Friday, March 18, 2022

E - government ဥပဒေ


         ဦးသိန်းစိန်လက်ထက်မှာ
 E - government ဖြစ်အောင် လုပ်မယ်ဆိုပြီး ကြွေးကြော်စီမံခဲ့ကြပါတယ် ။ ဌာနဆိုင်ရာတွေလည်း ကိုယ့်နည်းကိုယ့်ဟန် နဲ့ ဆောင်ရွက်ခဲ့ကြတာ တွေ့ရပါတယ် ။ 

         ဦးသိန်းစိန်အနေနဲ့ E - government ကြွေးကြော်ခဲ့ပေမယ့် အရေးကြီးတဲ့ E - government Law ကို လွှတ်တော်တင် အတည်ပြုခဲ့ခြင်း မလုပ်နိုင်ခဲ့ပါဘူး ။ ဒီလိုနဲ့ အင်မတန် အသုံးတည့်ခေတ်မှီမယ့် E - government စနစ်ဟာ NLD ၅ နှစ်မှာလည်း ဝေ့လည်ကြောင်ပတ်နဲ့ ဖြစ်ထွန်းမလာခဲ့တာ ယနေ့အထိ ဖြစ်ပါတယ် ။ 

        ဘာကြောင့်လဲ ဆိုတဲ့ အဖြေကို လေ့လာကြည့်မိပါပြီ ။ 
E - government သည် အင်မတန် တိကျကောင်းမွန် မြန်ဆန်ထိရောက်တဲ့ အတွက် လူသားတွေရဲ့ အရေးပါမှုကို လျော့ချပေးနိုင်တာ အဓိက အချက်ဆိုတာ တွေ့ရပါပြီ ။ 

       မြန်မာပြည်မှာ ဌာနဆိုင်ရာဆိုတာ အားလုံးသိတဲ့အတိုင်းပဲ လုပ်ပိုင်ခွင့် နဲ့ ဥပဒေကို အကြောင်းပြပြီး တာဝန်ခံအရာရှိတွေ အဆင့်ဆင့်က ပြည်သူအပေါ် ဟောက်စား ငေါက်စား လုပ်စားနေတဲ့ တိုင်းပြည်ကိုးဗျ ။ 

       E - government အကောင်အထည်ပေါ်လာရင် အဲသလို ဟိုဟာလိုတယ် ၊ ဒီဟာလိုတယ် အကြောင်းပြ ဂွင်ဖန်စားဖို့ ခက်ခဲသွားပြီလေ ။ E - government စနစ်မှာ လိုအပ်တာကို စက္ကန့်ပိုင်းနဲ့ ချိတ်ဆက်ရယူဖို့ အရမ်းလွယ်နေတာကိုး ။ 

        အမှန်က E - government ဆိုတာ အရမ်းကြီး ခက်ခက်ခဲခဲ တည်ဆောက်နေရတာ မဟုတ်ပါဘူး ။ E - government မှာ အကြမ်းဖျင်း ၂ မျိုးခွဲခြားကြည့်လို့ရပါတယ် ။ 

- အင်တာနက်ချိတ်ဆက် E - government

- အင်တာနက် မလိုသော E - government

      ဆိုပြီးခွဲခြားလို့ရပါတယ် ။ အင်တာနက်မလိုသော E - government အဆင့်ကို တစိတ်တပိုင်း အသုံးချနေတာ ကြာပါပြီ ။ အဲဒီစနစ်က ကြိုးဖုန်းဝါယာထဲမှာ ထည့်သွင်းလို့ရတဲ့ ဖက်စနစ် ဖြစ်ပါတယ် ။ ဒေတာတွေကို အင်တာနက်မလိုတဲ့ ဆားကစ်ထဲ သိုလှောင်ထားပြီး ဖက်စနစ် နဲ့ သုံးနေရင် E - government ပါပဲ ။ သူကတော့ ပြည်တွင်းမှာပဲ သုံးလို့ရမှာပါ ။

        နောက်တဆင့် အင်တာနက်နဲ့ ချိတ်ဆက် သုံးစွဲတဲ့ စနစ်ပါပဲ ။ သူကတော့ တကမ္ဘာလုံးနဲ့ ချိတ်ဆက်အသုံးပြုနိုင်လို့ ပိုပြီး အဆင်ံ့မြင့်သလို အင်တာနက်လိုင်းမိဖို့ လိုအပ်ချက်လည်း ရှိနေတာပါပဲ ။ 

        E - government စနစ်သုံးပြီဆိုရင် ယခုလို စာရွက်တွေနဲ့ သိုလှောင်ထားတဲ့ အချက်အလက်တွေကို လွယ်ကူပေါ့ပါးစွာ ထိမ်းသိမ်းလို့ ရသွားပါပြီ ။ ယနေ့ ဌာနဆိုင်ရာတွေမှာ မီးလောင်လျှင် ဦးစားပေး ၁ ၊ ၂ ၊ ၃ ဆိုတဲ့ စာအုပ်ဗီဒိုကြီးတွေ အစား ကွန်ပြူတာတလုံးနဲ့ ပြီးသွားပါမယ် ။ 

        ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကို အလွန်လွယ်ကူမြန်ဆန်စွာ ဆောက်ရွက်ပေးနိုင်ပါတယ် ။ ဥပမာ ယနေ့ အသဲအသန်လုပ်နေရတဲ့ ပန်းခင်းစီမံချက်ဆိုရင် မိမိရောက်ရာ အရပ်ကနေ မိမိမွေးရပ် ပုံစံ ၁၀ ရှိရာ မြို့နဲ့ ချိတ်ဆက်ပြီး ကွန်ပြူတာနဲ့ အတည်ပြု ချက်ခြင်း မှတ်ပုံတင် အသစ်လုပ်ပေးခြင်း ၊ ပျောက်ဆုံးအတွက် နံပါတ်ဟောင်းနဲ့ ချက်ခြင်းပြုလုပ်ပေးနိုင်ခြင်းဆိုတဲ့ အကျိုးကို ပြည်သူတွေ ခံစားရနိုင်ပါတယ် ။ 

      ဟကောင် ဒီလောက်ကောင်းတာ ဘာလို့ အကောင်အထည်မဖော်ကြတာလည်း မေးရင် ဟုတ်ကဲ့ ပြည်သူ့ဝန်ဆောင်မှုများအတွက် အင်မတန်ကောင်းပြီး ဟောက်စားခြောက်စား ဌာနဆိုင်ရာများအတွက် ဂွင်ဝေးသွားမှာ ဖြစ်လို့ အကောင်အထည်မဖော်တာ တချက်ဖြစ်ပါတယ် ။ 

     နောက်တချက်က အရေးကြီးတဲ့ E - government Law မရှိသေးတာ တချက်ဖြစ်ပါတယ် ။ ဒီ 
E - government Law ကို လွတ်တော်မှာတင် ဆွေးနွေး အတည်ပြုမယ် ဆိုရင် ဌာနဆိုင်ရာ အသီးသီးရဲ့ အနှောက်အယှက်များ အမတ်မင်းများရဲ့ ပညာအရည်အချင်း နဲ့ ဗဟုသုတ နိမ့်ကျမှုများ နဲ့ ကြုံရဖွယ်ရှိပြီး တော်တော်နဲ့ အတည်ပြုဖို့ မလွယ်ပါဘူး ။ 

       အတည်ပြုဖို့ လွယ်တာကတော့ ယနေ့လို့ လွှတ်တော်ဖျက်သိမ်းထားတဲ့ အရေးပေါ်ကာလဆိုရင် အလွန်လွယ်ကူစွာ 
E - government Law ကို ပြဌာန်းနိုင်မှာ ဖြစ်ပါတယ် ။ 

       E - government Law မှာ သူတပါးရေးဆွဲထားတဲ့ နမူနာယူရမယ့် အခြေခံကျောရိုးအချက်တွေ အများကြီးရှိပြီးဖြစ်ပါတယ် ။ အဲဒါကိုမှ မိမိယဥ်ကျေးမှု နဲ့ မိမိတိုင်းပြည်အခြေအနေနဲ့ ကိုက်ညီမယ့် အချက်တွေအား ပြင်ဆင်ခြင်း ၊ နှုတ်ပယ်ခြင်း ၊ ဖြည့်စွက်ခြင်း ပြုလုပ်ပြီး ရေးဆွဲရင် လွယ်ကူနိုင်မှာ ဖြစ်ပါတယ် ။ 

       အမြန်ဆုံးရေးဆွဲလို့ အမှားပါမှာ ကြောက်စရာမလိုပါဘူး ဘာကြောင့်လဲ ဆိုရင် E - government Law ရဲ့ သဘောတရားကိုက ဖွံ့ဖြိုးနေတဲ့ နည်းပညာအရ အမြဲတမ်း ပြင်ဆင် ဖြည့်စွက်ရမှာမို့ ရဲရဲတင်းတင်း မြန်မြန်ဆန်ဆန် ဆောင်ရွက်စေချင်ပါတယ် ။ 

      ကျနော်တို့ မြန်မာလူကြီးတွေရဲ့ မနှစ်မြို့ဖွယ် အချက်ကတော့ အီလေးဆွဲ စောက်ပျင်းကြီးပြီး အကျိုး ၉၀ သားရမှာကို အပြစ်တဆယ်သားကြောင့် မလုပ်ရဲပဲ ရူးချင်ယောင်ဆောင်တတ်တဲ့ အကျင့်ဆိုးပါပဲ ။ အမှန်ကတော့ မလုပ်ရဲ မကိုင်ရဲ တာဝန်မခံရဲပဲ အချောင်နေ အချောင်စား စိတ်ဓာတ်တွေလို့ ပြင်းထန်စွာ ဝေဖန်ချင်ပါတယ် ။ 

        လာဘ်စားမှု ထူပြောနေသော ၊ အကျင့်ပျက်မှု များပြားနေသော ၊ တာဝန် နဲ့ လုပ်ပိုင်ခွင့်မှာ လုပ်ပိုင်ခွင့်သာ ရယူတတ်ပြီး တာဝန်မဲ့သော မြန်မာ့အရာရှိဆိုးများ ကြီးစိုးနေသော ၊ ပြည်သူအပေါ် ထစ်ခြင်း ရစ်ခြင်း ညစ်ခြင်းများအာ ရိုးရာသဖွယ် ကောက်ကျစ်တတ်သော ၊ တရက်နဲ့ပြီးမှာ တလ အချိန်ဆွဲလုပ်နေသော တိုင်းပြည်အတွက် အကောင်းဆုံး ဆေးဝါးသည်ကား 
E - government စနစ်ပဲ ဖြစ်ပါတယ် ။ 

       ယခုလအတွင်း အဆိုပါ E - government Law အ​မြန်ဆုံးရေးဆွဲပြဌာန်းနိုင်ရန် နားလည်သူများက နစကအား အကြံပြုစာ တင်ပြထားပြီး ဖြစ်ပါတယ် ။ တိုင်းပြည် အနာဂါတ်အတွက် နစက အနေနဲ့ E - government အမြန်ဆုံး ဖော်ဆောင်ဖို့ လိုအပ်နေပါပြီ ။ 

         ဆင်းရဲနေတဲ့တိုင်းပြည် ၊ အလုပ်မဖြစ်တဲ့ ဘဏ္ဍာဖြုံး ဌာနဆိုင်ရာတွေ ဖောင်းပွနေတဲ့ တိုင်းပြည် ၊ နှစ်ရက်လုပ် တရက်နား လုပ်ငန်းဂွင်ဝင်နေတဲ့တိုင်းပြည် ၊ တရက် အလုပ်ချိန် ၆ နာရီနှုံးနဲ့ ရုံးတက်နေရတဲ့ တိုင်းပြည် ၊ အလုပ်မလုပ်ပဲ ဝန်ထမ်းတွေ ဖောင်းပွနေတဲ့ ဌာန ၊ အလုပ်နဲ့ ဝန်ထမ်းမမျှမတ ဖိဆီးနေတဲ့ ဌာနဆိုပြီး ကပေါက်ကတိချာ ဖြစ်နေတဲ့ တိုင်းပြည်အတွက် 
E - government. တည်ဆောက်ခြင်းဖြင့် အကောင်းဆုံး ဖြေရှင်းပေးနိုင်မယ်လို့ ယုံကြည်လျှက်......

       ကိုရွှေမျိုးဝင်း

(အကြံပြုထားသော E - government. နမူနာ ပုံကြမ်း)