရေနံစည်ပေါင်း 4 သန်းခန့်ထုတ်ယူနေပြီး 2024 တွင် 9% ထိတိုးလာမည်ဟု ခန့်မှန်းထားကြပါတယ်။ 

အာတိတ်ဒေသရှိ ယခင်က မတူးဖော်ရသေးသော ဒေသများအပါအဝင် ရေနံနှင့် သဘာဝဓာတ်ငွေ့တူးဖော်ရန် လိုင်စင်အသစ်များ ထုတ်ပေးမည်ဟု ကြေညာထားသော်လည်း နော်ဝေး၏ ထုတ်လုပ်မှုသည် ကမ္ဘာလုံးဆိုင်ရာ ရေနံစိမ်းဝယ်လိုအား စုစုပေါင်း၏ 2% မျှသာရှိပြီး တူးဖော်သည့်နေရာအသစ်များ ရှာဖွေဖော်ထုတ်ရန် အချိန်ယူရဦးမှာဖြစ်ပါတယ်။

၂။ Kazakhstan

ယခင် ဆိုဗီယက်နိုင်ငံဟောင်းသည် ကက်စပီယံပင်လယ်ဒေသရှိ အကြီးဆုံးရေနံသိုက်များကို ပိုင်ဆိုင်ထားပါတယ်။ ၎င်း၏ ရေနံစိမ်းတင်ပို့မှုအများစုသည် ဥရောပသို့ တင်ပို့ပြီး ရေနံတင်သွင်းမှု၏ ၆ ရာခိုင်နှုန်းခန့်ရှိပါတယ်။ သို့သော်လည်း ကာဇက်စတန်သည် ၎င်း၏ ရေနံစိမ်းအများစုကို ရုရှားနိုင်ငံတောင်ပိုင်းကိုဖြတ်သန်းတင်ပို့နေရသည့်အတွက် ရုရှားအပေါ် အားကိုးအားထားပြုနေရပါတယ်။ ယင်းက ကာဇတ်ရေနံကို ရုရှားမှတစ်ဆင့် ဥရောပသို့ တင်ပို့မည်ဆိုပါက မေးခွန်း ထုတ်စရာရှိနေပါတယ်။

၃။ Nigeria

Nigeria နိုင်ငံသည် ဥရောပ၏ ရေနံ တင်သွင်းသူများထဲတွင်လည်း ပါဝင်ပြီး ၆ ရာခိုင်နှုန်းခန့်ကို တင်သွင်းနေပါတယ်။ သို့သော်လည်း သန့်စင်သည့်ရေနံချက်စက်ရုံများ မရှိခြင်းကြောင့် တိုင်းပြည်တွင် ရုန်းကန်နေရဆဲဖြစ်ပါတယ်။

၄။ Middle East

အရှေ့အလယ်ပိုင်းနိုင်ငံများသည် ကမ္ဘာ့ရေနံသိုက်၏ ထက်ဝက်နီးပါးရှိပြီး ထုတ်လုပ်နိုင်မှု အများအပြားကို ပိုင်ဆိုင်ထားသည်။ သို့သော်လည်း အခြေခံအဆောက်အအုံများ၊ နိုင်ငံရေးပဋိပက္ခများနှင့် အီရန်၏နျူကိစ္စများတွင် ရင်းနှီးမြှုပ်နှံမှုနည်းပါးခြင်းကြောင့် အဟန့်အတားများဖြစ်ပေါ်လျက်ရှိပါတယ်။

ဥပမာအားဖြင့် ဆော်ဒီအာရေဗျနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စုတို့သည် OPEC ၏ ရေနံပိုမို ထုတ်လုပ်ရန် အမေရိကန်၏တောင်းဆိုမှုကို အကြိမ်ကြိမ်ငြင်းဆန်ထားပါတယ်။

နှစ်နိုင်ငံစလုံးသည် ဒေသတွင်း အဓိကဝယ်ယူသူ တရုတ်နိုင်ငံကို ဆုံးရှုံးမည်ကို စိုးရိမ်သောကြောင့် အာရှသို့ ရေနံတင်ပို့မှုအား ဥရောပသို့ လမ်းကြောင်းလွှဲရန် မဖြစ်နိုင်ကြောင်း လေ့လာသုံးသပ်သူများက ပြောကြားခဲ့သည်။ 

အီရတ်နှင့် လစ်ဗျားတို့သည် ထုတ်လုပ်မှုကို မြှင့်တင်နိုင်သည်ဟု ကျွမ်းကျင်သူများက ဆိုသော်လည်း ပြည်တွင်း နိုင်ငံရေး ပြဿနာများကြောင့် ဖြစ်နိုင်ချေနည်းပါးကြောင်း ပညာရှင်များက သုံးသပ်ထားပါတယ်။

အီရန်သည် ရေနံစိမ်းထွက်ရှိမှုကို မြှင့်တင်ရန် အပြည့်အဝ ဆောင်ရွက်ထားပြီး ဖြစ်သော်လည်း အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများအောက်တွင် ရှိနေဆဲဖြစ်တဲ့အတွက် မျှော်လင့်ချက်အလွန်နည်းပါးပါတယ်။

၅။ Brazil

ကမ္ဘာ့ ၁၁ ခုမြောက် အကြီးဆုံး ရေနံတင်ပို့သူ ဘရာဇီးလ်ကို ရေနံပိုမိုထုတ်လုပ်ပေးရန် အမေရိကန်က မကြာသေးမီက တောင်းဆိုခဲ့သော်လည်း ဘရာဇီးက ဝါရှင်တန်၏ တောင်းဆိုမှုကို ငြင်းဆိုထားပါတယ်။

နိုင်ငံ၏အစိုးရပိုင်ရေနံကုမ္ပဏီ Petrobras က ထုတ်လုပ်မှုအဆင့်ကို သံတမန်ရေးရာအရ ထည့်သွင်းစဉ်းစားခြင်းထက် စီးပွားရေးဗျူဟာဖြင့် ဆုံးဖြတ်ပြီး ရေတိုထုတ်လုပ်မှုကို သိသိသာသာ မြှင့်တင်ခြင်းသည် ထောက်ပံ့ပို့ဆောင်ရေးတွင် ဖြစ်နိုင်မည်မဟုတ်ကြောင်း ပြောကြားထားပါတယ်။

၆။ Venezuela

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်များ ပိုင်ဆိုင်ထားသည့် ဗင်နီဇွဲလားကို ရေနံတိုးမြှင်ထုတ်လုပ်ပေးရန် ပိတ်ဆို့အရေးယူမှုအချို့ကို ဖြေလျှော့ပေးမည်ဟု အမေရိကန်က ချဉ်းကပ်ခဲ့ပါတယ်။ Caracas က တစ်နေ့လျှင် အနည်းဆုံး စည်ပေါင်း 400,000 ထုတ်လုပ်မှု မြှင့်တင်နိုင်သည်ဟု ပြောကြားခဲ့သော်လည်း နောက်ပိုင်းတွင် ဝါရှင်တန်သည် အဆိုပါ ကမ်းလှမ်းချက်ကို နောက်ပြန်ဆုတ်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပါတယ်။

၇။ United States

အမေရိကန်သည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအထိ တစ်ရက်လျှင် စည်ပေါင်း ၁၁ ဒသမ ၆ သန်းခန့် ထွက်ရှိသည့် ကမ္ဘာ့ရေနံစိမ်းထုတ်လုပ်မှု ထိပ်တန်းနိုင်ငံဖြစ်ပါတယ်။ သို့သော်လည်း အမေရိကန်သည် ကမ္ဘာ့ရေနံအများဆုံး သုံးစွဲတဲ့နိုင်ငံဖြစ်ပြီး ကမ္ဘာ့ရေနံစုစုပေါင်း၏ 20% ခန့်ကို အသုံးပြုထားသည်။ အမေရိကန်သည် ထုတ်လုပ်မှုကို မြှင့်တင်နိုင်ပြီး ဥရောပသို့ ၎င်း၏ ရေနံစိမ်းများကို ပိုမိုရောင်းချနိုင်သော်လည်း အမေရိကန် ရေနံသည် အလွန်ပေါ့ပါးပြီး အမေရိကနှင့် ဥရောပရှိ စျေးကွက်များတွင် လိုအပ်သော ဒီဇယ်နှင့် ဓာတ်ဆီများကို ထုတ်လုပ်ရန် သင့်လျော်မှုမရှိပါဘူး။

၈။ Canada

ကနေဒါသည် ကမ္ဘာ့ပဉ္စမမြောက် အကြီးဆုံး ရေနံထုတ်လုပ်သည့်နိုင်ငံဖြစ်ပြီး ကမ္ဘာ့တတိယအကြီးဆုံး ရေနံသိုက်ကိုပိုင်ဆိုင်ထားပါတယ်။ သို့သော်လည်း ရေနံပိုက်လိုင်းကန့်သတ်ချက်များနှင့် ပို့ကုန်အဆောက်အဦးကန့်သတ်ချက်များကြောင့် ၎င်း၏ ရေနံအားလုံးနီးပါးကို မြောက်အမေရိကဈေးကွက်သို့ တင်ပို့လျက်ရှိပါတယ်။

မတ်လအတွင်းက ဥရောပ၏ စွမ်းအင်အကျပ်အတည်းကို ကူညီဖြေရှင်းရန် ကနေဒါနိုင်ငံ၏ စွမ်းအင်ထုတ်လုပ်မှုကို မြှင့်တင်ရန် ကတိပြုခဲ့ထားခဲ့သော်လည်း တစ်နေ့လျှင် စည်ပေါင်း ၂၀၀,၀၀၀ ခန့်သာ ၎င်း၏ ရေနံထွက်ရှိမှုကို မြှင့်တင်နိုင်သည်ဟု သိရပါတယ်။

ယင်းက ရုရှားရေနံစည် ၅၀၀,၀၀၀ ဆုံးရှုံးခြင်းအတွက် အများဆုံး ဖြည့်ဆည်းပေးနိုင်သည့် ပမာဏသာဖြစ်ပြီး ကနေဒါမှ အဆိုပါရေနံများအားမည်သည့်အချိန်တွင် ပေးပို့နိုင်သည်ဆိုသည့် အချိန်ကိုတော့ ရှင်းရှင်းလင်းလင်း ပြောကြားထားခြင်းမရှိပါဘူး။

Fossil News
Ref; RT