Monday, March 14, 2022

ရည်မှန်းချက် ရည်ရွယ်ချက် နဲ့ ရလာဒ်


          နိုင်ငံတော်ရဲ့ ခေါင်းဆောင်တွေဟာ မိမိမူဝါဒအတွက် ရည်မှန်းချက် နဲ့ ရည်ရွယ်ချက်တွေကို ရှင်းလင်းပြောကြားလေ့ရှိပါတယ် ။ ဝင်ရောက်စွက်ဖက်ခွင့် မရှိတဲ့ ပြည်သူတွေကတော့ ရလာဒ်ကိုပဲ ကြည့်ပြီး ဝေဖန်သုံးသပ်ကြရပါတယ် ။ 

           ယနေ့ ဘက်ပေါင်းစုံက တိုက်ခိုက်ခံနေရတဲ့ အနေအထားအရ ဝေဖန်ရမယ်ဆိုရင် လက်ရှိ မြန်မာ့တပ်မတော်ရဲ့ မူဝါဒကို ပြန်လည်သုံးသပ်ရတော့မယ်လို့ ယူဆမိပါတယ် ။ 

         ဦးသန်းရွှေကြီး အုပ်ချုပ်စဥ်က သူ့ရဲ့ စစ်ရေးရည်မှန်းချက်သည် အမေရိကန် နဲ့ တရုတ်တို့လို နိုင်ငံကြီးတွေရဲ့ ရန်စကျူးကျော်လာနိုင်တဲ့ အနေအထားအား ပြည်တွင်းမှ မားမားမတ်မတ် ပြင်းပြင်းထန်ထန် ခုခံကာကွယ်နိုင်ရေး ရည်မှန်းချက်နဲ့ အင်အားတည်ဆောက်ခဲ့ပါတယ် ။ 

          ပြီးတော့ ပြည်တွင်းစစ်အတွက် အပစ်အခတ် ရပ်စဲရေးကို အားထုတ်ပြီး အင်အားချွေတာ စုဆောင်းပြီး တပ်အသစ်တွေ ရာပေါင်းများစွာ ဖွဲ့စည်းပေးခဲ့ပါတယ် ။ 

       အဲဒီကာလမှာပဲ တပ်မတော် စစ်စခန်းပေါက်စလေး အတိုက်ခံရရင်ပဲ ပြင်းပြင်းထန်ထန် ဆုံးမပေးပါတယ် ။ နိုင်ငံတကာ ပိတ်ဆို့မှုများအား အံတုပြီး အကောင်းဆုံး စုစည်းတည်ဆောက်ခဲ့ပါတယ် ။ 

       ယိုးဒယားနဲ့ ဖြစ်ခဲ့ကြရတဲ့ ရေတပ်ပြဿနာ နဲ့ O 7 တောင်ကုန်း ပြဿနာများကိုတောင် ဘယ်သူ့မှ ဂရုမစိုက်ပဲ ပြတ်သားစွာ တိုက်ခဲ့ကြပါတယ် ။ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ဦးသန်းရွှေက အဲသလို မြှင့်တင်ပေးခဲ့တာ သူ့ရဲ့ သမိုင်းတွေပါပဲ ။ 

         ယနေ့ တပ်မတော်ကိုတော့ မနေ့တနေ့ကမှ ဖွဲ့စည်းခဲ့တဲ့ AA ကလည်း ပမာမခန့် ၊ ငမြောက်ငခြောက် TNLA ကလည်း ပမာမခန့် ၊ ကိုးကန့်လို အဖွဲ့က အမြဲရန်စ ၊ KIA လို သူပုန်ငပွကြီးက စစ်ကိုင်းထိ ခြေကုတ်ယူထားပြီ ၊ KNU ကလည်း နှစ်ပိုင်းကွဲသလို သုံးပိုင်းကွဲသလို နဲ့ စောက်အကြီးတွေကို အချဥ်ဖမ်း နေတာ လူမြင်မကောင်းတော့ပါဘူး ။ 

        အဲဒါတွေရဲ့ ဇစ်မြစ်က တပ်မတော်ရဲ့ မူဝါဒ နဲ့ တိုက်ရိုက်သက်ဆိုင်နေပါတယ် ။ တပ်ချုပ်ကြီးက နိုဘယ်လ်ဆု မှန်းပြီး တိုင်းပြည်တည်ထောင်နေသလား ထင်မှတ်ရလောက်အောင် ​မြေပြင်အခြေအနေနဲ့ မလျှော်ညီသော အပြောအဆိုများဖြင့် ရည်မှန်းချက်များ ရည်ရွယ်ချက်များကို ပြောဆိုနေလို့ ဖြစ်နေရတဲ့ ဘေးထွက်ဆိုးကျိုးများကြောင့် ယခုလို ဖြစ်နေရတာပါ ။ 

          ကျနော်တို့ သူပုန်ဌာနချုပ်တွေကို မတိုက်ပါဘူးတို့ ၊ ယခုနှစ် ကုန်သည်အထိ အပစ်ရပ်ထားပါတယ် ဆိုတဲ့ မူဝါဒတွေဟာ ဒီလို တိုင်းပြည်အတွက် အရမ်းအန္တရာယ်များလွန်းတဲ့ ကျွံထွက်နေတဲ့ စကားလုံးတွေ ဖြစ်ပါတယ် ။ 

         တကယ်တမ်းလုပ်ရမှာက သူပုန်မွေးမြူနေတဲ့ KIA ၊ တပ်စခန်းတွေ မကြာခဏတိုက်နေပြီး စစ်ကိုင်းတိုင်းအထိ ထိပါးစော်ကားနေတဲ့ KIA ကို ဌာနချုပ်မတိုက်ပဲ အဖျားအနားက တောင်ကုန်းပေါ်က စခန်းပေါက်စ ဗုံးကြဲပြတာ လေယာဥ်ဆီကုန် ၊ ဗုံးကုန်ပဲ ဖြစ်နေတာ ပြည်သူတွေ သိနေကြပါပြီ ။ 

         ရူးသလို ကြောင်သလို နဲ့ ဖာပွန်မြို့တိုက် ၊ မြဝတီမြို့ထိ လာဝိုင်းတဲ့ KNU ၊ တပ်မတော်ကို ပမာမခန့် ပြန်ဆုတ်ဖို့ စာထုတ်တဲ့ KNU ကို ထိထိရောက်ရောက် အမြစ်မလှန်ပဲ တခါလာလည်း လေးကေကော် တိုက် ၊ နောက်တခါလာလည်း လေးကေကော် ပြန်တိုက် ၊ နောက်ထပ်လည်း လေးကေကော် ထပ်တိုက်နဲ့ တကယ့် အရူးပေါ်လစီကြီးဖြစ်နေတာ ရင်မောစရာပါပဲ ။ 

         သူတို့သူပုန်ခေါင်းဆောင်တွေ နေကြတဲ့ KNU စခန်းဆိုတာ တောထဲမှာ ဆိုပေမယ့် ကားလမ်းတွေ ဖုန်နေပြီး အဆောက်အဦးတွေနဲ့မို့ ဒရုန်းနဲ့ အလွယ်တကူ ထောက်လှမ်းနိုင်ပါတယ် ။ အဲဒီနေရာတွေကို ချေမှုံးဖို့ မလုပ်ပဲ တသက်လုံး လေးကေကော် နဲ့ ပြီးနေတဲ့ တပ်မတော်ထိုးစစ် KNU မပြောနဲ့ မြဝတီက ဘယာကျော်ရောင်းတဲ့ ကုလားတောင် မကြောက်တာ ဆန်းသလားဗျာ ။ 

         ယနေ့ မြန်မာ့တပ်မတော်ဟာ ပြည်တွင်းစစ်လို့ ထင်ပြီး ရူးချင်ယောင်ဆောင် တိုက်နေကြတာ မဟုတ်သေးဘူး ဗျ ။ နောက်ကွယ်က အရှေ့အုပ်စုရော ၊ အနောက်အုပ်စုကော ပါဝင်နေတာ အားလုံးအသိပဲ ။ မြန်မာ့တပ်မတော်က အုပ်စုပေါင်းစုံနဲ့ တိုက်နေရတာလို့ ပြောရင် မမှားဘူး ဗျ ။ 

       တိုင်းရင်းသား ချစ်ကြည်ညီညွှတ်ရေး အိပ်မက် ၊ ငြိမ်းချမ်းရေး အိပ်မက်ကနေ နိုးထပါတော့ ။ လက်နက်ကိုင်တွေက ဘယ်တော့မှ ငြိမ်းချမ်းရေးမယူပါဘူး ။ အနေချောင် အစားချောင်အောင် လက်မှတ်ထိုးထားကြတာပါ ။ 
  
         NCA ဆိုပြီး ဖင်ပြဲအောင် အော်နေလည်း အဲဒီ NCA စာချုပ်က ကျည်မပြီးပါဘူး ။ ''ဒိုင်း '' ကနဲ တချက် ထွက်လိုက်တာနဲ့ ပျက်ပြယ်သွားတာပါပဲ ။ 

       ကိုယ့်အလွန် မဖြစ်ရအောင် စောင့်ထိမ်းရင်း သူလွန်ချင်တိုင်းလွန်ပြပြီး ကိုယ်ရဲဘော်တွေ ကျဆုံးသွားပြီးမှ အတိုးရော အရင်းရော ယူတယ်ကွ ဆိုပြီး ဂမူးရှူးထိုး ထတိုက်ပြပေမယ့် အဖိုးတန် ရဲဘော်တွေ ပြန်ရှင်မလာသလို ကျန်တဲ့ မိသားစုတွေလည်း ရဲဘော်တွေကို မှီခိုနေရရှာတော့ ဘဝ ပျက်ကြရတာပါပဲ ။ 

        မနေ့က အီရန်ကနေ အီရတ်ရှိ အမေရိကန်စစ်သံရုံးကို ဒုံးကျည်နဲ့ပစ်တယ် ။ ဆီးရီးယားရှိ အီရန် နှစ်ယောက် အသတ်ခံရလို့ လက်စားချေတာဆိုပြီး ကြေညာခဲ့တယ် ။ 

       ယူကရိန်းကို ရုရှားတိုက်တာကလည်း ယူကရိန်းရှိ ရုရှားလူမျိုးတွေ အသတ်ခံရလို့ ဆိုတဲ့ အချက်တချက်ပါတယ် ။ 

      ပြောချင်တာက အင်အားရှိလာရင် ရှိတဲ့အင်အားကို လက်တွေ့အသုံးချပြီး ကိုယ့်လူကို ကာကွယ်ဖို့ တဖက်သားကို ခြိမ်းခြောက်ထားဖို့ လိုပြီဆိုတာပါပဲ ။ 

        KIA တို့ နယ်စပ်က စခန်းငယ်တခုကို အလစ်ဝင်တိုက်သလား ။ လိုင်ဇာကို မွမွကြေအောင် ပစ်ခတ်ချေမှုန်းပြလိုက် နောက်ဆို စခန်းငယ်တွေနား ဘယ်သီဝံ့မလဲ ။ 

       KNU လည်း ဒီအတိုင်းပဲ သတ်မှတ်ချက် ကျော်လွန်ဖောက်ဖျက်ပြီလား.. ? ဘာမှ ပြောမနေနဲ့ ဌာနချုပ်ကို အမုန်းကြွေးလိုက် ။ နောက်ဆို သူတို့ခြင်း ထိမ်းပြလိမ့်မယ် ။ အခုဖြစ်စဥ်တွေက သူတို့ ညှိပြီး လိမ်နေကြတာ အသိသာကြီး ။ 

         ကျနော် နိဂုံးချုပ်ခါနီး တရုတ်သိုင်းဝတ္တုလေးထဲက သတိရနေတဲ့ အကြောင်းလေး ပြောပါရစေ ။ နဂါးနိုင်ဓား ဆိုတဲ့ ဝတ္တုထဲမှာ တရုတ်မျိုးချစ်သိုင်းဂိုဏ်းကြီးတခုက အဖွဲ့တခု နဲ့ ပြဿနာ ဖြစ်ကြတယ် ။ 

         သီလရှင်ဂိုဏ်းက လောင်မီးလက်နက် ထုတ်သုံးပြီး ခြိမ်းခြောက်တော့ ၊ မင်းသားရဲ့ မျိုးချစ်ဂိုဏ်းက သစ်သားအဖွဲ့သား ၅၀၀ ထွက်လာပြီး သူတို့ ခေါင်းဆောင် လက်ညှိုးထိုးပြတဲ့ နေရာကို သစ်သားချောင်းတွေနဲ့ အပေါ် အောက် ဘေးတိုက် စနစ်တကျ အချိန်ကိုက် ဝိုင်းပစ်လိုက်တာ မိုးခြိမ်းသံလို ကြားရသတဲ့ ။ 

       ဒီတော့ ကြည့်နေတဲ့ သိုင်းလောကသားတွေက ပြောကြတယ် ။ သီလရှင်ဂိုဏ်းရဲ့ လောင်မီးလက်နက်က ရှောင်ပြေးလို့ ရနိုင်သေးတယ် ၊ ဒီမျိုးချစ်ဂိုဏ်းရဲ့ သစ်သားချောင်းကြီးတွေနဲ့ သူတို့ခေါင်းဆောင် လက်ညှိုးထိုးပြလို့ အပစ်ခံလိုက်ရရင် လေးဖက်လေးတန် အထက်အောက် ဘယ်မှ ရှောင်မရပဲ စိစိညက်ညက်ကြေသွားမှာမို့ ဒီ သစ်သားအဖွဲ့ ခေါင်းဆောင်ရဲ့လက်ညှိုးက ကြောက်စရာပိုကောင်းတယ် တဲ့ ။ 

      အဲဒီ ဇာတ်ဝင်ခန်းလိုပါပဲ ။ မသမာသူ အဖျက်သမား သောင်းကျန်းသူတွေကို တပ်ချုပ်ကြီး လက်ညှိုးတချက် ထိုးလိုက်ရင် ပြာကျသွားစေတဲ့ အစွမ်းတွေ ရှိနေပါလျှက် ဘယ်အတွက်ကြောင့် မိမိအောက်ခြေရဲဘော်တွေ ကျဆုံးသည်အထိ ပြုံးပြီး ကြည့်နေသေးသလဲ ဆိုတာ နားလည်ဖို့ ခက်ခဲလှပါပြီ ။ 

       နားထောင်ကောင်းတဲ့ ရည်မှန်းချက် နဲ့ ရည်ရွယ်ချက်များသည် မြန်မာပြည်လို တိုင်းပြည်အတွက် ရလာဒ်ကောင်း မရနိုင်တာ နှစ်ပေါင်း ၇၅ နှစ်က သက်သေခံခဲ့ပါပြီ ။ 

        မင်းတို့လည်း ကိုယ့်နေရာကိုနေ ၊ ငါတို့လည်း မင်းတို့ကို မတိုက်ဖူး ဆိုတာ တပ်မတော်ရဲ့ အဓိက တာဝန်ကို သွေဖယ်ရာ ရောက်နေပါတယ် ။ တိုင်းပြည်ကို ပြည်တွင်း ပြည်ပ ရန်ကနေ ကာကွယ်ဖို့အတွက် တပ်မတော်ရဲ့ တာဝန်ဖြစ်ပါတယ် ။ 

       တိုင်းပြည်ရန်စွယ်ကို ချေမှုံးရမည်မှာ တပ်မတော်တာဝန်ဖြစ်ပါတယ် ။ သူပုန် နဲ့ နယ်မြေခွဲ ဝေစုယူနေတာ တပ်မတော်တာဝန်မဟုတ်ပါဘူး ။ အချိန်အခါအရ ဆောင်ရွက်ခဲ့ကြရသည်များအပေါ် ဝေဖန်ရန် အကြောင်းမရှိပေမယ့် ယနေ့ လက်ရှိအနေအထားအရ အပစ်ရပ်ထားမယ် ၊ သူပုန်ဌာနချုပ်တွေ မတိုက်ဖူးဆိုတဲ့ မူဝါဒသည် တပ်မတော်အတွက် ရေသာခို အချောင်နှိုက် မူဝါဒသာ ဖြစ်နေလို့ ပြန်လည်သုံးသပ်သင့်ပါကြောင်း တင်ပြလိုက်ရပါတယ် ။

       ကိုရွှေမျိုးဝင်း

(တချို့အရာတွေ ဝေဖန်ရတာ ဒီလင်မယားလို ဖြစ်နေတော့ ခက်သားပဲ ဗျ)