* ၁၃၈၃-ခုနှစ်၊(16-3-2022)
တပေါင်းလပြည့်နေတွင်
ကျရောက်သော
(၇၃)နှစ်မြောက်
ပအိုဝ်းအမျိုးသားနေ့ကို
ကြိုဆိုဂုဏ်ပြုသောအားဖြင့်
ဤဝတ္ထုဇာတ်လမ်းကို
ပြန်လည်တင်ဆက်ပါသည်။
[ယခင်တင်ခဲ့တဲ့accက
အဖျက်ခံရတာ ကြာပါပြီ]
* ရင်ခတ်ပန်း=မွန်မွန် *
________________________
စိမ်းလဲ့ညိုမှောင် တောင်ပြာတန်းကြီးကို
နောက်ခံပြုလျက် စိမ်းမြမြ သစ်တော၊
ဝါးတော၊ယာခင်းတို့ကို ဖြတ်ကျော်ကာ
တဂျုံးဂျုံး ခုတ်မောင်းလာခဲ့သော
'ရွှေညောင်-သာစည်' မီးရထားကြီးပေါ်
ကျွန်တော်တစ်ယောက်
နေရာပျောက်လျက် လိုက်ပါလာသည်။
တောင်ကြီးမှ အရေးတကြီးပြန်လာခဲ့ရ
သည့်မို့'ထိုင်ခုံမဲ့လက်မှတ်'ကိုတောင်
မနည်း ဝယ်ခဲ့ရသည်။
နေရာရလိုရငြား ရထားတွဲနောက်ဖျား
အထိ ကျော်ကာလွှားကာ
လက်ဆွဲအိတ်ကြီး တကားကားနှင့်
ကြိုးစားရှာသော်လည်း ထိုင်ဖို့ဝေးစွ၊
မတ်တတ်ရပ်လိုက်လာရသည်ပင်
ခပ်ကြပ်ကြပ်။
ကဲ- ပေါက်တဲ့နဖူး မထူးပါဘူးဆိုပြီး
ရောက်တဲ့နေရာကပဲ ရပ်လိုက်လာခဲ့ရ
ပါသည်။
သည်တော့မှ
မွေးရာပါ ဝါသနာအလျောက်
ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်
မိပါသည်။ တွေ့ပါပြီ-
ကျွန်တော့်အကြိုက်၊ ကျွန်တော့်ဓာတ်စာ၊
ကျွန်တော့်ဘေးကခုံနှင့် မျက်နှာချင်းဆိုင်
ခုံတွင် ကုလားမလေးတယောက်။
ကုလားမဆိုသော်လည်း အသားက
မမည်းပါ၊ ခါးက သေးသေး၊
တင်ဖွံ့ရင်ဖွံ့၊ချစ်စရာ့ကိုယ်ဟန်၊
နားသံသီးက ကျောက်နီလေး၊
ဖြူဖွေးတဲ့ အသား၊
နုထွေးတဲ့ ကိုယ်ရေပေါ်မှာ မော်ကြွားနေ
တာက ကျောက်စီဘယက်၊ ကျောက်စီ
လက်ကောက်နှင့်မို့ အထက်တန်းစား
ဖြစ်ဟန်တူသည်။
သူ့ရဲ့ကိုယ်ဟန်က လှပါတယ်ဆိုကာမှ
ကျွန်တော်ကြည့်နေမှန်းသိလို့ ကိုယ်ကို
ခပ်ယိမ်းယိမ်းထား၊ ထိုင်ခုံနောက်မှီကို
ခေါင်းနှင့် အားပြုပြီး လက်ကိုထောက်
ထားလိုက်သဖြင့် သူ့အလှ ပို၍ထင်ရှား
လာသည်ဟု ကျွန်တော် ထင်မိသည်။
"အစ်ကိုကြီး"
"ဟ-ဘာတုန်းဟ"
လူငယ်တယောက်က အနားကပ်လာပြီး
ညင်သာစွာခေါ်လိုက်ခြင်းသာ ဖြစ်သည်။
ကျွန်တော့်စိတ်အစဉ်က ကုလားမလေးရဲ့
လှယဉ်ကြောမှာ မျောနေသည့်အတွက်
လူမိသလိုဖြစ်ပြီး ဆောင့်တောင့်တောင့်
ထူးမိလိုက်ခြင်းဖြစ်သည်။ လူငယ်က
ပြုံးယောင်သမ်းလျက်မေးသည်-
"အစ်ကိုကြီး ထိုင်ခုံ မရဘူးလား"
"အေး မရဘူး"
"ဒါဆို ကျွန်တော့်ထိုင်ခုံ ဝယ်ပါလား"
"မင်းက….."
"ကျွန်တော် ဟဲဟိုးကျ ဆင်းရမှာမို့ပါ"
ကျွန်တော်က သူ့ကို နားမလည်သလို
ကြည့်နေသဖြင့် သူက ထပ်ရှင်းပြသည်။
"ဒီလိုပါခင်ဗျာ၊ ကျွန်တော်က သာစည်
အထိ ဝယ်ထားတာ၊ ဟဲဟိုးမှာ ဆင်းရ
မယ့်ကိစ္စကြုံလို့ပါ"
"ဘယ်လောက်ပေးရမတုံး?"
"ဝယ်ရင်းစျေးအတိုင်းပဲ ပေးပါ"
ကျွန်တော် စဉ်းစားလိုက်မိသည်။
ရွှေညောင်တုန်းက ထိုင်ခုံရဖို့(မှောင်ခို
စျေးဖြင့်ပင်)ရအောင် လုပ်ကြည့်သေး
သည်၊ မရခဲ့။ ခုမှ ထိုင်ခုံက ဆိုက်ဆိုက်
မြိုက်မြိုက် ရလာခြင်းဖြစ်သည်။
"ဟုတ်သားပဲကွယ်၊ ဝယ်လိုက်ပါလား၊
သွားရမှာက အဝေးကြီးဥစ္စာ"
ဘေးမှ အဒေါ်ကြီးတစ်ယောက်ကလည်း
ဝယ်ဖို့ တိုက်တွန်းနေပြန်သည်။
"အေးကွာ ဝယ်ပါ့မယ်၊ မင်းထိုင်ခုံကို
ငါမဝယ်လဲ မင်း ဆင်းသွားရင်
ငါဝင်ထိုင်လို့ ရပေမယ့် ခရီးသွား
အချင်းချင်း ကူညီတဲ့အနေနဲ့
ငါဝယ်လိုက်ပါ့မယ်"
ကျွန်တော်သည် ပြောပြောဆိုဆို
သူ့ကို ရထားလက်မှတ်ဖိုး ထုတ်ပေး
လိုက်သည်။
"မင်းခုံက ဘယ်မှာတုံး"
"အဲ-သြော် ဟုတ်သားပဲ၊
အဲဒီ ရှေ့နားက နှစ်ခုံကျော်
အင်္ကျီညိုနဲ့အဘွားကြီးထိုင်နေတဲ့
နေရာပဲ"
ကျွန်တော်သည် ကျော်ကာလွှားကာဖြင့်
သူပြောသောနေရာသို့ ခဲရာခဲဆစ်
သွားလိုက်သည်။
"ဗျို့အမေကြီး၊ အဲဒါကျွန်တော့်နေရာ၊
ကျွန်တော်ဝယ်လိုက်ပြီ"
အဘွားကြီးက
မယုံသလို ကြည့်လိုက်သည်။
"ဟုတ်တယ် အမေကြီး၊ အဲဒီခုံ
ကျွန်တော် သူ့ကို ရောင်းလိုက်ပြီ"
လူငယ်ကလည်း လှမ်းပြောလိုက်ပါသည်၊
ဒါပေမယ့် အဘွားကြီးကတော့
တုတ်တုတ်မျှမလှုပ်။
"ဟုတ်သားပဲ အမေကြီး၊
ထပေးလိုက်လေ"
အဘွားကြီးနှင့်မျက်နှာချင်းဆိုင် ထိုင်ခုံမှ
အမျိုးသမီးတယောက်ကလည်း
ပြောလိုက်သည်။ အဘွားကြီးကတော့
ပေကတ်ကတ်လုပ်နေသည်၊ ဖယ်မပေး။
"ကဲ ကဲ- အမေကြီးလဲ ထိုင်ပါ၊
ကျွန်တော်လဲ ထိုင်မယ်၊ သုံးယောက်
ခပ်ကြပ်ကြပ် ထိုင်ကြတာပေါ့"
ကျွန်တော်သည် နေသားတကျထိုင်ပြီးမှ
စောစောက အသံရှင်အမျိုးသမီးထံ
မျက်စိဝေ့လိုက်ပါသည်။ အမျိုးသမီးမှာ
မုန့်ပဲ့လေးကို စားနေရင်း ကျွန်တော့်ကို
ကြည့်လျက် တွေ့ရသည်။ သူမသည်
ချက်ချင်း ပြုံးကာ ပြောလိုက်သည်-
"အစ်ကိုကြီး မုန့်စားပါဦးလား"
ကျွန်တော်ကလည်း ပြုံးတဲ့ပြီး-
"စား စား၊
ညီမလေးတို့က ဘယ်ကတုံး" ဟု
ပဋိသန္ဓာရစကား ပြောလိုက်ပါသည်။
အမျိုးသမီးမှာ ချက်ချင်းမဖြေပဲ
စဉ်းစားဟန်ပြုပြီးမှ ဖြေသည်။
"ဟိုပုံးကပါ"
"ဟိုပုံးက ဟုတ်လား"
"ဟုတ်ပါတယ်"
ဟိုပုံးဆိုသဖြင့် ကျွန်တော့်သူငယ်ချင်းကို
ပြေး၍ သတိရလိုက်ပါသည်။
"မြို့ပေါ်ကလား"
"အင်း…မြို့ပေါ်ကတော့ မဟုတ်ဘူး၊
မြို့နဲ့ဆယ့်ငါးမိုင်လောက်ဝေးတဲ့
(…...)ရွာကပါ"
အမျိုးသမီးမှာ သည်စကားကို
မပြောချင် ပြောချင်နှင့် ပြောလိုက်ဟန်
တူသည်။ ယခုမှပင် ကျွန်တော်လည်း
သူ့ကို သေသေချာချာ အကဲခတ်လိုက်မိ
ပါသည်၊ အသားဖြူဖြူ မျက်ခုံးမွေးထူထူ၊
အသားအရေက အနည်းငယ်ကြမ်းနေ
သည်ကို သနပ်ခါးတို့ဖြင့် ကျွမ်းကျင်စွာ
ဖုံးလွှမ်းထားသည့်အတွက် ချောမော
ပြေပြစ်လျက် မြို့သူယောင်ယောင်
ထင်ရသည်။ စကားပြောကျင်လည်ပြီး
ဖော်ရွေ ခင်မင်တတ်ပုံ ရသည်။
"ဒါဖြင့်- နင်ဟာ ရှမ်းပေါ့နော်"
"ရှမ်းမဟုတ်ဘူး၊ ပအိုဝ်း"
"သြော်…ပအိုဝ့်လား"
"ပအိုဝ့်မဟုတ်ဘူး၊ ပအိုဝ်း"
"ပအိုဝ့်နဲ့ပအိုဝ်း မတူဘူးလား"
"အတူတူတော့ အတူတူပါပဲ၊
ဒါပေမယ့် မြန်မာက
ပအိုဝ်းကို အောက်မြစ့်သံနဲ့
'ပအိုဝ့်'လို့ခေါ်တာကိုတော့ ကျွန်မတို့
မကြိုက်ဘူး"
"သြော်…ပအိုဝ်း ပအိုဝ်း"
ကျွန်တော်က ကြိုးကြိုးစားစား
'ပအိုဝ်း ပအိုဝ်း'ဟု ပြောလိုက်သည်ကို
သူမ-က ရယ်လျက် ကျေနပ်နေသည်။
ကျွန်တော့်စိတ်ထဲမှာတော့
တကယ့်ပအိုဝ်းမလေးနှင့် တွေ့ပြီဟု
အောက်မေ့မိသည်။
"နင်ဟာ ပအိုဝ်းသာဆိုတယ်၊
စကားပြောကျတော့
မြန်မာအတိုင်းပါပဲလား"
သူမမှာ သဘောကျသွားပုံရသည်။
ရီလဲ့လဲ့အပြုံးကလေးဖြင့် ပြောသည်-
"ကျွန်မ လေးတန်းအောင်တဲက
တောင်ကြီးရောက်နေတယ်ဆိုတော့
မြန်မာလိုဖြစ်မှာပေါ့"
"သြော်…ဒါကြောင့်ကိုး"
သူမမှာ ဟန်ပင် မလုပ်နိုင်၊
ခေါင်းကလေးမော့်၍ ရယ်မောရာမှ
မျက်ခွံကလေးလှန်ကာ
ချစ်စဖွယ်မျက်လုံးလေးဖြင့်
ကျွန်တော့်ကို ကြည့်နေသည်။
သည်အခိုက်-
နောက်နားမှ လက်ခုပ်သံပြင်းပြင်း
နှစ်ချက်သုံးချက် တဖြောင်းဖြောင်း
ကြားလိုက်သဖြင့် ရထားပေါ်ရှိ လူများ
အားလုံးလိုလို အသံလာရာသို့
မျက်လုံးများ ရောက်သွားကြသည်။
ကျွန်တော်ပင် အလန့်တကြား
နောက်သို့လှည့်ကြည့်လိုက်မိသည်။
လူတစ်ယောက်
ခုံလက်တန်းနှစ်ဖက်ပေါ်
ကားယားကြီး ခွရပ်လျက် လက်ထဲက
ဖြူဖြူကောက်ကောက်အချောင်းလေးကို
ကိုင်ကာ ဟိုဟိုသည်သည် ကြည့်ရင်း
ပြောသည်။
"ရထားပေါ် စီးနင်းလိုက်ပါလာကြတဲ့
ညီငယ် ညီမငယ်၊ အစ်ကို အစ်မ
ခရီးသည်အပေါင်းတို့ခင်ဗျား -
ကျွန်တော့်အသံပြဲကြီးနဲ့အော်လိုက်တဲ့
အတွက် အနှောင့်အယှက်များ ဖြစ်သွား
မယ်ဆိုရင် ကျွန်တော့်ကို ခွင့်လွှတ်ပါ၊
ကျွန်တော် တောင်းပန်ပါတယ်"
ဆေးကြော်ငြာသူဖြစ်၍ ကျွန်တော်တို့
နှစ်ယောက်သား အချင်းချင်းကြည့်ကာ
ပြုံးမိကြပါသည်။
'အရေးကောင်း ဒိန်းဒေါင်းဖျက်'ဆိုသလို
သူ့ကြော်ငြာသံကို နားမထောင်လိုပေ။
ပအိုဝ်းမလေးနှင့်သာ စကားပြောလိုပေ
သည်။ သို့သော်လည်း စကားပြောလို့က
မဖြစ်သေး၊ တစ်တွဲလုံးက သူ့အသံကို
နားထောင်နေကြသေးသည်။
သို့အတွက် ကျွန်တော်လည်း နောက်သို့
လှည့်ကာ နားထောင်လိုက်ရပြန်ပါသည်၊
ထိုသူက လက်ထဲကပစ္စည်းကို
မြှောက်ပြကာ ပြောလိုက်သည်-
"ဟောဒီမှာ ကြည့်ပါခင်ဗျာ-
ဆင်စွယ်နဲ့ထုထားတဲ့ မြွေလေးပဲလို့
ထင်ရင် မှားသွားလိမ့်မယ်၊ ဒါဟာ
မြန်မာပြည်တောင်ပိုင်း မြိတ်ကျွန်းစု
အပါအဝင် ပင်လယ်ထဲမှာ
သူ့သဘာဝအလျောက် ဖြစ်ပေါ်တဲ့
သဘာဝသယံဇာတ တစ်မျိုးဖြစ်ပြီး
'သန္တာကျောက်'လို့ ခေါ်ပါတယ်၊
ဒါတွေကို ဆလုံလူမျိုးတွေ ခဲရာခဲဆစ်
ရေငုပ်ပြီး ရှာယူပေးပါတယ်"
ခရီးသည်များသည် နားထောင်ကောင်း
သဖြင့် စိတ်ဝင်တစား နားထောင်နေကြ
ပါသည်။သူက ဆက်၍ပြောသည်-
"ဟေ့…မောင်ရင်-
'မင့်သန္တာကျောက် ဘာကောင်းသလဲ?'
လို့ မေးရင် ၊ ဟုတ်ကဲ့…
ကိုးဆယ့်ခြောက်ပါးသောရောဂါတော့
အကုန်မပျောက်ပါ ခင်ဗျာ၊
မျက်စိကျိန်းနေသလား,စပ်နေသလား,
တိမ်သလ္လာသမ်းနေသလား၊
အဲဒီသန္တာကျောက်
လက်တစ်ဆစ်လောက်ကို ယူ၊
လက်ဖက်ရည်ပန်းကန်ထဲမှာ ထည့်၊
ရေမြုပ်အောင် ထည့်၊ ငါးမိနစ်လောက်
စိမ်ထား၊ ပြီးပြီလားဆိုရင် ဟော့ဒီလို
ခေါင်းကလေးကို မော့လိုက်၊
သန္တာစိမ်ရေကို ဟောဒီလို
နှစ်စက်သုံးစက်လောက် ချလိုက်၊
ဟော-- မြင်လား၊ ဖွင့်ချည် ပိတ်ချည်
သုံးလေးခါ လုပ်လိုက်၊ ပူခြင်း စပ်ခြင်း
အလျဉ်းမရှိဘဲနဲ့ မျက်စိကျိန်းတယ်
စပ်တယ်,တိမ်စွဲတယ်ဆိုရင် မျက်ချေး
လှည်းတစ်စီးတိုက်လောက် ထွက်လာ
ပါလိမ့်မယ်"
လူတွေက ဝိုင်းရယ်ကြသည်။ လက်ဟန်
ခြေဟန်နှင့် မျက်စဉ်းခပ်ပြနေပုံမှာလည်း
သရုပ်ပါလှသည်။ သူ့သန္တာကျောက်
အညွှန်းကို ပြောပြပြီးသည့်နောက်
တွဲထဲလျှောက်ပြီး လည်ရောင်းသည်။
ဝယ်တဲ့သူလည်း ဝယ်ကြသည်။
ပအိုဝ်းမလေးကတော့-
"အလကားပါ၊ ဟုတ်လဲမဟုတ်ဘဲနဲ့"ဟု
ဝေဖန်လိုက်သည်။
ထိုသူ စျေးရောင်းနေတုန်းမှာ
ဟဲဟိုးဘူတာသို့ ရထားဝင်လာသဖြင့်
ကျွန်တော်နှင့် ပအိုဝ်းသူ
စကား ဆက်မပြောဖြစ်တော့ဘဲ
ခရီးသည်အတက်အဆင်းကို
ကြည့်ပြီး ငြိမ်နေကြရသည်။
ဟဲဟိုးမှာ ရထား ခပ်ကြာကြာရပ်ပြီး
ဆက်ထွက်မှ ကျွန်တော်က စကား
ပြန်စလိုက်သည်။
"နေပါဦး ..
ခုနစကား ပြန်ဆက်ရဦးမယ်၊
နင် အခု ရွာမှာ နေတယ်ပေါ့"
"ဟုတ်ကဲ့၊ ခု ရွာမှာနေပါတယ်"
"ဘာလို့တောင်ကြီးဆက်မနေတုံး"
"ဆယ်တန်းအောင်ပြီးပြီပဲဟာ"
"သြော်…တယ်ဟုတ်ပါလား၊
ဒါဖြင့် ဘာလို့
ကျောင်းဆက်မနေတုံး"
"နေပါတယ်၊
အဝေးသင် တက်နေပါတယ်"
"ဟေ-ဟုတ်လား၊
ဘယ်နှနှစ်ရှိပြီတုံး"
"တတိယနှစ် ဖြေနေပါတယ်"
"သြော်…သြော်…
ကြိုးစားကြိုးစား၊ နင့်ရုပ်ရည်,
ပြောဆိုဆက်ဆံပုံနဲ့ဆိုရင်
နင် ကြီးပွားဦးမှာပါ"
ကျွန်တော်သည် လူကြီးလေသံဖြင့်
အဟုတ်လိုလို မြှောက်သလိုလို
ပြောလိုက်သဖြင့် ပအိုဝ်းမလေးခမျာ
ရှက်ကိုးရှက်ကန်းဖြစ်သွားသည်။
ကျွန်တော်ကပဲ စကားဆက်လိုက်သည်-
"အလုပ်ရော မလုပ်သေးဘူးလား"
"စိတ်ကြိုက်အလုပ် မတွေ့သေးလို့
မလုပ်သေးဘူး"
"နင်က ဘာအလုပ် လုပ်ချင်တုံး"
"ကျောင်းဆရာမ လုပ်ချင်တယ်"
"ဟိုပုံးမှာ ကျောင်းဆရာမအလုပ်
မလွယ်ဘူးလား"
"လွယ်တော့ လွယ်ပါတယ်၊
ဒါပေမယ့် ရွာမှာပဲရလို့ ကျွန်မ
မလုပ်သေးတာပါ"
"နင် မြို့မှာပဲ လုပ်ချင်တယ်ပေါ့"
"ဟုတ်တယ်"
"ရမှာတဲ့လား"
"ရမှာပါ၊ ဒါပေမယ့်
ဘယ်နှနှစ်စောင့်ရမယ်တော့ မသိဘူး"
ပအိုဝ်းသူလေးသည်
စိတ်အားလျော့သံဖြင့် ညည်းတွားကာ
ပြောရှာလေသည်။
"အမလေး မောင်ရင်ရယ်၊
လဲ့လဲ့က ရွာမှာမလုပ်ချင်ဘူးဆိုလို့
အလုပ်မရတာ၊ လုပ်မယ်ဆိုရင် ခုနေ
၂-နှစ်လောက်တောင် ရှိနေပြီ"
သူနှင့်အတူပါလာသော အဒေါ်ကြီးမှာ
ယခုမှပင် အသက်ဝင်လာသည့်အလား
မဲ့ကာ ရွဲ့ကာ ပြောလိုက်လေသည်။
"သြော်…နာမည်က လဲ့လဲ့တဲ့လား၊
ဟုတ်ပါ့၊ ငါလဲ နာမည်တောင်
မမေးမိဘူး"
"ဟုတ်ပါတယ်၊
'နန်းလဲ့လဲ့'လို့ ခေါ်ပါတယ်"
"နေပါဦး၊ နင်နဲ့အဒေါ်က
ဘာတော်တုံး"
"အမေ့ရဲ့အစ်မ၊ အဒေါ်ကြီးလေ"
"ဒါဖြင့် အဒေါ်က လဲ့လဲ့ကို
'ရွာမှာပဲ ကျောင်းဆရာမ- လုပ်ဖို့'
မပြောဘူးလား"
"အမလေး မောင်ရင်ရယ်
ပြောသမှ ပြော၊ လဲ့လဲ့က
နည်းနည်းမှ စိတ်မဝင်စားဘူး၊
သူက မြို့စိတ်ပေါက်နေတာ"
"မြို့စိတ်ပေါက်တာ
ဟုတ်မယ်မထင်ဘူး အဒေါ် ၊
မြို့မှာ ရှိရစ်လို့နေမှာပါ"
ကျွန်တော်က ပြုံးပြုံးလေးနှင့်
နောက်လိုက်တော့ လဲ့လဲ့မှာ
ရှက်စနိုးပြုံးကာ ပြန်ပြောသည်-
"ဟာ--အစ်ကိုကြီးကလဲ
ဟုတ်လဲဟုတ်ဘဲနဲ့"
ကျွန်တော်တို့နှစ်ယောက်စလုံး
စကားမပြောတော့ဘဲ အတန်ကြာ
တိတ်ဆိတ်သွားသည်။ တအောင့်ကြာမှ
ရထားကြီး အောင်ပန်းဘူတာသို့
ဆိုက်ရောက်လာပါသည်။
"ထင်းရှူးဆီ ရမယ်၊
ထင်းရှူးဆီ ရမယ်"
"ပန်း ရမယ်၊
သစ္စာပန်း၊ ကျိုင်းတုံပန်း ရမယ်"
"အာလူးကြော်၊ အမဲခြောက်ကြော်၊
ဘဲဥပြုတ် ကြက်ဥပြုတ် ရမယ်"
အောင်ပန်းဘူတာသို့ဝင်လာသည်နှင့်
တစ်ပြိုင်နက် စျေးသည်အသံတွေက
ဆူညံသွားပါသည်။
လဲ့လဲ့က အာလူးကြော်သည်ကို
လှမ်းခေါ်လိုက်သည်။
"အစ္ကို
အာလူးကြော် စားရအောင်နော်၊
ဒီက အာလူးကြော်က
သိပ်စားကောင်းတယ် အစ်ကိုရ"
ကျွန်တော် ခေါင်းညိတ်ပြလိုက်သည်။
ပြီးမှ ၁၀၀၀-တန်တစ်ရွက်ကိုလည်း
အကြော်သည်လေးကို လှမ်းပေးလိုက်
သည်။
"ဟာ- အစ်ကိုကလဲ နေပါစေ၊
လဲ့လဲ့ပေးမှာပေါ့"
"ကိစ္စမရှိဘူး လဲ့လဲ့၊
အစ်ကိုပဲ ကျွေးပါရစေ"
ပြတင်းပေါက်အောက်က
အကြော်သည်လေးမှာ
လက်လှမ်းနေပြီဖြစ်သည်။
"ဟေ့-ဟေ့၊ မယူနဲ့"
ပြောပြောဆိုဆို လဲ့လဲ့က
ကျွန်တော့်လက်ကြီးကို
အပေါ် ဆွဲ မ,တင်လိုက်သည်။
ကျွန်တော့်လက်ကိုဆွဲဖို့
အားပြုထားသည့်အတွက်
သူ့မျက်နှာ ကျွန်တော့်အနားသို့
နီးကပ်စွာ ရောက်နေသည်ကို
ကျွန်တော်မသိ။ သူ့ကို ပြန်ပြောဖို့
သူ့ဘက်သို့ ဖျတ်ခနဲအလှည့်မှာ
သူ့မျက်နှာကို ကျွန်တော့်နှာခေါင်းနှင့်
အနည်းငယ် ထိသွားသည်။ ကျွန်တော်
လွန်စွာအားနာသွားမိသည်။ သို့အတွက်
မပြောသာဘဲ သူဆွဲသလို ကျွန်တော့်
လက်ကလည်း လိုက်ပါလာသည်။
ကျွန်တော် သူ့ကို
နောက်တစ်ခါ ပြန်ကြည့်လိုက်တော့
ဘာမျှမဖြစ်သလိုဖြင့် အကြော်ဖိုး ပေး
နေသည်ကို တွေ့ရမှ ကျွန်တော်
စိတ်သက်သာရာရပြီး သက်ပြင်းတချက်
မသိမသာ ထိန်း၍ချလိုက်ရပါသည်။
"ရော့..အစ်ကိုရေ့ စား၊
ရွရွကလေးရယ်"
လဲ့လဲ့သည် အာလူးကြော်ကို
သူ့ဖို့တစ်ထုပ်၊ သူ့အဒေါ်ဖို့တစ်ထုပ်
ယူထားပြီး ကျွန်တော့်ကို တစ်ထုပ်
ပေးလိုက်သည်။ ကျွန်တော်သည်
ပြုံးရွှင်ကျေနပ်နေသော သူ့မျက်နှာကို
ကြည့်ပြီး စိတ်ထဲမှာ ကြည်နူးနေမိသည်။
စကားကလည်းတတ်၊ ခင်မင်ဖော်ရွေမှု
လည်းရှိသော ပအိုဝ်းသူလေး လဲ့လဲ့ကို
ပအိုဝ်းမလေးလို့ မမြင်မိဘဲ
မြန်မာအမျိုးသမီးတစ်ယောက်လိုဘဲ
မှတ်ထင်နေမိပါသည်။ ခင်မင်နေမိ၊
သံယောဇဉ်ဖြစ်နေမိပါသည်။
ကျွန်တော်သည် သူပေးသော
အာလူးကြော်ထုပ်ကို ဖောက်ပြီး
စားကြည့်လိုက်ပါသည်။ စားလို့
ကောင်းပါသည်။ အာလူးကို
ပါးပါးလှီးပြီး နေလှမ်း အကြွပ်ကြော်
ထားခြင်းဖြစ်သည်။
အောင်ပန်းကနေ ရထားဆက်ထွက်သည့်
အခါ လဲ့လဲ့က အာလူးကြော်စားရင်း
ကျွန်တော့်ကို မေးလိုက်သည်-
"ဒါနဲ့..အစ်ကိုက ဘယ်မြိ့ုကလဲ၊
လဲ့လဲ့လဲ နေနိုင်လိုက်တာ
ခုမှ အမှတ်ရတယ်"
"အင်း…ဇာတိကတော့
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊
မင်းတန်းရွာကပါ၊ အခုတော့
ပခုက္ကူမှာနေတယ်"
"ပခုက္ကူမှာ အိမ်ထောင်ကျတယ်ပေါ့၊
ဟုတ်လား"
"ဟာ… မဟုတ်ပါဘူး၊
အိမ်ထောင် မကျသေးပါဘူး၊
ရှာတုန်း ရှာဆဲပါ ဟဲ - ဟဲ၊
မြို့မှာ အလုပ်အကိုင်လဲ အဆင်ပြေ၊
ရွာမှာလည်း သားအမိနှစ်ယောက်ထဲ
ရှိတာမို့ မြို့ကိုပြောင်းလိုက်တာပါ"
"သြော်… သြော်.."
"လဲ့လဲ့လဲ အဆင်ပြေတဲ့အခါ
အစ်ကိုတို့ဆီ အလည်လာခဲ့ပါဦး"
"ဟုတ်ကဲ့ အစ်ကို၊ အဆင်ပြေတဲ့အခါ
လာလည်ပါ့မယ်"
"ဒါနဲ့၊ အခု လဲ့လဲ့တို့ ဘယ်သွားမှာတုံး"
"ရန်ကုန်မှာ ကျောင်းနေတဲ့ မောင်ငယ်
တစ်ယောက် နေမကောင်းလို့၊
ရန်ကုန်ကို သွားတာပါ"
"သြော်… လဲ့လဲ့ အဖေမရှိဘူးလား"
"မရှိဘူး အစ်ကို၊
အဖေဆုံးသွားတာ ကြာပြီ၊
အမေလည်း မြန်မာစကားမတတ်လို့
လဲ့လဲ့နဲ့အဒေါ်ပဲ သွားရတာပါ"
"လဲ့လဲ့ ရန်ကုန်ရောက်ဖူးသလား"
ကျွန်တော် တာဝန်ရှိသည့်လူကြီးပမာ
စိုးရိမ်သည့်လေသံဖြင့် မေးလိုက်သည်။
"ရောက်ဖူးတယ်၊
နှစ်ခေါက်တောင် ရောက်ဖူးတယ်"
"သြော်…သြော်၊ ဒါဆို ကိစ္စမရှိဘူး၊
ရန်ကုန်မှာ လူလိမ်လူကောက်တွေ
ပေါလို့၊ မရောက်ဖူးရင် သတိပေးဖို့
မေးတာပါ၊
ဘယ်လိုမှ မအောက်မေ့နဲ့နော်"
"မအောက်မေ့ပါဘူး၊
ကျေးဇူးတောင် တင်ပါတယ်"
"ဝမ်းသာပါတယ် လဲ့လဲ့၊ ဒါပေမယ့်
သတိဆိုတာ ပိုတယ်မရှိပါဘူး၊
သတိနဲ့သွားပေါ့"
"ဟုတ္ကဲ့ အစ္ကို၊ ဒါနဲ ့…အစ္ကိုတို့ဆီ
လာလည်ရင် ဘယ်လိုလာရမလဲ"
လဲ့လဲ့သည် အဟုတ်လာလည်မည့်ပုံဖြင့်
မေးသည်။ သူ့အဒေါ်ကတော့
ဇက်ကြီးခွေလို့အိပ်ပျော်နေရှာသည်။
"အခုတော့- ပခုက္ကူဧရာဝတီမြစ်ကူး
တံတားကြီးလည်း ရှိနေပြီဆိုတော့
တောင်ကြီး-ပခုက္ကူ ဒါရိုက်ကားတွေ
ပြေးဆွဲနေပြီလေ၊ လဲ့လဲ့သာ
လာဖြစ်အောင် ကြိုးစားပါ"
"ဟုတ်ကဲ့ ကြိုးစားပါ့မယ်"
"အစ်ကိုလည်း လဲ့လဲ့တို့ဆီကို
အလယ်လာနိုင်ပါတယ်"
"အမလေး၊ မလာရဲပေါင်ဗျာ"
"ဘာပြုလို့??"
"နင်တို့ဆီမှာ သူပုန်ပေါတယ်ဆိုလို့"
"မရှိပါဘူးအစ်ကိုရာ…အခုဆို
ငြိမ်းချမ်းရေးစာချုပ်လက်မှတ်တွေ
ထိုးလို့, ၂၀၀၈ အခြေခံဥပဒေအရ
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတောင်
ဖြစ်နေပါပြီ၊ အစ်ကို မလာချင်လည်း
မလာချင်ဘူးလို့ တဲ့တဲ့ပြောစမ်းပါ၊
သူပုန်တွေဘာတွေ အကြောင်းပြ
မနေပါနဲ့"
ကျွန်တော်က
သူပုန်အကြောင်းပြောတော့ လဲ့လဲ့က
မခံချင်သည့်သဘောဖြင့်
အထက်ပါအတိုင်း ပြောလိုက်သည်။
"လာချင်ပါတယ် လဲ့လဲ့ရာ၊
အလကား နောက်တာပါ၊
ဟိုပုံးမှာ အစ်ကို့သူငယ်ချင်းတောင်
ရှိတယ်၊ ကာရန်သင့်ရင် လာခဲ့မယ်"
"အစ်ကို့သူငယ်ချင်းက ဘယ်ရွာကလဲ၊
မြိ့ုပေါ်ကပဲလား"
"မြို့ပေါ်တော့ မဟုတ်ဘူး၊ ရွာကပါ၊
ရွာနာမည်တော့ မမှတ်မိဘူး"
"သူ့နာမည်က ဘယ်လိုခေါ်သတဲ့လဲ"
"နာမည်လား၊
'ဦးကုဝေရ'လို့ခေါ်ပါတယ်"
"ဟင်- ဘုန်းကြီးကြီး၊ ဟီးးးဟီးးး"
"ဟောဗျာ...ဘုန်းကြီးရော
သူငယ်ချင်း မတော်ရဘူးလားဟ၊
တို့ငယ်ငယ်တုန်းက အတူတူနေ၊
အတူတူစား၊ အလွန်ချစ်ခင်တဲ့
သူငယ်ချင်းတွေပေါ့၊
သူကလဲ ပအိုဝ်းပဲ၊ စာပေဝါသနာ
ပါတယ်"
"ဟုတ်လား၊ ဒါဖြင့် အစ်ကိုက
ဘုန်းကြီးလူထွက်ပေါ့"
"မဟုတ်ဘူး၊ ဦးပဉ္ဇင်းလူထွက်ပါ"
"ဟာ--အစ်ကိုကလဲ နောက်ပြန်ပြီ"
လဲ့လဲ့သည် သဘောကျသွားသလားမသိ၊
ယခုလိုပြောပြီး ဟက်ဟက်ပက်ပက်
ရယ်လိုက်သည်၊ ပြီးမှ ဆက်မေးသည်-
"အကို ဘယ်တော့အလည်လာမှာလဲ၊
လဲ့လဲ့တို့ဝမ်းသာနိုင်အောင်
လာမယ့်အချိန်ကို တစ်ခါတည်း
ပြောလိုက်လေ"
"လဲ့လဲ့ အလုပ်ရတဲ့အချိန်လောက်ပေါ့"
အလုပ်နှင့်ပတ်သက်၍ ပြောလိုက်လျှင်
လဲ့လဲ့မျက်နှာလေး အိုသွားသည်။
အပိုင်းအခြားမရှိသော မျှော်လင့်ချက်ကို
ဘယ်လိုလုပ်ပြီး ရက်အတိအကျ
သတ်မှတ်လို့ ရနိုင်ပါ့မလဲလေ။
"ဒါနဲ့နေပါဦး၊ လဲ့လဲ့က ဘယ်လိုကြောင့်
ရွာမှာအလုပ်မလုပ်ချင်ရတာတုံး"
"ဟာ--အစ်ကိုကလဲ ရွာမှာဆို
ပျင်းစရာကောင်းပါတယ်၊
အောက်တန်းလည်း ကျတယ်၊
နောက်ပြီးတော့ ရွာမှာဆို အမေက
ပအိုဝ်းလိုဝတ်မှ ကြိုက်တာ၊
မြို့ဆိုရင် ဝတ်ချင်သလို ဝတ်၊
စားချင်တာ ဝယ်စားရတယ်မို့လား"
မြန်မာဟန်နှင့် မြို့ဆန်ချင်နေသော
ပအိုဝ်းသူလေးလဲ့လဲ့ကို ကြည့်ပြီး
ကျွန်တော် သနားမိပါသည်။ လဲ့လဲ့မှာ
အသက်နှစ်ဆယ်ကျော်ပြီထင်ရပေမယ့်
ကလေးစိတ်ပါပဲလားဟု ကျွန်တော်တွေး
မိပါသည်။
"မဟုတ်သေးဘူး လဲ့လဲ့၊
အစ်ကိုတစ်ခုပြောမယ်၊
လေးလေးနက်နက်စဉ်းစားနော်"
"ဟုတ်ကဲ့အစ်ကို ပြောပါ၊
လဲ့လဲ့ နားထောင်နေတယ်"
ကျွန်တော်သည် ဖခင်၏လေသံ
ဟန်ပန်အမူရာဖြင့် ပြောလိုက်ရာ
လဲ့လဲ့မှာ ဆရာ့ရှေ့ရောက်နေသော
ကျောင်းသူလေးလို ခေါင်း အောက်ငုံ့ပြီး
ငြိမ်သက်စွာ နားထောင်နေရှာသည်။
"ကဲ- လဲ့လဲ့၊ မြို့မှာ
ဆရာမ-လုပ်ရသည်ပဲထားပါတော့၊
ကျောင်းဆရာလခ ဘယ်လောက်
ရမှာတုံး၊ မူလတန်းပြဆိုရင် အလွန်ဆုံး
၆၀၀၀၀/၇၀၀၀၀-လောက်ပေါ့၊
ကျောင်းဆရာအလုပ်ကို
အထင်သေးတာမဟုတ်ဘူးနော်၊
သဘောပြောပြတာပါ၊
လဲ့လဲ့ရဲ့စားစရိတ် အဝတ်အစားဖိုးနဲ့
အိမ်လခ နှုတ်လိုက်ရင်
စုမိဖို့နေနေသာသာ၊ တခြားအတွက်
လဲ့လဲ့ သုံးတောင်သုံးရမှာမဟုတ်ဘူး၊
နောက်ပြီးမြို့မှာဆို မူလတန်းပြဆရာကို
ဘယ်သူက အထင်ကြီး လေးစားမတုံး"
ကျွန်တော်သည်
သူစိတ်ပျက်သွားအောင် ပြောပြီး
အကဲခတ်လိုက်ပါသည်။ ခုချိန်ထိ
မလှုပ်မယှက် ငြိမ်သက်လျက်
နောက်စကားကို စောင့်ငံ့နေသည်။
"တောရွာမှာဆို
'ပညာတတ်'ဆိုတဲ့ဂုဏ်နဲ့ လူတွေက
အထင်ကြီး လေးစားကြမယ်၊
တစ်ရွာလုံးရဲ့ အားကိုးမှုကိုလည်း
ခံရမယ်၊ နောက်ပြီးတော့လည်း
ကိုယ့်ရွာက မောင်ငယ်ညီမငယ်လေး
တွေဖြစ်တဲ့ တိုင်းပြည်ရဲ့အညွန့်အဖူး
လေးတွေကို မြေတောင်မြှောက်ပေးဖို့
လဲ့လဲ့မှာ တာဝန်မရှိဘူးလား?"
"လဲ့လဲ့ အစ်ကိုပြောတာ
လက်ခံရဲ့လားဟင်"
"လက်ခံပါတယ်အစ်ကို"
"လဲ့လဲ့သာ ရွာမှာ
ဆရာမ-လုပ်ရင်တော့ တကယ့်ကို
အစ်ကိုလာလည်မှာ"
"လာလည်ပါအစ်ကို၊ ဒီကအပြန်
ရွာမှာ ဆရာလိုအပ်သေးရင် လဲ့လဲ့
ဝင်လုပ်ပါ့မယ်၊ အကိုအလာကိုလည်း
မျှော်နေပါ့မယ်"
"အဟုတ်လာလည်စေချင်ရင်
လိပ်စာနဲ့ဖုန်းနံပါတ် ပေးလိုက်ဦးလေ"
"သြော်…ဟုတ်သားပဲနော်၊
အစ်ကို့လိပ်စာနဲ့ ဖုန်းနံပါတ်လည်း
ပေးနော်"
ကျွန်တော်နှင့်လဲ့လဲ့
အချင်းချင်း လိပ်စာနှင့်ဖုန်းနံပါတ်ပေးပြီး
စကားပြတ်သွားသည်။
အတွေးကိုယ်စီဖြင့် လိုက်ပါလာခဲ့ရာ
မကြာခင်မှာ ကလောဘူတာသို့
ဆိုက်ရောက်လာပြန်ပါသည်။ ကလောပြီး
မြင်းတိုက်၊ ဆင်တောင်၊ ဒုတိယလွန်းထိုး
ပထမလွန်းထိုး၊ ယင်းမာပင်စသော
ဘူတာတွေကို ကျွန်တော်နှင့် လဲ့လဲ့
စကားပြောသည့်အခါ ပြော, အိပ်ပျော်
သည့်အခါ ပျော်ဖြင့် လိုက်ပါလာခဲ့ရာ
ညနေ နေဝင်ချိန်လောက်တွင် သာစည်
ဘူတာသို့ ဆိုက်ရောက်လာပါသည်။
သာစည်ရောက်ခါနီးတွင် လဲ့လဲ့နှင့် ခွဲခွါ
ရတော့မည်ကို သိသဖြင့် စိတ်ထဲမှာ
'ဟာ'သလိုလို ဖြစ်သွားသည်။
သည်အဖြစ်မျိုးဟာ မေတ္တာတရစ်ကို
တက်စေတတ်သည် မဟုတ်ပါလား။
"ကဲ- လဲ့လဲ့၊ အစ်ကိုသွားမယ်၊
ဖုန်းဆက်နော်"
"ဟုတ်ကဲ့ အစ်ကို၊
အစ်ကိုလဲ ဆက်ဦးနော်"
ကျွန်တော်နှင့် လဲ့လဲ့သည်
မေတ္တာငွေ့ပါသော မျက်စိဖြင့်
အချင်းချင်းကြည့်ပြီး ကျွန်တော်သည်
ရထားပေါ်မှ ဆင်းလိုက်ပါသည်။
လူကသာ ရထားနှင့်ဝေးရာသို့
တဖြည်ဖြည်း ထွက်သွားပေမယ့်
စိတ်ကတော့ ရထားပေါ်မှာ
လဲ့လဲ့နှင့် ပြောလျက် ဆိုလျက်
ရယ်မောလျက် ရှိပေသည်။
*******
ပခုက္ကူပြန်ရောက်ပြီးနောက်တွင်လည်း
ကျွန်တော်သည် လဲ့လဲ့နှင့်
ကြည်နူးဝမ်းသာစရာ စကားများဖြင့်
တစ်ခါတလေမှာ ဖုန်းပြောဖြစ်ပါသည်။
လဲ့လဲ့တို့ရွာမှာက ဖုန်းလိုင်းမမိသေး၍
ဟိုပုံး/တောင်ကြီးမြို့သို့
လဲ့လဲ့ရောက်သည့် အခါမျိုးမှသာ
ဖုန်းပြောရခြင်းဖြစ်ပါသည်။
သည်လိုနှင့်--
တစ်လ၊ နှစ်လ၊ သုံးလ။
တစ်နေ့ -
အလုပ်မှ အိမ်ပြန်အရောက်မှာ
အမေက မဲ့ကာ ရွဲ့ကာနှင့်
(ဒီနေ့မှ ကြံကြံဖန်ဖန်မေ့ကျန်ခဲ့သော)
ကျွန်တော့်လက်ကိုင်ဖုန်းကို
ဆီးပေးလိုက်သည်-
"ဘယ်လိုဟာတွေနဲ့တွေ့လာမှန်း
မသိဘူး၊ ရော့-ရော့ မင့်ဖုန်း"
အမေသည် ထုံးစံအတိုင်းဖြစ်ပါသည်။
မိန်းကလေး လိပ်စာ၊
မိန်းကလေးလက်ရေးနှင့် စာလာလျှင်၊
မိန်းကလေးဖုန်း လာလျှင်
မကြည်ဖြူပါ၊ မိန်းကလေးတွေနဲ့
အရောဝင်တာ, အသိမိတ်ဆွေဖွဲ့တာ
လုံးဝ မကြိုက်။
သားဖြစ်သူ ကျွန်တော်နဲ့တော့ ဝါသနာက
တခြားစီဖြစ်သည်။
"ဘယ်သူ့ကိုမှ သဘောမတူနိုင်ဘူး"ဆို၍
ခုချိန်ထိ ကျွန်တော် လူပျိုကြီးလုပ်နေရ
သည်။
(တောက်စ် !! ဒီနေ့မှ ဖုန်းက အိမ်မှာ
မေ့ကျန်ခဲ့လေခြင်း။)
ဖုန်းမျက်နှာပြင်ပေါ်မှ 'လဲ့လဲ့'ဟု
မှတ်သားထားသော မက်ဆေ့ခ်ျတစ်ခုကို
တွေ့လိုက်သည်နှင့် ကျွန်တော်သည်
ဣနြေ္ဒပင် မဆည်နိုင်ဘဲ အားရဝမ်းသာ
ဖွင့်ကြည့်လိုက်သည်။
အစ်ကိုရေ-
လဲ့လဲ့ အခါနှစ်ဆယ်လောက်
အစ်ကို့ကို ဖုန်းခေါ်တာ မကိုင်လို့
အခုလိုစာရေး ပြောထားလိုက်တာပါ၊
ရွာမှာက ဖုန်းလိုင်းမမိတော့ အခု
ဟိုပုံးမြို့ရောက်ခိုက် အစ်ကို့ဆီ
စာရေးပို့ရတာ။ လဲ့လဲ့ အစ်ကို့ကို
တအားသတိရတာပဲ အစ်ကိုရာ၊
ရွာကမေမေ့ကိုလည်း..
'မြန်မာကိုကိုနဲ့တွေ့ရတဲ့အကြောင်း၊
သဘောထားပြည့်ဝကြောင်း၊
ဆုံးမလိုက်တဲ့အကြောင်း'တွေ
ခဏခဏပြောဖြစ်တယ်၊ အမေကလဲ
'အလည်မခေါ်ခဲ့ဘူးလား'တဲ့၊
'ခေါ်တယ်၊ နောက်မှလာလည်မယ်တဲ့'
လို့ ပြောလိုက်တယ်။ အကိုကျတော့
လဲ့လဲ့ကို သတိမှ ရရဲ့လား ဟင်?
သြော်……အစ်ကို၊
အစ်ကိုဝမ်းသာအောင် ပြောရဦးမယ်၊
မနေ့က ရွာကို မြို့နယ်ပညာရေးမှူး
လာလို့ ကျောင်းကော်မတီတွေနဲ့
ဆွေးနွေးကြတယ်။ သူတို့က..
"ဆရာအခက်အခဲ တွေ့နေတယ်၊
အဲဒါ ဆရာအသစ် မရခင် ခေတ္တ
ဝင်လုပ်ပေးပါ"ပြောလို့ လဲ့လဲ့လည်း-
"ခေတ္တ မဟုတ်ဘူး၊ ထာဝရလုပ်မယ်"
ပြောလိုက်တော့ အားလုံး အံ့သြ
ဝမ်းသာကြတယ်။ လဲ့လဲ့ အခုလို
အမြင်မှန် ရတာဟာ အစ်ကို့ကြောင့်
ဆိုလည်း မမှားဘူးပေါ့၊
ဒါပေမယ့် သူတို့ကိုတော့ လဲ့လဲ့
အကြောင်းစုံ ပြောမပြပါဘူး။
ဒါကြောင့် အခု လဲ့လဲ့ အလုပ်ရပြီ၊
အစ်ကို လာလည်တော့ နော်။
ဖုန်းလည်း ဆက်ပါဦး။
အစ်ကို့ဓာတ်ပုံလည်း ပို့ပေးပါဦး၊
အမေ့ကို ပြချင်လို့။
အစ်ကို့ရဲ့ ပအိုဝ်းသူလေး
လဲ့လဲ့ - ဟိုပုံး
_______________
ကျွန်တော်သည် သမုဒယသံနှောသော
လဲ့လဲ့၏ မက်ဆေ့ခ်ျစာကို အကြိမ်ကြိမ်
ဖတ်ပြီး ပီတိမိုးတွေ သွန်းဖြိုးစွေခဲ့ရပါ
သည်။ ကျွန်တော့်အကြောင်းပြုပြီး
ပအိုဝ်းသူတစ်ယောက် အမြင်မှန်ရောက်
ခဲ့ပြီ မဟုတ်ပါလား။
လဲ့လဲ့ အမြင်မှန် ရသလို တစ်နိုင်ငံလုံးရှိ
တိုင်းရင်းသားအားလုံးလည်း အမြင်မှန်
ရကြပါစေလို့ ဆန္ဒပြုလိုက်ပါသည်။
___________________________
#ဝန်ခံချက်။ ။ 1986-ခုနှစ်၊
တက္ကသိုလ်များ၊မန္တလေး-မှ
ထုတ်ဝေသော "ပအိုဝ်းမဂ္ဂဇင်း"မှာ
ပါရှိသည့်, မူရင်းရေးသားသူ
"ရွှေမြောင်-မောင်ရင်အေး"၏ဝတ္ထုကို
[ 2012 ခုနှစ် ဝန်းကျင်ကို မှန်းဆ၍ ] ယင်းခေတ်နှင့်လျော်ညီအောင်
အနည်းငယ် ပြင်ဆင်ဖြည့်စွက်၍
ရေးသားတင်ပြအပ်ပါသည်။
#ရည်ရွယ်ချက်။ ။
* ၁၃၈၁ ခုနှစ် တပေါင်းလပြည့်နေ့မှာ
ကျရောက်သည့် (၇၁)နှစ်မြောက်
"ပအိုဝ်းအမျိုးသားနေ့"ကို
ဂုဏ်ပြုကြိုဆိုသောအားဖြင့်၎င်း,
* တိုင်းရင်းသား စည်းလုံးညီညွတ်
ရေးကို ရှေးရှုသောအားဖြင့်၎င်း-
ရေးသား တင်ပြအပ်ပါသည်။
#မှာကြားချက်။ ။
ဤဝတ္ထုဇာတ်လမ်းတွင်
စကားပြောဝါကျများ၌ ပါရှိသော
(နင်,ငါ,တုံး,သတုံး)စသည့် စကား
အသုံးအနှုန်းများသည်
'ရိုင်းစိုင်းခြင်းမဟုတ်ကြောင်း'နှင့်၊
မူရင်းစာရေးဆရာကလည်း
အညာဒေသ တောသားတို့ရဲ့
ပင်ကိုယ်ဓလေ့ စရိုက်သဘာဝ
အမွေအနှစ်ကို ထိန်းသိမ်းလိုသဖြင့်-
"သူ့သဘာဝမူရင်း အသုံးဖြင့်သာ"
သုံးစွဲတာကို နှစ်သက်သည်ဟု
ကြားသိရပါ၍ ,ယခုလည်း
အညာတောသားလေသံအတိုင်း
ရေးသားလိုက်ခြင်းဖြစ်ပါသည်။
[စာရေးဆရာက သူ့လေသံအတိုင်း
သုံးမှ ကြိုက်တာ-တဲ့]
ရင်ခတ်ပန်း=မွန်မွန်
Mon Mon , Ma Mon Mon,
Lin Lin Mon
27,2,2020,, 06:05 p.m.
ယခု ပြန်တင်ခြင်း>>
15,3,2022,, 01:45 a.m.
****************************
Photo= ပအိုဝ်းမလေးaccမှ
ကူးယူပါသည်။