Friday, March 18, 2022

နားရွက်ပတ်ကိုင် မူဝါဒ


        စာရေးဆရာမင်းလူရဲ့ ဇတ်လိုက် ကိုကြီးငွေက ပေါက်တီးပေါက်တာ တွေးပြီး ရှာရှာဖွေဖွေ ကြံဆတတ်သူတယောက်ပါ ။ လျှပ်စစ်မီးမမှန်တော့ သူက ဒီလို ကြံစည်သတဲ့ ။ 

        စက်ဘီးက ဒိုင်နမိုက ထွက်လာတဲ့ မီးကိုသုံးမယ် ။ စက်ဘီးကို လူမနင်းပဲ ဘက္ထရီ နဲ့ လည်အောင်လုပ်မယ်တဲ့ ။ သူရဲ့ မဟာတီထွင်မှုကြီးအတွက် ရှာဖွေတွေ့ရှိချက်ကြီးကို မိန်းမဆီ ဝမ်းသာအားရ တင်ပြပြီး ဘက်ဂျက်ချပေးဖို့ တောင်းဆိုပါရော ။ 

     သူ့မိန်းမက သူ့စီမံကိန်းကို နားထောင်ပြီး တခွန်းထဲ ပြန်မေးလိုက်တယ်...

"နေပါအုံး ဘက္ထရီအိုးကနေ တခါထဲ မီးလင်းနေတာ ဘာပတ်ရှုပ်ပြီး စက်ဘီးဖိုး ဒိုင်နမိုဖိုး အကုန်ခံနေအုံးမှာလဲ ''

         ဒီတော့မှ ဥာဏ်ကြီးရှင် တီထွင်ပါရဂူ ကိုကြီးငွေလည်း ထပ်တွေးမိသတဲ့ ။ တော်သေးတယ် ဘက္ထရီအားသွင်းဖို့ မီးစက်ဝယ်ဖို့ ဘက်ဂျက်ထပ်တင်မယ့် အစီအစဥ် ပြောမိရင် ကိုယ်ထိလက်ရောက် အဆော်ခံရနိုင်တယ် ဆိုပြီးပေါ့ ။ 

         ကဲ နောက်တပုဒ်က ဒီလိုဗျ ။ ကလေးတွေရဲ့ အမူအကျင့်ကို ကြည့်ပြီး အနာဂါတ်မှာ ဘာဖြစ်မယ်လို့ ဟောတဲ့ ပညာရှင်ရှိတယ် ။ မိဘတွေလည်း ကိုယ့်ရင်သွေး ဘာဖြစ်မလဲ သိချင်တော့ အခကြေးငွေပေးပြီး စမ်းသပ်ဟောပြေစေကြသတဲ့ ။ 

       တနေ့ ကလေးတယောက်အတွက် လာမေးတယ် ။ စမ်းသပ်ပုံကို ဆရာက ရှင်းပြတယ် ဘုရားစာအုပ် ၊ နားကြပ် ၊ သေနတ် ၊ ပန်းသီး ၊ ဥပဒေကျမ်း အားလုံး ချထားပြီး ကလေးကို လွှတ်ပေးမယ်တဲ့ ။ 

       ကလေးက ဘုရားစာအုပ်လှန်ကြည့်ရင် ဘုန်းကြီး ၊ နာကြပ်နဲ့ဆော့ရင် ဆရာဝန် ၊ သေနတ်ကိုင်ရင် စစ်သား ၊ ဥပဒေကျမ်းကြည့်နေရင် ရှေ့နေ ၊ ပန်းသီးယူစားရင် လယ်သမား ဖြစ်မယ် လို့ ကြိုပြောပြီး ကလေးကို အခန်းထဲ ထည့်လိုက်ပါတယ် ။ 

       ကလေးက လေးဖက်သွားပြီး ပထမဆုံး ဥပ​ဒေကျမ်းစာအုပ်ကြီး ဖင်ခုထိုင်ပြီး နားကြပ်ကို လည်ပင်းမှာချိတ် ၊ သေနတ်ကို ကျော်မှာလွယ်ရင်း ပန်းသီးစားကာ ဘုရားစာအုပ် လှန်ကြည့်ပါရော ။ 

       ကြိုပြောထားသလို မလုပ်ပဲ ရှိသမျှ စမ်းသပ်ရေးပစ္စည်းအားလုံး ကိုင်ဆော့နေတော့ မိဘတွေက နားမလည်တော့ပဲ...

"ဆရာ အဲဒါ ကျမတို့ကလေး အရွယ်ရောက်ရင် ဘာဖြစ်မယ် ဆိုလိုတာလည်း ရှင့် ''

        ရှေ့ဖြစ်ဟောဆရာက ပြုံးပြုံးကြီး ကြည့်ပြီး တခွန်းပဲ ဟောလိုက်တယ်....

"ခင်ဗျားတို့ကလေးက ကြီးပြင်းလာရင် နိုင်ငံရေးသမား မုချဖြစ်မယ် ဗျာ ''

          ကဲ ကျနော်တို့ တိုင်းပြည်အတွက် ဖွံ့ဖြိုးတက်ဖို့ လွယ်ကူရှင်းလင်းတဲ့ နည်းလမ်းတွေ ရှိပါလျှက် မလုပ်ဆောင်ပဲ အောက်ကစာပိုဒ်ထဲကလို ဘာတခုမှ မကျွမ်းကြင်ပဲ ရသမျှအခွင့်အရေးယူမယ့် လိုင်းကြောင် နိုင်ငံရေးသမားတွေ ဦးဆောင်နေပြီး အောက်က ဌာနဆိုင်ရာတွေက ကိုကြီးငွေလို ဥာဏ်ကြီးရှင်တွေချည်း ဆိုတော့ကား.......

      ကိုရွှေမျိုးဝင်း   

(ဒီလို အလိမ်အညာ စီမံအုပ်ချုပ်နေမှုနဲ့ကတော့ အမှန်တရားတို့ ၊ ဖွံ့ဖြိုးတိုးတက်မှုတို့ ၊ တရားမျှတမှုတို့ ဆိုတာ လက်တွေ့ ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ပါဘူး)