Monday, March 14, 2022

မာ့ခ်ဇူကာဘက်ဂျ့်ရဲ့ Meta ကုမ္ပဏီကို အစွန်းရောက်အဖွဲ့အစည်းအဖြစ်သတ်မှတ်ပေးဖို့ ရုရှားအစိုးရရှေ့နေချုပ်ရုံးတောင်းဆို


ရုရှားအစိုးရရှေ့နေချုပ်ရုံးက Facebook နဲ့ အင်စတာဂရမ်တို့ကို ပိုင်ဆိုင်တဲ့ Meta ကုမ္ပဏီကို အစွန်းရောက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ပေးဖို့အတွက် တောင်းဆိုလိုက်ကြောင်း သိရပါတယ်။ ဒါဟာ ရုရှားပြည်တွင်းမှာ Facebook နဲ့ အင်စတာဂရမ်ကို 
အသုံးပြုခွင့်ပိတ်ပင်ပြီးနောက် ထွက်ပေါ်လာခဲ့တာလည်းဖြစ်ပါတယ်။ 

ရုရှားဟာ Meta ကုမ္ပဏီလက်အောက်က WhatsApp၊ Messenger တို့ကိုလည်း ပိတ်ပင်ထားခဲ့ပြီးဖြစ်ပါတယ်။ ဒီနေ့မှာပဲ Facebook က သူတို့ရဲ့ပလက်ဖောင်းပေါ်မှာ ရုရှားက ယူကရိန်းကို တိုက်ခိုက်တဲ့အပေါ်မှာ ကျူးကျော်မှုဆိုတဲ့ အသုံးအနှုန်းကို သုံးစွဲခွင့်
ပေးခဲ့ပါတယ်။ ကုမ္ပဏီက သူတို့ရဲ့ မူဝါဒကို ယာယီအားဖြင့် ပြောင်းလဲခဲ့တာဖြစ်တယ်လို့ Meta ဘက်က ထုတ်ပြန်ချက်မှာ ရေးသားခဲ့ပါတယ်။ 

ရုရှားပြည်သူတွေအပေါ် ဆန့်ကျင်ရေးသားမှုတွေကိုတော့ တားမြစ်ထားမှာဖြစ်ပြီး ရုရှားအစိုးရရဲ့လုပ်ရပ်အပေါ် ဆန့်ကျင်ကန့်ကွက်ပြောဆိုမှုတွေကို ခွင့်ပြုပေးမှာဖြစ်ပါတယ်။ ဒီကြေညာချက်ထွက်ပေါ်လာပြီး မရှေးမနှောင်းမှာပဲ ရုရှားရှေ့နေချုပ်ရုံးက Meta ကုမ္ပဏီကို အစွန်းရောက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ပေးဖို့ တောင်းဆိုခဲ့တာလည်းဖြစ်ပါတယ်။ 

ဝါရှင်တန်မှာရှိတဲ့ ရုရှားသံရုံးကလည်း အမေရိကန်အနေနဲ့ Meta ပလက်ဖောင်းတွေက အစွန်းရောက်လှုပ်ရှားမှုတွေပြုလုပ်နေတာကို ရပ်တန့်ပေးပြီး ကျူးလွန်သူတွေကို တရားမျှတမှုရှိစေဖို့ ဆောင်ရွက်ပေးပါလို့ တောင်းဆိုခဲ့ကြောင်း Reuters သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ရုရှားသံရုံးရဲ့ထုတ်ပြန်ချက်မှာတော့ "Meta ရဲ့ ရန်လိုပြီး ရာဇဝတ်မှုဆိုင်ရာမူဝါဒက ရုရှားနိုင်ငံသားတွေအပေါ် မုန်းတီးမှုနဲ့ ရန်လိုမုန်းတီးမှုကို ဖြစ်စေတဲ့ လှုံ့ဆော်မှုဖြစ်ပါတယ်"

"ကုမ္ပဏီရဲ့လုပ်ဆောင်ချက်တွေက ကျနော်တို့နိုင်ငံအပေါ် ဘယ်လိုစည်းကမ်းမှမလိုက်နာတဲ့ သတင်းအချက်အလက်စစ်ပွဲဖြစ်တယ်ဆိုတာရဲ့ နောက်ထပ်သက်သေအထောက်အထားတခုပါပဲ" လို့ ပါဝင်ခဲ့ပါတယ်။ 

The River News