Friday, March 18, 2022

မရေးချင်သော......


         ကျနော်မရေးချင်လို့ လက်ရှောင်နေတဲ့ ကိစ္စတခုရှိပါတယ် ။ ဘာလည်းဆိုတော့ ကျူးကိစ္စ ဖြစ်ပါတယ် ။ ဘာလို့ မရေးချင်လည်း ဆိုတော့ ဒီပြဿနာမှာ ဥပဒေအရ အစိုးရမှန်နေလို့ပါပဲ ။ 

        မနေ့ညက မိတ္ထီလာကနေ ဖုန်းဆက်လာပါတယ် ။ ဆက်တဲ့သူက တပ်မတော်အငြိမ်းစား တဦးရဲ့ သွေးသားပါပဲ ။ ဖုန်းထဲမှာ ဝမ်းနည်း အားငယ်နေတဲ့ လေသံကို ဖုံးဖိမရအောင် သိသာနေခဲ့ပါတယ် ။ 

        မိတ္ထီလာ ၉၉ တပ်အနီး ၊ ရေကျော် ၇ ပေါက် ၊ နယ်မြေ ၉ ကန်တော်မင် ရပ်ကွက် မှာ နေကြပါတယ် ။ အဲဒီနေရာမှာ မီတာဘောက်တွေ ချပေးထားတယ် ။ နေခဲ့ကြတာလည်း နှစ် ၅၀ မကတော့ဘူးလို့ သိရပါတယ် ။ 

          အမှန်ကတော့ မြေနေရာက တပ် စည်ပင် နယ်နမိတ်ပါပဲ ။ မူလက ကျူးတွေ နေကြပြီး အဆင့်ဆင့် ရောင်းစားလာကြတာ နှစ် ၅၀ အထက်ရှိပြီ ဆိုတော့ကား အမှားကြာ အမှန်ဖြစ်သကဲ့သို့ အခြေအနေရောက်နေရပါတယ် ။ 

       စစ်မှုထမ်းဟောင်းများလည်း စုဆောင်းမိသမျှ ချွေးနဲစာလေးတွေနဲ့ တန်ဖိုးသိပ်မကြီးတဲ့ အဆိုပါ ရပ်ကွက်မှာ ဝယ်ပြီးနေကြပါတယ် ။ စစ်မှုထမ်းမိသားစု ၃၀ ခန့် ရှိတယ်လို့ ပြောပါတယ် ။ တရပ်ကွက်လုံး မိသားစု ၂၀၀ လောက် ရှိပါမယ် ။ 

           တပ်စည်ပင်ကနေ အခု စာထုတ်ပြီး 1-4-2022 မှာ ထွက်ပေးကြဖို့ အမိန့်ထုတ်ပြန်လိုက်တော့ မိသားစုများအားလုံး အားကိုးရာမဲ့ ဝမ်းနည်းနေကြရပါတယ် ။ 

        ယခု နေထိုင်သူအများစုသည် မီတာဘောက်များ တရားဝင်တပ်ဆင်ခွင့်ရရှိထားသော ၊ သွေးလှူရှင်အသင်းအသင်း နဲ့ အခြားပရဟိတ အသင်းများ တည်ရှိနေခြင်း ၊ နယ်မြေ ၉ ဟု သတ်မှတ်ပေးထားခြင်း ၊ နှစ် ၅၀ ကျော် အနှောက်အယှက် မရှိ နေထိုင်နိုင်ခဲ့ကြခြင်း ဆိုတဲ့ အချက်များကြောင့်လည်းကောင်း ၊ ဥပဒေအား မသိနားမလည်၍ လည်းကောင်း မိမိတို့ ချွေးနည်းစာလေးများဖြင့် ဝယ်ယူနေထိုင်ကြသူများ ဖြစ်ကြပါတယ် ။ 

        ၂၀၂၀ ကိုဗစ်ကာလမှ စတင်ပြီး ယနေ့ထိ ဖြစ်ပေါ်နေသော စီးပွားရေး ၊ နိုင်ငံရေး ၊ ကျန်းမာရေး အကျပ်အတည်းများဟာလည်း ကာလရှည် ဖြစ်နေတဲ့အတွက် ပြည်သူတိုင်း အဆင်မပြေ ကျပ်တည်းနေကြတာကို အားလုံး အသိပဲ ဖြစ်ပါတယ် ။ 

           ယခု ဖြစ်နေတဲ့ မိတ္ထီလာကန်​တော်မင်ရပ်ကွက် ပြဿနာက အစိုးရပိုင် စည်ပင်နှင့် ပတ်သက်ရင်တော့ ကျနော် ဒီပို့စ် ရေးမှာ မဟုတ်ပါဘူး ။ တပ် စည်ပင်က နှင်ထုတ်တဲ့ကိစ္စမို့သာ ရေးလိုက်တာပါ ။ 

        အဓိက ကျတဲ့ အချက် ထောက်ပြချင်ပါတယ် ။ နှစ် ၅၀ ကျော် တာဝန်ရှိခဲ့ကြတဲ့ တပ်စည်ပင် အရာရှိအသီးသီးဟာ အဆိုပါ ကျူးကိစ္စကို အဘယ်ကြောင့် မဖယ်ရှားခဲ့ကြပါသလဲ ။ 
အဓိက တာဝန်ရှိတာ အစဥ်အဆက် ဥပေက္ခာပြုထားခြင်း သို့တည်းမဟုတ် လာဘ်စား၍ ခွင့်ပြုထားခဲ့ခြင်းတို့ကြောင့် ယနေ့ တာဝန်ရှိတဲ့ တပ်စည်ပင်သို့ အမွေဆိုး ပေးထားခဲ့ခြင်း သို့မဟုတ် လုပ်စားဂွင် ချန်ထားခဲ့ခြင်း ဖြစ်နေပါတယ် ။ 

        မသိနားမလည်သော ဆင်းရဲသား ပြည်သူများနဲ့ စစ်မှုထမ်းဟောင်းများဟာ ခေတ်အဆက်ဆက် တာဝန်မဲ့ခဲ့သော တပ်စည်ပင် အရာရှိများကြောင့်သာ ရိုးသားစွာ ရောင်းမှား ဝယ်မှား ဖြစ်ခဲ့ကြရတာပါ ။ 

         တပ်ပိုင်မြေဖြစ်တဲ့ အတွက် တပ်က ပြေလည်အောင် ဖြေရှင်းပေးလို့ ရနိုင်ပါတယ် ။ ယခုလို ကပ်ပေါင်းစုံဆိုက်နေရတဲ့ ကာလမှာ အဆိုပါ နေ့ခြင်း ညခြင်း ဥပစာနှင်ထုတ်သည့် အမိန့်အစား တပ်​မြေအသုံးပြုခ ကောက်ခံသည့် စနစ်ဖြစ်စေ ၊ တပ်မြေစွန့်လွှတ်သည့် စနစ်ဖြင့် ဖြစ်စေ တပ်မတော်ရဲ့ စေတနာကို ပြသသင့်ပါတယ် ။ 

        အထူးအားဖြင့် မဖြစ်မနေ ထည့်သွင်းစဥ်းစားရမှာက တပ်မတော်သား ပင်စင်စား မိသားစု ၃၀ ခန့် ရဲ့ နေရေးအခက်အခဲ အရေးကိစ္စပင် ဖြစ်ပါတယ် ။ တပ်ပိုင်မြေထဲမှာ ပင်စင်စား တပ်မတော်သားတွေကို ရောင်းစားခွင့်မပြုတဲ့ ဥပဒေနဲ့ နေရာပေးမှသာ တပ်မတော်ကို သစ္စာရှိတဲ့ အောက်ခြေတပ်သားတွေ မွေးထုတ်နိုင်မှာပါ ။ 

         ဥပဒေအရ မဖြစ်မနေ နှင်ထုတ်ကြလျှင်.....

၁ ။ တပ်မတော်သား ပင်စင်စား မိသားစု ၃၀ ခန့်အား နေထိုင်ရန် စီစဥ်ပေးပါရန် မေတ္တာရပ်ခံပါတယ် ။

၂ ။ ခေတ်အဆက်ဆက် ဥပေက္ခာပြုခဲ့ပါသော အဆိုပါ မိတ္ထီလာ တပ်စည်ပင် အရာရှိများအား ပြန်လည် ဖော်ထုတ်၍ ပြင်းထန်ထိရောက်စွာ အရေးယူပြဖို့ တောင်းဆိုပါတယ် ။ 

          ဒီလိုပဲ တနိုင်ငံလုံးက ကျူးတွေကို ဖယ်ရှားနေခြင်းအား ကန့်ကွက်စရာ အကြောင်းမရှိပေမယ့် ခေတ်အဆက်ဆက်က တာဝန်မဲ့စွာ ဥပေက္ခာပြုခဲ့သော တနည်း လာဘ်လာဘအတွက် အရေးမယူခဲ့သော ဒေသ အသီးသီးရှိ စည်ပင်ဝန်ထမ်း အရာရှိဆိုးများကိုလည်း ထိရောက်စွာ ပြန်လည်ဖော်ထုတ် အရေးယူပေးမှသာ တရားမျှတပါလိမ့်မယ် ။ 

          ဒီလို မဟုတ်ပဲ လာဘ်စားပြီး တာဝန်မကျေတဲ့ စည်ပင်အရာရှိတွေ နေမြဲ စားမြဲ ကြီးပွားမြဲ ခွင့်ပြုနေပြီးမှ အောက်ခြေ ဆင်းရဲသား ဥပဒေနားမလည်ပဲ ဝယ်ယူနေထိုင်သူ ပြည်သူချည်းသာ ခံပေတော့ ဆိုတဲ့ မူ နဲ့ လုပ်နေရင်ဖြင့် တပ်မတော်အပေါ် ပြည်သူပိုမုန်းကြတဲ့ ရလာဒ်ပဲ ပေါ်လာမှာပါ ။ 

         တခါတခါ တွေးကြည့်မိပါတယ် ။ သတ်ဟယ် ဖျက်ဟယ် ဖမ်းဟယ် ဆီးဟယ် နဲ့ လူမြင်မကောင်းတဲ့ ကြမ်းကြမ်းတမ်းတမ်း အလုပ်တွေ လုပ်ရတော့ တပ်မတော်သားတွေ ။ 

          လမ်းခင်းတော့ စည်ပင် ၊ လာဘ်စားတော့ လမ်းဘေးစျေးသည်ကနေ တိုက်တာအဆောက်အဦးတွေထိ စည်ပင်က ရနေတယ် ။ ဥပဒေအရ ဆိုပြီး ပြန်ဖျက်တော့ လာဘ်စားခဲ့တဲ့ စည်ပင်တွေကို တပ်မတော်က မြှောက်စားပြီး ပြည်သူတွေပဲ တပ်မတော်က ထိပ်တိုက်တွေ ဖျက်ဆီး ။ 

      ဒီလို တပ်မတော်ကို ပညာမတတ် ဥပဒေနားမလည်တဲ့ ပြည်သူမုန်းတီးနေတာ မဆန်းဖူးဗျ ။ တကယ်ဆို တရားမျှတအောင် ခေတ်အဆက်ဆက် တာဝန်ရှိခဲ့ကြတဲ့ စည်ပင်အရာရှိတွေကိုပါ အရေးယူပြမယ်ဆိုရင်ဖြင့် တပ်မတော်အစိုးရ လုပ်ရပ်ကို လက်ခုပ်တီးနေရမှာပါပဲ ။ 

. တပ်မတော်ကို ပြည်သူကြည်ညိုလေးစား စေချင်ရင်ဖြင့် ဥာဏ်သုံးပြီး စည်းရုံးဖို့ လိုအပ်ပါလိမ့်မယ် ။ တသက်လုံးက စားဝါးပြီး နေရာယူလလူလည်ကြတဲ့ ညွှန်မှူး ညွှန်ချုပ် စကားနဲ့ လမ်းဆုံးပြီး သူတို့ ပြောသမျှ လုပ်နေရင်ဖြင့် တပ်မတော်လည်း မြောင်းထဲသာ ဆင်းနေဖို့ ရှိပါတော့ကြောင်း......

         ကိုရွှေမျိုးဝင်း