နေ့လည်စာစားပြီး မီးကပျက်လို့ ပန်ကာဖွင့်မရတော့ ပူလောင်ပြီး နေစရာ မရှိဖြစ်နေတုန်း ကိုစိုးတယောက် ဆိုင်ကယ်နဲ့ ရောက်လာတယ်.....
"ငမျိုးရေ ဦးထုပ်ပါယူခဲ့ဟေ့ သွားစရာရှိတယ် တော်ကြာ မော်တော်ပီကယ်နဲ့တွေ့လို့ မရှိမဲ့ ရှိမဲ့ ပေးနေရအုံးမယ် ''
"ပူနေတာနဲ့ အတော်ပဲ ဘယ်သွားမလို့လဲ ဗျ ဆီစျေးကောင်းနေပါတယ် ဆိုမှ '
"ဆီစျေးက အရေးမကြီးဘူး ငါညီမ အပျိူကြီးရွာမှာ ပြဿနာတက်နေလို့ အခုလာပါ ဆိုလို့ သွားမလို့ကွ အဲဒါ မင်းကို အဖော်လာခေါ်တာ မင်းက နေရာတကာ ငံစပ်စပ်ကောင်ဆိုတော့ ပြောတတ်ဆိုတတ်တယ်မဟုတ်လား ''
"လုပ်ပြီ ခင်ဗျားကတော့ အကူညီတောင်းတာတောင် ငံစပ်စပ်တွေ ဘာတွေနဲ့ ဘုကလန့်တိုက်ပြောနေသေးတယ် ကဲ သွားကြစို့ ခင်ဗျားရွာက မြစ်ဘေးဆိုတော့ ဒီထက်စာရင် အေးမှာပါ ''
နှစ်ယောက်သား ကိုစိုးရွာရှိရာ ဧရာမြစ်ဘေးတလျှောက် လေတဖြူးဖြူးနဲ့ ဆိုင်ကယ်စီးသွားရင်း နာရီဝက်ကျော်လောက် မောင်းလိုက်တော့ ရောက်လာပါတယ် ။ သူတို့အိမ်ရောက်တော့...
"ဟော အကိုရောက်ပြီ ရွာက အုပ်ချုပ်ရေးမှူးရုံး သွားကြစို့ ''
(ကိုစိုးညီမ အပျိုကြီးမသန်းက ခရီးရောက်မဆိုက် ပြောလေရဲ့)
"နေပါအုံးဟ နင့်ပြဿနာက ဘာဖြစ်တာလဲ..?''
"ဘာဖြစ်ရမလဲတော့ ကျုပ်ဘာသာ မနေ့ညနေက ရွာဦးကျောင်းက ပြန်လာတာ သာလှဆိုတဲ့ကောင် ဟတ်ထိုး ဟတ်ထိုးနဲ့ ခါးလာဖက်လို့ ဆွမ်းဂျိုင့်နဲ့ မျက်ခွက်ပစ်ရိုက်လိုက်တာ ရုံးတိုင်ထားလို့ ''
"ဟ ဒီကောင် ကိုယ်ထိလက်ရောက် လာစော်ကားတာ ပြန်ရိုက်တော့ဘာဖြစ်လဲ အေးလာ ငါနဲ့တွေ့မယ် ရွာလူကြီးပါ ရိုက်ပစ်မယ်...''
"နေပါအုံး အစအဆုံးမေးပါအုံးကိုစိုးရ. ကဲ အမ သူက မူးရူးပြီး အမသန်းကို လာဖက်တာလား ''
"အဲလိုတော့ မဟုတ်ဖူး သူတို့ ဘောလီဘောရိုက်နေတာ စည်းအပြင်ကျမယ့်ဘောလုံး လိုက်ဆယ်ရင်း အရှိန်မထိမ်းနိုင်ပဲ ဘေးနားက လျှောက်လာတဲ့ငါ့ကို ခါးဖက်မိတာလေ ''
"သြော် အမသန်းရာ မတော်တဆ ဖြစ်တတ်တာပါပဲ သိရဲ့သားနဲ့ ဘာလို့ ဆွမ်းဂျိုင့်နဲ့ မျက်နှာပိတ်ရိုက်တာလည်း ဗျ မိန်းကလေးပဲ နဲနဲပါးပါး ဆဲဆို လိုက်ပြီးတာပဲ ''
"ဟဲ့ ရမလား ငါက ယင်ဖိုတောင် မသန်းဖူးတဲ့ အပျိုကြီးစစ်စစ်ဟဲ့ လုံးဝ သည်းမခံနိုင်ဘူး ''
ကိုင်း ဘာမဟုတ်တာနဲ့ ခြေမြန်လက်မြန် လက်ရဲဇတ်ရဲ ဒီလောက်လက်သံပြောင်မှတော့ ဒီမိန်းမကြီးကို ဘယ်သူက ကြိုက်ရဲမလဲ ဗျာ ။ ရုံးရောက်တော့ မနည်းတောင်းပန်ပြီး ဆေးဖိုးဝါးခ လျှော်ပြီး ကိစ္စဖြတ်ခဲ့ရသဗျာ ။
ကိုစိုးက တရွာလုံး သူ့အမျိုးချည်းမို့ ဟိုအိမ်ဝင် ဒီအိမ်ထွက် နှုတ်ဆက်ရင်း စကားပြောကြရတာပေါ့ ။ တအိမ်ကျတော့ ကိုစိုးကပြောတယ် ...
"ငမျိုးရေ ဒါ မင်းကို တခါပြောဖူးတဲ့ စကောစက အပျိုကြီး ငါ့တူမ မိဇူတို့ အိမ်ပဲ လေ့လာကြည့်အုံး ''
သူပြောနေတုန်း....
"ဟော ဦးစိုးလာပြီ အမေရေ လာ လာ ဦးစိုး မျှော်နေကြတာ ''
"အေးအေး နင့်အမေကော. "
"ရှိတယ် ငစိုးရေ နင့်တူမ လေပေါနဲ့ ခဏ ပြောအုံး ငါ ရေနွေးပွဲ ပြင်အုံးမယ် ''
"ဟုတ် အမ. ဟေ့ မိဇူ နင်တက်နေတဲ့ သင်တန်းတွေ ပြီးပြီလား''
"ကျန်သေးတယ် ဦးစိုး ဒီသင်တန်းက ××××××××××××××××××××××××××××××××''
"အေး အေး ''
နားထောင်ရင်း ခေါင်းမူးလာအောင် ပြောလိုက်တဲ့ သာလိကာမလေးဗျာ ။ တော်သေး သူ့အမေပြန်ထွက်လာချိန်မှ လေကြောပြတ်တော့တယ် ။ အမယ် အံကျပဲဗျ သူ့ဖုန်းက အဝင်ကော ဝင်လာတာနဲ့ ဦးစိုးခဏနော် ဆိုပြီး မလှမ်းမကမ်းနား သွားပြီး ဖုန်းပြောနေတယ် ။ ကိုစိုးအမနဲ့ ၁၅ မိနစ်လောက် စကားပြောပြီးချိန်ထိ ဖုန်းပြောနေတာ မပြီးသေးဘူး ။ ကိုစိုးက နာရီကြည့်ပြီး.....
"ကဲ အမ ပြန်တော့မယ် မိဇူလည်း ဖုန်းပြောနေတာ ကြာပြီ မပြီးသေးဘူး နှုတ်ဆက်သွားတယ် ပြောလိုက်တော့အမ ''
"အေး အေး ပြန်ပြန် နင့်တူမက ဖုန်းတခါပြော တနာရီပဲ အဲဒါ အမြန်ဆုံးပြောတဲ့ စံချိန်ဟဲ့ ''
"သြော် ဟုတ်လား အံ့သြဘ ဒါကြောင့် ဒင်း အခုထိမစွံတာ ''
ပြောနေတုန်း မိဇူဖုန်းပြောပြီး ပြန်ဝင်လာတော့ ကိုစိုးက..
"အမယ် ငါ့တူမကို နင့်အမေက ဖုန်ပြောရင် ဘယ်သူနဲ့ပြောပြော တနာရီ အနည်းဆုံးပဲ လေကြောရှည်တယ်လို့ အတင်းတုတ်နေတာ ဗျ အခုတော့ မိနစ် ၂၀ ပဲ ကြာပါလား ဟ ဘယ်သူနဲ့ ပြောလို့လဲ ''
"ဘယ်သူမှန်း မသိဘူး ဦးစိုး ဖုန်းမှားဝင်လာလို့.''
အမလေးဗျာ ရီချင်စိတ်ကို အောင့်ထားရတာ ဗိုက်တောင်နာလာတယ် ။ ဒီလောက်လေပေါမှတော့ ဘယ်သူက ရေရှည် ကြိုက်ရဲမလဲဗျာ နားလေးနေရင်တော့ မပြောတတ်ဖူး ။
နောက်တအိမ်ရောက်တော့ သူ့ညီမဝမ်းကွဲ အပျိုကြီး မနွယ်..
"ဟယ် ကိုစိုးရာ ဘယ်လို ဝတ်လာတာလဲ အရောင်က စပ်ဖြဲဖြဲနဲ့ ဦးထုပ်ကလည်း မလိုက်ပါဘူး ၊ ကြည့်အုံး မျက်မှန်ကြီးဒီဇိုင်းကြီးက.××××××××××''
၁၅ မိနစ်လောက် ဇီဇာကြောင် ဝေဖန်သုံးသပ်ခြင်းကို နာခံပြီးမှ နောက်တနေရာ လာကြရတယ် ။ ဒီတခါ အပျိုကြီးမစိုးတဲ့....
"ဟဲ့ ငစိုး မလာတာ ကြာပြီပဲ ထိုင်အုံး ဟဲ့ မိတာ မုန့်နဲ့ရေနွေးယူခဲ့ တလက်စထဲ ဗူးရွက်ဟင်းချို နဲနဲထည့်ခဲ့စမ်း ငါ မြည်းကြည့်အုံးမယ် ''
ကောင်မလေးယူလာတဲ့ ရေနွေး ငှဲ့ကြည့်ရင်း အပျိုကြီးက......
" ဟဲ့ မိတာ လက်ဖက်ခြောက်တွေ အများကြီးခပ်ရသလား ဟဲ နှမျှောစရာ ငါဆို နှစ်ခါခပ်လောက် ရှိတယ် ဂရုစိုက်စမ်း နေရာတကာ ပြောနေရတယ် ''
ကြားရတာ ရေနွေးတောင် သောက်ဖို့ လက်တွန့်တဲ့အထဲ မိတာ ယူလာတဲ့ ဗူးရွက်ဟင်းချို သောက်ကြည့်ပြီး ကောင်မလေးကို ဒေါက်ကနဲ ခေါင်းခေါက်ပြီး..
"ကိုင်း ငံနေပြီ ဆားလျှော့ထည့် လိုရင် နောက်မှ ထည့်လို့ ပြောထားတာ အခု ငံကုန်ပြီ ဟဲ့ ''
"အမ ငံ နေရင် ဟင်းချိုပဲ ရေထပ်ထည့်ရင်ထည့် မထည့်ချင်ရင် မီးသွေးခဲလေး ထည့်လိုက် ပေါ့သွားလိမ့်မယ် ''
"အမလေး ကိုမျိုးရယ် ဒီနည်းတွေ နောကျေနေပေါ့ သိပါ့ အခုဟာက မကုန်သင့်ပဲ ပိုကုန်သွားတဲ့ ဆား ပြန်မရလို့ နှမျှောသာဟဲ့ ''
ကိုင်း မြန်မြန်ပြန်မှ ဆိုတဲ့ သဘောနဲ့ ကိုစိုးကို မေးငေါ့ အချက်ပြတော့ နှုတ်ဆက်ပြီး ချက်ခြင်း လစ်ခဲ့ရပါရောလား ။ နောက်တအိမ်ကလည်း သူ့ညီမဝမ်းကွဲ ရွာသူဌေး အပျိုကြီးပဲ မဖြူတဲ့ ....
"သြော် ကိုစိုး လာ လာ ဘယ်နှယ့် အခု ဘာစီးပွားရေး လုပ်နေတုန်း ''
"လောလောဆယ် ရပ်ထားတယ် ငါ့ညီမရေ ''
"အို ဘယ်နဲ့ ကြံဖန်လုပ်မှပေါ့ ကျမလို မိန်းမသားတောင် စီးပွားရှာနိုင်သေးတာပဲ အဲဒါတွေကြောင့် တော်ရုံယောကျာ်းတွေကို အထင်ကို မကြီးတာ ×××××××××××''
အမလေးဗျာ ယောကျာ်းမကောင်းကြောင်းတရား ၊ မိန်းမ လူစွမ်းကောင်းတရား နာရီဝက်လောက် နားထောင်ပြီးမှ မနည်း ပြန်ခဲ့ကြရတယ် ။ ကဲ နောက်တအိမ် သူ့တူမ အပျိုကြီး မိုးခိုင်တဲ့...
"ဟယ် ဦးစိုး လာ လာ အိမ်ပေါ် ''
အိမ်ပေါ်ရောက်တော့ ထိုင်နေတုန်း ကြမ်းခင်းက ညွှတ်ကနဲ ဖြစ်သွားတယ် ။ ငလျှင်လှုပ်တယ် မှတ်နေတာ ဘယ်ဟုတ်မလဲ ကိုစိုးတူမ ရေနွေးလင်ဗန်းယူလာပြီး လမ်းလျှောက်လာတာကိုး ။ ပုံစံက ကြည့်အုံး ကြူကြူသင်း အင်တာဗွီစီ တပေပါလောက် နေ့စဥ်သောက်ထားတဲ့ ပုံကြီးဗျာ.....
"ငါ့တူမလည်း ဝနေလိုက်တာ ဝိတ်လျှော့အုံး ဟ ယူမယ့်သူမရှိပဲ နေအုံးမယ် ''
"အမလေး ဦးလေးစိုးရယ် မယူချင်လို့ပါ ပေါလွန်းလို့ ခါချနေရတာ အခုဟာက ကိုဗစ်ကာလ ဘယ်မှ မသွားရတာ ကြာသွားလို့ပါ နောက်ပြီး ကျမတို့ အမျိုးတွေက အပျိုကြီး မျိုးရိုးမို့ပါနော် ခုယူ ခုရပါ့ ''
ဘုရား ဘုရား လေကတော့ တစက်မှ မလျှော့ဘူးဗျ ။ အင်း ဘယ်လိုကောင်များ အကုသိုလ်ဖိစီးပြီး ယူမိမလဲ မသိဘူး ။ ပြောတော့မရဘူး ဗျ ဆိုးဆိုးထမင်းဆိုင်လည်း ဆာဆာလူနဲ့ တွေ့ တတ်တာကိုး ဗျ ။
ရွာလယ်က သူ့တူမ အပျိုကြီးစိုး အိမ်ရောက်တော့ ကိုစိုးက မြို့လာမယ် ကတိပေးပြီး မလာလို့ ငေါက်တော့ ဟိုအကြောင်းပြ ဒီအကြောင်းပြ ဆင်ခြေပေးပါရောလား ။ ဒီတော့ ကိုစိုးက...
"နင် အဲလို ကတိမတည်လို့ ကြိုက်မယ့်သူ မရှိတာ နေမယ် ''
"အမလေး ယူချင် ပေါလွန်းလို့ တယောက်မှ ကိုယ်နဲ့ မတန်လို့ကို မယူတာ ဦးလေးစိုးရေ ''
ကဲကြည့် လေကြီးချက်က မတူမတန်လို့တဲ့ နေတော့ ရွာဇနပုဒ် မှာဗျာ အံ့သြပါ့ ။ အဲဒီက ပြန်ထွက်လာတော့ သူ့ညီမဝမ်းကွဲ အပျိုကြီး မဇာတဲ့ ။ ရောက်ကတည်း ရှပ်ပျာရှပ်ပျာနဲ့ ရေနွေးဗန်းမှောက်ကျလို့ မနည်းရှောင်ရတယ် ။ ဖရဲသီးခွဲသတဲ့ လက်ဒါးရှပြန်ရော ။ လဖက်သုတ်ပုဂံက လူမစားလိုက်ရဘူး မှောက်ရက်လဲပြီး မြေကြီးစားသွားတယ် ။ ကိုစိုးက ငေါက်တယ် နင်ကလည်း ငယ်ငယ်ကအတိုင်းပဲ ရှပ်ပျာရှပ်ပျာနဲ့ဟာ အဲဒါကြောင့် ယူမယ့်သူမရှိတာ ဆိုတော့....
"အံမယ် အထင်သေးလို့ ခါချနေရတာနော် ဒီက မိဖုရားမလုပ်ပဲ ဘုရင်မ လုပ်ချင်လို့ မယူတာ သိလား ''
ကိုင်းလေကတော့ တစက်မှ မလျှော့ဘူး ဗျာ ။ တော်သေးတယ် ရွာအစွန်က သူ့အမျိုးတွေ မြို့သွားလို့ ဒီလောက်နဲ့ ပြန်ခဲ့ကြရတယ် ။
အိမ်ပြန်ရောက်တော့ ညနေစောင်းနေပါပြီ ။ ကိုစိုးကို ကျေးဇူးတင်တယ် လို့ ကျနော်က ပြောတော့....
"ဟ ငါက မင်းအဖော်လိုက်ပေးလို့ ကျေးဇူးတင်ရမှာလေ ''
"မဟုတ်ဖူး ဗျ ကျနော်သိချင်နေတဲ့ အဖြေ အတော်များများ ဒီနေ့မှ သိခဲ့ရလို့ ခင်ဗျားကို ကျေးဇူးတင်တာ ''
"ဘာသိခဲ့ရလို့လဲ ဟ ''
"သြော် fri တွေထဲက အပျိုကြီးတွေ ဘာလို့ ဒီလောက်များနေရသလဲ သီးစစ်လုပ်နေတာ အခု ခင်ဗျား အမျိုး အပျိုကြီး တအုပ်စုလုံး တွေ့လိုက်ရမှ အဖြေရခဲ့လို့ ဗျ ''
"လုပ်ပြီ မင်းကတော့ ပြဿနာ မီးထွန်း ရှာပြန်ပြီ အစိုးရအဆက်ဆက် ကလိနေရတာ အားမရလို့ အပျိုကြီးတွေဖက် လှည့်လာပြန်ပြီ ငါ့တော့ ဆွဲမထည့်နဲ့ နော် ကဲ ပြန်ပြီဟေ့ ''
ကိုရွှေမျိုးဝင်း
။ ။ အပျိုကြီးတွေ ရန်မလုပ်နဲ့နော် ယူတတ်ရင် ရှောင်ရန် ဆောင်ရန် ပညာရတယ် ဗျ 😁😁