Saturday, April 16, 2022

တောဆိုင်ကယ်


          ဆိုင်ကယ်အကြောင်း ပြောချင်လာတယ် ။ အကောင်းစား အပျံစား ဆိုင်ကယ်ကြီးတွေ အကြောင်း ကြီးကြီးကျယ်ကျယ် မပြောတတ်ပါဘူး ။ စီးလည်း မစီးနိုင်ပါဘူး ။  

        ဒီတော့ ကိုယ်ကျင်လည်ခဲ့ရတဲ့ တောက ဆိုင်ကယ်အကြောင်းလေးပဲ မြို့ကြီးသားတွေကို ဗဟုသုတ ပြောပြချင်ပါတယ် ။ 

         ပထမဆုံး ပြောပြချင်တာက ဆိုင်ကယ်ကို တာရာ နဲ့ ကျွတ်နဲ့ သက်တောင့်သက်သာ စီးနိုင်အောင် တီထွင်ခဲ့ပါတယ် ။ ကျွတ်ထဲမှာ လေမရှိရင် စီးမရတော့ပါဘူး ။ တောထဲတောင်ထဲ စီးရတဲ့ ဆိုင်ကယ်တွေမှာ လေထိုးတံ ၊ ကပ်ခွာ ၊ ဂွ အနည်းငယ် ပါလေ့ရှိပါတယ် ။ 

      တရက် တောထဲမှာ မင်းကိုနဲ့ ဆိုင်ကယ်ဘီးပေါက်ပါရော ။ ပြဿနာက တာရာကို ကလော်ထုတ်ဖို့ ပစ္စည်းပါမလာဘူး ။ အဲဒါကို မင်းကို ဘယ်လို လုပ်သလဲဆိုတော့ ဖြတ်လာခဲ့တဲ့ ရွာဟောင်းတခုဆီ ပြန်သွားပြီး လေးလက္မသံ အဟောင်း ရှာယူလာတယ် ။ 

      အဲဒီ သံချောင်းနဲ့ ရအောင် ကလော်ထုတ်ပြီး ဘီးဖာ ပြန်လာဖူးပါတယ် ။ သူ့ထက် ဆရာကျတာ ပလောင်တွေပဲ ။ လေထိုးတံမလို ၊ ကပ်ခွာမလို ကုန်ကုန်ပြောရရင် ကျွတ်ပါမလိုအောင် ဖန်တီးပြီး စီးကြလေရဲ့ ။ 

      ဖြစ်ပုံက တရက် ကျနော်ပလောင်ပေါ်ကနေ ဆိုင်ကယ်နဲ့ ပြန်ဆင်းလာတော့ တောင်ခမ်းပန်းအကွေ့တခုမှာ ရှူခင်းလေးက စိမ်းညှို့လှပနေလေတော့ လမ်းဘေး ဆိုင်ကယ်ရပ်ပြီး ငေးကြည့်နားနေပါတယ် ။ 

      အဲဒီအချိန် တောင်ပေါ်က ဆိုင်ကယ်တစီးဟာ အရှိန်ပြင်းပြင်းနဲ့ ဘာတွေ အော်မှန်းမသိ အော်ပြီး တရကြမ်းမောင်းဆင်းသွားပါတယ် ။ ကျနော်လည်း ခဏနေတော့ တောင်အောက်ဆင်းပါတယ် ။ 

       ကောင်းဘိုရွာမှာ စျေးနားဖွင့်ထားတဲ့ မြေအိုးမြည်းရှည်ဆိုင်က အတော်ကောင်းပါတယ် ။ အဲဒီဖက်ရောက်တိုင်း ကျနော်စားနေကျမို့ ဝင်စားတော့ အစောက တောင်ပေါ်ကနေ တရကြမ်းစီးပြီး အော်ဟစ်သွားတဲ့ ပလောင်ကို သူ့ဆိုင်ကယ်နဲ့ အတူတွေ့ပါတယ် ။

       ဆိုင်ထဲမှာ စားပွဲတလုံးပဲ ရှိတော့ အတူထိုင်ရတာပေါ့ ။ သူ့ကို မေးကြည့်တယ် မင်း စောစောတုန်းက တောင်ပေါ်ကနေ ဆိုင်ကယ်နဲ့အဆင်း ဘာတွေ အော်ပြောသွားတာလည်း မေးတော့ ဘရိတ်မမိဘူး လျှော်စရာငွေမရှိဘူး ဘေးဖယ် ဘေးဖယ် လို့ ပြောတာတဲ့ ။ 

      ဒါနဲ့ သဘောကျပြီး သူ့ဆိုင်ကယ် ကြည့်မိတော့ တာရာထဲကို စိုက်ဝင်နေတဲ့ သစ်ကိုင်းစလိုလို တွေ့လိုက်လို့ ဟာ မင်းဆိုင်ကယ် ပေါက်နေပြီဟ ဖာသွားအုံး ဖာခ ငါပေးလိုက်မယ် ဆိုတော့ ပလောင်က ရီနေပါတယ် ။ 

      ပြီးတော့သူ့ဆိုင်ကယ်ကို လိုက်ပြပြီး တာရာအပြင်ထွက်နေတဲ့ အစလေး ဆွဲထုတ်ပြတယ် ကောက်ရိုးစလေးဗျ ။ ဟင် တာရာကို ကောက်ရိုးက ဘယ်လို စူးမလဲမေးတော့ မဟုတ်ဖူးတဲ့ သူ့ဆိုင်ကယ်က ကျွတ်မပါဘူးတဲ့ ကောက်ရိုးတွေ ကျစ်ပြီး ထည့်စီးတာတဲ့ ကျွတ်ဖိုး မခံနိုင်လို့ ဆိုပဲ ။ 

      တော်ထဲ တောင်ထဲဆိုတော့ ဆိုင်ကယ်ခုန်တာ မဆန်းဘူးလေ ။ သူ့နည်းနဲ့သူတော့ ဟုတ်နေတာပဲ ဗျ ။ ဒီပလောင်က မင်းကိုထက် ဆရာကျတယ်နော် ။ 

       နောက်ပြီးတော့ အဲဒီဒေသမှာ မိုးရွာရင် ဆိုင်ကယ်စီးမရဘူး ။ လမ်းချော်တာရယ် ရွံ့စေးကပ်ပြီး ဘီး နဲ့ ဘီးဖုံးကြားထဲ ရွံ့ပြည့်ပြီး တွန်းမရအောင် ကျပ်ညှပ်သွားတတ်ကြလို့ပါပဲ ။ 

      တရက် ကျနော်တောရွာက ပြန်ခါနီးမှ မိုးတအားသည်းလာပါတယ် ။ ရပ်စောက်မှာ ဧည့်သည်နဲ့လည်း ချိန်းထားပါသေးတယ် ။ မဖြစ်မနေ ပြန်ရမယ့် အနေအထားမှာ ဘယ်လို ပြန်ရမှန်းမသိလို့ ညည်းညူမိတော့ အိမ်ရှင်က ငါ့ဆရာ မပူနဲ့ ဆိုပြီး ရွာထဲ ထွက်သွားပါတယ် ။ 

        ခဏနေတော့ ဆိုင်ကယ်ဆိုင်က တယောက်နဲ့ စက်ဘီးချိန်းအဟောင်းရယ် ၊ ဆိုင်ကယ် ဘရိတ်ကြိုးအဟောင်းရယ် ဂွတွေနဲ့ ပါလာပါတယ် ။ ဆိုင်ကယ်ဘီးအဖုံးတွေ ဖြုတ်သူက ဖြုတ် ၊ ချိန်းကြိုးအဟောင်း ဖြတ်သူက ဖြတ်ပြီး ကျနော့်ဆိုင်ကယ်ကို ချိန်းပတ်ပေးပါတယ် ။ 

      လုပ်နေကြတွေမို့ မြန်ပါတယ် ၊ တနာရီလောက်ကြာတော့ အားလုံးပြီးသွားပါတယ် ။ ဘီးအဖုံးတွေ ဆာလာအိတ်ထဲထည့်ပြီး လုပ်ပေးခ ဘယ်လောက်လဲ ဆိုတော့ လက်ခ ၂၀၀၀ ပဲ တောင်းပါတယ် ။ 

       စိတ်ချလက်ချစီး ရတယ် ဆိုပြီး ဆိုင်ကယ်ဘီး လေနဲနဲလျှော့ကာ စီးခိုင်းပါတယ် ။ ဟုတ်ပါတယ် ခါတိုင်းဆို ရွံ့ဗွက်ထဲ ဒရီးဒရိုင်နဲ့ ရှောပြီးပြေးတတ်တဲ့ ဆိုင်ကယ်ဘီးတွေဟာ ချိန်းကြိုးကုတ်အားကြောင့် ထိမ်းလို့သိမ်းလို့ ကောင်းကောင်းရပြီး လိုရာခရီး အချိန်မှီ ရောက်ခဲ့ရပါတယ် ။ ကတ္တရာလမ်းလည်း စီးလို့ရပါတယ် ။ 

         အတွေ့အကြုံအရ ပိုဝေးတဲ့ ပိုခေါင်တဲ့ တောင်ပေါ်ရွာမှာ အဲလိုပဲ မိုးမိပြီး ပြန်ချင်လို့ ချိန်းရှာခိုင်းတော့ ဒီရွာမှာ မရှိဘူးတဲ့ ဘာမှ မပူနဲ့ လုပ်ပေးမယ်ဆိုပြီး နိုင်လွန်ကြိုးနဲ့ ဆိုင်ကယ်ဘီးကို ကျကျနန တာရာအပေါ်က ပတ်လိုက် ဂွေထဲသွင်းလိုက်နဲ့ တင်းနေအောင် တုတ်ပေးပါတယ် ။ ဒါလည်း ရတာပါပဲ ။ 

        မိုးထဲရေထဲ ရွံ့ထဲဗွက်ထဲ ဆိုင်ကယ်နဲ့ ဒုက္ခရောက်ရင် ဖြေရှင်းလို့ ရနိုင်တဲ့ နည်းလမ်းလေးတွေပါပဲ ။ ဒီနေရာမှာ ဟာ တောင်ပေါ်က တောသားတွေ ဟုတ်လှချေလား ဆိုပြီး အကုန် အထင်ကြီးလို့ မရသေးဘူးဗျ ။ အဲဒီတောင်ပေါ်မှာ သစ်ငိုတို သစ်ငုတ်ကြား ၊ ကျောက်တုံးကျောက်ခဲကြား ၊ လျှိုခြောက်ကြား ၊ တောင်ခပန်းလမ်းကျဥ်းကျဥ်းလေးတွေ စီးနိုင်ကြပေမယ့် သူတို့ ဒုက္ခရောက်တဲ့ နေရာတွေ ရှိပါသေးတယ် ။ 

      ကျနော်နဲ့လိုက်လာတဲ့ တောင်ပေါ်သား ဆိုင်ကယ်ဆရာကြီး တယောက် ၊ အညာက ချောင်းသဲထဲမှာ မစီးတတ်လို့ ခဏခဏ ဆိုင်ကယ်လဲတယ်ဗျ ။ မန္တလေးရောက်တော့ ပိုဆိုးတယ် ၊ မန္တလေးက ဆိုင်ကယ်အုပ်ကြီး ကြည့်ပြီး လုံးဝ မစီးရဲတော့ဘူး ။ 

      သိတဲ့အတိုင်း မန္တလေးက အတင်းတိုးခွေ့ ကွေ့ဝှိုက်စီးကြတာကိုး ၊ မီးပွှိုင့်က ဆိုင်ကယ်အုပ်ကြီး ကြည့်ပြီး တောင်ပေါ်တောသား ဆိုင်ကယ်သရဲ သွေးပျက်ပြီး မစီးရဲတာ သူ့နေရာမှ မဟုတ်တာလေ ။ 

      ပြောချင်တာက တောထဲမှာ ဆိုင်ကယ်ကျွမ်းကြင်တယ် ၊ ကြံရည်ဖန်ရည်ရှိတယ် ဒါပေမယ့် မြို့အရပ်မှာ အထာမသိဘူး မကျွမ်းကြင်ဘူး ဒီတော့ သူ့ကျွမ်းကြင်မှုကို မြို့ပေါ်မှာ အသုံးချလို့ အဆင်မပြေပါဘူး ။ 

       ဒီလိုပါပဲ ကျနော်ထင်ပါတယ် မြို့ပေါ်မှာ ကတ္တရာလမ်းပေါ် သရဲမရဲစီးသလို တဗြဲဗြဲ စီးပြနေသူတွေလည်း တောင်ပေါ်ဒေသက လျှိုထဲ ခြောက်ထဲ ငုတ်တို ငုတ်ကြား ကြောက်တုံးကြို ကြောက်တုံးကြား ရွံ့ထဲဗွက်ထဲ ရေညှီချော်နေတဲ့ လမ်းတွေပေါ် ကျွမ်းကြင်စွာ စီးနိုင်မှာ မဟုတ်ပါဘူး ။ 

        ခင်ဗျားတို့ တောင်ပေါ်တောအရပ်မှာ ဆိုင်ကယ်စီးရပြီဆိုရင် သူ့အရပ်က ဒေသခံနဲ့စီးပါ မြို့ပေါ်က ဆောင့်ကြွားကြွားလူ နောက်က ထိုင်မလိုက်ပါနဲ့ ။ မန္တလေးလိုနေရာစီးချင်ရင် မြို့သားနောက်က စီးပါ တောသားနောက်က မစီးပါနဲ့ ။ 

        သူ့အရပ် နဲ့ သူ့ဇတ် ကျွမ်းကြင်ရာ လိမ္မာရာ အသုံးချတတ်မှ ခင်ဗျား အန္တရာယ်ကင်းရမှာပါ ။ ငါ့လူမှ ငါ့လူဆိုပြီး တလက်ကိုင် အားပြုနေရင်တော့ ဘယ်ချက်တောင်ပေါ်က ချောက်ထဲကျမလဲ ၊ ဘယ်ချက် မြို့ပေါ်က ခါးဖြတ်တိုက်ခံရမလဲ တွေးကြည့်ပေါ့လေ ။

      ကိုရွှေမျိုးဝင်း

(ရုန်းရမယ့် ဝန်ကြီးနဲ့ ကိုက်ညီမယ့် အင်ဂျင်ပါဝါခေါင်း မသုံးပဲ မဖြစ်သလောက် အင်ဂျင်ပါဝါနဲ့ သုံးနေတာ အလုပ်မဖြစ်တဲ့အပြင် မနိုင်ဝန်ထမ်းရတဲ့ အတွက် ဆုံးရှုံးမှု ဒုက္ခတွေပဲ ထပ်ရယုံပါပဲ)