Monday, March 14, 2022

အနိုင်ကျင့်ရတာကြိုက်တဲ့ ရောဂါ 🍁


ကလေးလေးတစ်ယောက်ကို ဆရာမက ရစ်ပြီး (Mask တပ် - ရပ်) နဲ့ (မတ်တတ်ရပ်) ကို စကားကပ်ပြီး ဆူပူနေတဲ့ ဗီဒီယိုကိုတွေ့တော့ စိတ်ကုန်မိတယ်။ မြန်မာနိုင်ငံမှာ ကျောင်းသားအချင်းချင်း အနိုင်ကျင့်တာထက် ဆရာတွေက တပည့်တွေကို Bully လုပ်တာ ပိုများပါတယ်။ 

ကျွန်တော်ကိုယ်တိုင်လည်း ငယ်ငယ်ကတော့ အနိုင်ကျင့်ခံရပြီး ခွဲခြားဆက်ဆံခံရတဲ့ ကျောင်းသားပါပဲ။ ဆရာမတစ်ယောက်ရှိတယ်။ ကျွန်တော့်ကို မကြည်ဘူး။ ဘယ်လိုမှကို မကြည်ဘူး။ သူများကို တစ်ချက်ခေါက်ရင် ကျွန်တော့်ကို နှစ်ချက်ခေါက်တဲ့ ဆရာမ ပါ။ တခါတလေ ကျွန်တော် ဘာအမှားလုပ်မိလို့ လုပ်မိမှန်းမသိဘဲ ခံလိုက်ရတာ။ သူကိုယ်တိုင်လည်းပြောပါတယ်။ ကျွန်တော့်ကို ကြည့်လို့မရဘူး တဲ့။ မှုန်ကုပ်ကုပ် ဖြစ်လွန်းလို့ - တဲ့။ မှန်ပါတယ်။ ကျွန်တော့်ရဲ့ Personality Type ကိုက မဖော်ရွေဘူး။ စကားနည်းတယ်။ ဒါပေမဲ့ အဲဒါက သူ ကျွန်တော့်ကိုရိုက်ဖို့ အကြောင်းပြချက် မဖြစ်သင့်ပါဘူး။ 

နောက်ထပ်ဆရာမတွေကျ သူတို့ဆီ ကျူရှင်မနေလို့ မျက်နှာသာမပေးတာ။ အတန်းထဲက လပတ် စာမေးပွဲတွေမှာ ကျွန်တော်ပထမရပေမဲ့ ပညာရည်ချွန်ဆုပေးရင် ဘယ်တော့မှ မရဘူး။ CPR အမှတ်နဲ့ သူများတွေက သာသွားပါသတဲ့။ အ‌ဖေက စိတ်ဆိုးတယ်။ "CPR အမှတ်ဆိုတာ ပါတိတ်နဲ့ ဝယ်ရတာလား၊ ကျူရှင်ခ နဲ့ ချေရတာလား" လို့ကို ပြောခဲ့ဖူးတယ်။ ကျွန်တော်လည်း ဆု မမျှော်ပါဘူး။ 

အခြေခံပညာကျောင်းတွေမှာ တစ်ခါမှတလေ ရတဲ့ ပညာရည်ချွန်ဆုက တက္ကသိုလ်ကျတော့ နှစ်တိုင်း ကန်ထရိုက်ဆွဲထားသလို ရပြန်ရော... ထားပါတော့။ ဒါတွေက ပြီးခဲ့ပါပြီလေ။ 

ကျွန်တော်ပြောချင်တာက လူတွေ၊ စနစ်တွေ၊ လာဘ်ထိုးမှုတွေကြားမှာ ပညာသင်နေတဲ့အရွယ် ကလေးငယ်တွေဟာ စိတ်ဓာတ်ပိုင်းဆိုင်ရာ ဦးကျိုးမသွားဖို့၊ ဆက်ပြီး ကြိုးစားနေဖို့၊ အောင်မြင်ဖို့ မနည်း ရုန်းကန်နေကြရတယ်ဆိုတာပါ။ မိဘ ဆရာ ပူးပေါင်းမှ ကလေးပညာကောင်းမှာကို နားလည်တဲ့ အခြေခံပညာက ဆရာ/ဆရာမတွေအနေနဲ့ ပိုပြီးတော့တောင် သိမ်မွေ့ရမယ်မဟုတ်လား။ 

အခြေခံပညာက ကျောင်းသားလေးတွေဟာ ကလေးအရွယ်တွေမို့ ပိုပြီး နုနယ်ပါတယ်။ ခံစားလွယ်တယ်။ ဆရာမတွေကို ချစ်ရင်လည်း တကယ်ကို ချစ်ကြတဲ့အရွယ်လေးတွေပါ။ ဆူရင်လည်း တကယ်ကို ဝမ်းနည်းတတ်ကြတာပါ။ ကလေးလေးတွေက အပြစ်ကင်းပါတယ်။ အပေါစားပြက်လုံးတစ်ခုကို အသက်သွင်းချင်ရုံသက်သက်နဲ့ ကလေးလေးကို စိတ်ဒုက္ခပေးပြီး ဗီဒီယိုတင် အရှက်မခွဲပါနဲ့။ ဒီစိတ်ဒုက္ခရောက်နေတဲ့ မျက်နှာလေးက တစ်နိုင်ငံလုံးကို ပျံ့သွားမှာပါ။ သူ့မိဘတွေ ဘယ်လိုခံစားရမလဲ။ ကလေးလေး ဘယ်လိုခံစားရမလဲ။ အပြစ်ရှိတဲ့ တရားခံတွေတောင် မျက်နှာဖျက်ပြီးမှ သတင်းဓာတ်ပုံသုံးရတာပါ။ ကလေးက ဘာအပြစ်ရှိလို့ အဲဒီမျက်နှာလေးနဲ့ လှောင်ရယ်ခံရမှာလဲ။ မလုပ်ပါနဲ့။ ဆရာပီသပါ။ ကိုယ်ချင်းစာပါ။ 

လူတစ်ယောက်နဲ့ တစ်ယောက် ခံနိုင်ရည်ချင်းလည်း မတူပါဘူး။ "စာမကျက်ရင် ကျမှာနော်" လို့ ပြောရင်တောင် မဖြုံတဲ့ ကျောင်းသားတွေရှိသလို 
"မင်း ဒါလေးမှ စိတ်ချလို့မရဘူးလား" လို့ ခပ်မာမာ ပြောရုံနဲ့ တုန်သွားပြီး အသေမှတ်တတ်တဲ့ ကလေးတွေလည်း ရှိပါတယ်။ မချိပြုံးလေး ပြုံးထားရတဲ့ ကလေးက သူ အရှက်ခွဲခံနေရတာကို ကျေနပ် ပျော်ရွှင်နေတယ်လို့ ထင်နေရင်တော့ အဲဒီဆရာမ စိတ်ရောဂါကုဆရာဝန်နဲ့ ပြသင့်ပါပြီ။ 

ကျွန်တော့်မှာလည်း တပည့်တွေအများကြီးပါပဲ။ ကျွန်တော် သူတို့ကို ဆူတာ ရှားပါတယ်။ 

"မင်းက တော်ပါတယ်။ အသေအချာလုပ်ရင် ရမှာ။ ထပ်ကြိုးစားလိုက်..." 
"မင်းဘက်မှာ ငါရှိတယ်။ ဘယ်သူမှ မင်းကိုမယုံလည်း ငါ မင်းကိုယုံတယ်။ မင်းသာ ဒီတစ်ချီလွဲရင် ငါပါ ကွဲပြီ..." 

ဒါ ကျွန်တော်ပြောတတ်တဲ့စကားတွေပဲ။ ကလေးတွေနဲ့ ကျွန်တော်ဟာ Team တွေလည်း ဖြစ်ခဲ့ကြဖူးတယ်။ တကယ် အလုပ်ဖြစ်ပါတယ်။ 

ကလေးတွေက နိုင်ငံ့အနာဂတ်ပါ။ မိမိကိုယ်ကို ယုံကြည်မှုရှိအောင်၊ ‌ကိုယ့်ကိုကိုယ် လေးစားတတ်အောင်၊ ကိုယ်ချင်းစာတရားရှိအောင်တောင် အတော် သင်ကြားရမှာပါ။ ကျွန်တော်တို့ ကလေးတွေကို အနိုင်ကျင့်လို့မဖြစ်ပါဘူး။ ဩဇာရှိရင်၊ အာဏာရှိရင်၊ လူများရင်၊ လုပ်ပိုင်ခွင့်ရှိရင် အခွင့်အရေးကို အလွဲသုံးပြီး တစ်ဖက်သားကို အနိုင်ကျင့်လို့ရတယ်ဆိုတဲ့အသိကြီး ကလေးတွေဆီမှာ စွဲသွားလို့မဖြစ်ဘူး။ 

ကျွန်တော်တို့နိုင်ငံမှာ လက်ရှိကြုံနေရတဲ့ Social Punishment တွေ၊ လူအုပ်ကြီးနဲ့ ထစ်ခနဲရှိ ဝိုင်းဆဲကြတာတွေ၊ မျက်နှာမှာ တက်တူးထိုးပြီး အရှက်ခွဲတာတွေ၊ အမြင်မတူသူတွေ ပျက်စီးရင် ပျော်ကြတာတွေ....
နောက်ဆုံး လွှတ်တော်ထဲက ဒီမိုကရေစီ အနိုင်ကျင့်မှုတွေ...ရိုင်းစိုင်းတာကို ရှက်ရမှန်း မသိ‌တာတွေ၊ ဒါတွေအားလုံးကို မျိုးဆက်သစ်တွေဆီ လက်ဆင့်ကမ်းလို့တော့ မဖြစ်ပါဘူး။ ဒါကိုမှ မတားဆီးနိုင်ရင် တိုင်းပြည်ကြီးဟာ ကြီးနိုင်ငယ်ညှဉ်း ဝါဒနဲ့ Jungle Law သံသရာပဲ လည်ပါလိမ့်မယ်။ 

လူအချင်းချင်း ညှဉ်းဆဲခြင်း ကင်းရှင်းကြပါစေဗျာ

သန့်နေစိုး (13. Mar. 2022)
*
*
*