Sunday, March 27, 2022

အချဉ်... 🍁


စိတ်အချဉ်က တကယ်တွေပေါက်နေပါပြီ။ သတင်းစာရှင်းလင်းပွဲ လုပ်တယ်။ လုံခြုံရေးကို တာဝန်မယူနိုင်ကြောင်း အဘ ဇော်မင်းထွန်းက ဖြေသွားတယ်။ မမျှော်လင့်ပါဘူးလေပေါ့။ စစ်မှုထမ်းဟောင်း အဘကြီးကို ဆိုးဆိုးရွားရွား လုပ်သွားတဲ့သတင်းတွေ တက်လာတယ်။ စိတ်မကောင်းဘူး။ ပြောရရင် ဒေါ်စုကြည်လက်ထက်လောက်တောင်မှ ‌(စစ်တပ်အသိုင်းအဝိုင်းတောင်) မလုံခြုံတော့တဲ့ဘဝ ရောက်နေတာလည်း ငြင်းမရတဲ့ အချက်ပဲ။ စစ်တပ်က အဲဒီလို အနေအထားအတွက် ဘာခံစားမှုမှ မပြဘဲ ထုံပေပေ မျက်နှာပေးမျိုးနဲ့ ပြောသွားတာတော့ နည်းနည်း အောက်တာပေါ့။ ဒါက ပထမတစ်ချက်။ 

တရားဥပဒေစိုးမိုးမှုကျဆင်းတယ်။ လူတွေလက်ထဲမှာ လက်နက်တွေပေါလာတယ်။ နေရာတကာ ဓားပြတိုက်တယ်။ မြစ်ကြီးနားဖြစ်စဉ်ဆိုရင် ဓားနဲ့ထိုးပြီး လုယက်ခံရတဲ့ အမျိုးသမီးကြီးခမျာ အသက်ပါ ပေးလိုက်ရရှာပြီ။ သာမန်လူတန်းစားတွေအတွက် နေ့စဉ်လုပ်ငန်းတွေ လုပ်ဖို့တောင် မလုံခြုံတော့တဲ့အခိုက် ဆယ်လီဆိုရင်တော့ လုံခြုံရေး ချပေးနေရတယ်။ အနီတွေရဲ့ ရန်ပြုတိုက်ခိုက်ခံရလို့ လုံခြုံရေးပေးခံရဖူးတဲ့ ဆယ်လီကလေးမတစ်ယောက်က စစ်တပ်နဲ့ ပြဿနာဖြစ်တယ်။ 

အဲဒီတော့ ကျွန်တော်တို့လို ကိုယ့်ထမင်းကိုယ်စား၊ ကိုယ့်ဘေလ် ကိုယ်သုံးနေရတဲ့ ကြားနေတွေနဲ့ တပ်မတော်သားဟောင်းကြီးတွေက သေလိုက်ကြတာပဲ ကောင်းတော့တာပေါ့။ အစိုးရမှာ လက်ရှိ ကြုံနေရတဲ့ လုံခြုံရေးစည်း ကျိုးပေါက်မှုတွေအတွက် ဘာ မဟာဗျူဟာမှ ရှိပုံမရဘူး။ အခုလို အစိုးရ အာဏာ မသက်ရောက်ဘဲ ကသောင်းကနင်းဖြစ်နေတာကလည်း Failed State ပါပဲ။ 

သို့သော် အဘတို့က ရည်မှန်းချက်ကတော့ မလျှော့ဘူး။ လာမယ့် ရွေးကောက်ပွဲကို ဒီမိုကရေစီ အနှစ်သာရတွေနဲ့ ပြည့်စုံစေရေးအတွက် တစ်နိုင်ငံလုံး ကျင်းပနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ပြောထားပါတယ်။ နည်းနည်းတော့ လွဲနေပြီထင်တာပါပဲ။ 

လုံခြုံရေးမပေးနိုင်ဘဲနဲ့ ရွေးကောက်ပွဲ ဘယ်လို လုပ်မလဲ။ Closed List PR ဖြစ်တဲ့အတွက် အတိုင်းအတာတစ်ခုထိ လျှို့ဝှက်ထားနိုင်ရင်တောင် တိုင်းပြည်မတည်ငြိမ်သရွေ့ ကိုယ်စားလှယ်တွေရဲ့ အသက်ကို ဖက်နဲ့ ထုပ်ထားရဦးမှာပဲ။ NLD ထက် အဆပေါင်းများစွာ ပိုတော်ပါတယ်ဆိုတဲ့ နစက က တည်ငြိမ်မှုမရှိဘဲ ဒီမိုကရေစီကို တည်ဆောက်လို့ ရလိမ့်မယ်လို့ ဘယ်လိုလုပ် အိပ်မက် မက်တတ်သွားတာလဲ။ 

အခု နစက ကြုံနေရတာက နိုင်ငံရေးအသွင်ဆောင်တဲ့ တိုက်ခိုက်မှုတွေပါ။ သာမန် အရပ်သားအချင်းချင်း အခန့်မသင့်လို့ဖြစ်တဲ့ ရာဇဝတ်မှုမျိုး မဟုတ်ပါဘူး။ ရာဇဝတ်မှုတောင် လျော့ကျရေး စီမံချက်တွေလုပ်ရသေးတာပါ။ အခုလိုအနေအထားမှာ နိုင်ငံသားတွေရဲ့ လုံခြုံရေးကို တာဝန်မယူနိုင်ဘူး ဆိုတာက ပြောထွက်သင့်တယ်လို့ ထင်ပါသလား။ ဒီလို တာဝန်မယူနိုင်ဘဲ ဒီမိုကရေစီ အနှစ်သာရပြည့်ဝတဲ့ ရွေးကောက်ပွဲ တဲ့လား။ 

‌အဲဒီလို ရွေးကောက်ပွဲကြီးလုပ်ဖြစ်တော့ရော ဘယ်သူက အသိအမှတ်ပြုမှာလဲ။ 
(၂၀၂၀) ရွေးကောက်ပွဲမှာ ဒေါ်စုကြည်ပါတီ သောင်ပြိုကမ်းပြိုနိုင်တယ်။ ဒေါ်စုကြည်ရဲ့ မဲနိုင်မှုက နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူတွေကို စိတ်ဝင်စားအောင်မလုပ်နိုင်ဘူး လို့ Nikkei Asia က ဆော်တယ်။ ဒေါ်စုကြည်ရဲ့ ဘုရားသခင်တမျှ ပုံရိပ်ကြောင့် မဲနိုင်သွားပေမဲ့ နိုင်ငံကြီးပြိုကွဲတော့မလို ဝိုင်းရေးခဲ့ကြတယ်။ ဒေါ်စုကြည်ထက် မဲပေးခွင့် မရတဲ့ လူမျိုးလိမ်တွေအကြောင်း ပို မီးမောင်းထိုးပြီး လူ့အခွင့်အရေးစံနှုန်းနဲ့ မညီကြောင်း ပို အော်ခဲ့ကြတာပါ။ တွေးကြည့်ပါ။ နစက က ဒေါ်စုကြည်ထက် ဘာတွေပို လုပ်နိုင်မှာတဲ့လဲ။ 

အာဏာလည်း ထိန်းပြီးရော၊ ဒီ အာဏာထိန်းမှုကို ပြိုကွဲသွားစေချင်ရင် တပ်တွင်းစည်းလုံးမှုကို ဖြိုခွဲရမယ် (ဝါ) စစ်တပ်ထဲက ရာထူးကြီးကြီး အရာရှိကြီးတွေ ဘက်ပြောင်း ပုန်ကန်ရင်တော့ ဒီအစိုးရ ပြုတ်ကျလိမ့်မယ် - လို့ ဝိုင်းရေးကြပြန်တယ်။ တပ်ပြေးတွေကို ပိုပြီးရှေ့ထုတ်လာတယ်။ အနေအထိုင်မတတ်တဲ့ ဗိုလ်ကတော်တွေက မျက်စိနောက်စရာတွေ ထ လုပ်တယ်။ လူတွေက စိတ်ပျက်လာပါတယ်ဆိုမှ တပ်မတော်အစိုးရက စစ်မှုထမ်းဟောင်းတွေရော ပြည်သူတွေကိုပါ တာဝန်မယူနိုင်ကြောင်း လာဝန်ခံနေတယ်။ 

တကယ်ပြောတာပါ။ လိုနေတာက ဗျူဟာ လိုနေတာ။ ဆင်ခြေဆင်လက်တွေမလိုဘူး။ မဖြစ်နိုင်တဲ့ မျှော်မှန်းချက်တွေ မလိုဘူး။ 

- တကယ်က တပ်မတော်ကြီးကို အခုထက်ပို ကျစ်ကျစ်လျစ်လျစ်နဲ့ စည်းကမ်းကောင်းအောင် ကြပ်မတ်ဖို့လိုနေတာပါ။ မကျေနပ်တိုင်း လိုင်းပေါ်တက်အော်တဲ့ငပွတွေနဲ့ အဆင်ပြေမနေဘူး။

- တစ်နိုင်ငံလုံး အနှံ့ ရွေးကောက်ပွဲကြီး လုပ်ပေးပါမယ်လို့ မပြောခင်၊ နိုင်ငံရေးဆန်တဲ့ တိုက်ခိုက်မှုတွေ ထပ်ပြီးဖြစ်မလာအောင် တားဆီးပေးမယ်လို့ ကတိပေးရင် ပို ကျေးဇူးတင်မှာပါ။ 

- တစ်ပြည်လုံးက ပြည်သူတွေ စိတ်ပျက်စရာကောင်းနေတဲ့အခိုက် ဆယ်လီများအနေနဲ့ အခွင့်ထူးခံ လုံခြုံတဲ့နေရာမှာနေပြီး မျက်စိနောက်အောင် ပွဲရှာခြင်း၊ Attention ရှာခြင်းများ မလုပ်ကြဖို့ မေတ္တာရပ်ခံပါတယ်။ 

- ရွေးကောက်ပွဲကို မည်သည့်ပုံစံနှင့် မည်သည့်အချိန်မှာ ကျင်းပသည်ဖြစ်စေ၊ ဘယ်တော့မှ (ဘယ်တော့မှ) ဒီမိုကရေစီ စံချိန်စံနှုန်းနဲ့ ပြည့်ဝတဲ့ ရွေးကောက်ပွဲအဖြစ် အသိအမှတ်ပြု ခံရမှာမဟုတ်တဲ့အတွက် အရေးမပါတဲ့ အရာတွေကို စကားလုပ်ပြောမနေပါနဲ့။ 

အမြန်ဆုံး တည်ငြိမ်အောင်လုပ်ပြီး နောက်လူကိုသာ အပ်သွားလိုက်တာ အကောင်းဆုံးပါ။ နီပိတ်တွေ ပြန်တက်မလာရုံနဲ့တင် နတ်လူသာဓု ခေါ်မှာပါ။

ကြာတော့ ကြည့်ရင်း ကြည့်ရင်း....

ကိုယ်တွေကို အချဉ်ထင်နေသလို မြင်လာတယ်။ စိတ်အချဉ်တွေလည်း ပေါက်ရပါတယ်... ဒါပါပဲ...

သန့်နေစိုး (25. Mar. 2022)
*
*
*