Friday, March 18, 2022

စိတ်ရှင်းဖို့က အဓိက


            ကိုလိုနီခေတ်က မီးရထားပေါ်မှာ ခမဲကြိုးဆွဲထားတဲ့ ပညာမဲ့ တောသားနဲ့ ဘွဲ့ရပညာတတ်လူငယ်တို့ တွေ့တော့ ခမဲကြိုးအကြောင်း လူငယ်က မေးတယ် ။

       မြန်မာပြည်ကို ဘီလူးတွေလာနေပြီ ၊ ငါးပါးသီလ မလုံသူတွေ စားလိမ့်မယ် ၊ ဒီခမဲကြိုးက ငါးပါးသီလ လုံခြုံကြောင်း ရွာဦးကျောင်းဆရာတော်ရဲ့ ထောက်ခံချက်ပဲ ။ ဒါကြောင့် ခမဲကြိုးပါရင် စိတ်ချလက်ချ နေထိုင်ရဲကြောင်း ပြောပြတယ် ။ 

        ပညာတတ်လူငယ်က ပြန်ပြောတယ် ဘီလူးဆိုတာ မရှိကြောင်း ၊ ဘုန်းကြီးကလည်း ဒီလို အာမခံချက်ပေးမရကြောင်း အထောက်အထားတွေနဲ့ ပြောပြတော့ ပညာမဲ့တောသားလည်း ခေါင်းကုတ်ပြီး ဘူတာတခုမှာ ဆင်းသွားတယ် ။ 

        ဒီတော့မှ အနားမှာ ကြားနေရတဲ့ လူကြီးက ပညာတတ်လူငယ်ကို ဆုံးမတယ် ။ ငါ့တူပြောတာ မှန်တော့မှန်တယ် ၊ ဒါပေမယ့် ခမဲကြိုးသည် ငါ့တူအတွက် မလိုပေမယ့် အစောက တောသားအတွက် လိုတယ်ကွဲ့ ၊ သူသည် ခမဲကြိုးကြောင့် ငါးပါးသီလ ထိမ်းနေမိသလို စိတ်လဲ လုံခြုံနေရတယ် ။ အခု ငါ့တူကြောင့် သူ့ခမျှာ အူကြောင်ကြောင် ဖြစ်သွားရရှာပြီ ၊ အချို့အရာတွေက ကိုယ့်အတွက် မလိုပေမယ့် လိုအပ်တဲ့သူတွေ အတွက်ကျတော့ အမှန်တကယ် ရှိနေဖို့ လိုတယ် ကွဲ့ ဆိုပြီး ဆုံးမခဲ့ပါတယ် ။ 

       ဒါက ဦးဖိုးကျားရဲ့ ကိုယ်တွေ့ဝတ္တုထဲက လူသိများတဲ့ တပုဒ်ပါပဲ ။ ယခု သင်္ချိုင်းစည်တော်ကြီး နဲ့ ပတ်သက်ပြီး အမျိုးမျိုး ရေးနေကြတာ အတွေ့များလာလို့ပါ ။ 

         NLD တွေဟာ ပြည်တွင်းက အောက်လမ်းပညာတွေ မသုံးပဲ သူ့မူအတိုင်း ပြည်ပအားကိုးသူတွေ ပီပီ အင်ဒိုအောက်လမ်းနည်းတွေ နဲ့ တိုင်းပြည်ကို ဖျက်ဆီးဖို့ စီရင်ခဲ့ကြတာလည်း အမှန်တရားပါပဲ ။ 

       အထင်ရှားဆုံးကတော့ ရွှေတိဂုံဘုရားထီးတော်မှာ အင်ဒို အစီရင် သံလျှက်ပုံ ဒါး ၇ လက် ချိတ်ဆွဲခြင်း ၊ ဗိုလ်တထောင်ဘုရားမှာ လူမြင်မကောင်း ဘုရား ဆင်းတုအား ခြေတော်ကို အင်္ဂတေလောင်း ကြိုးတုတ်ခြင်း ၊ ပုဂံဘုရားများ ဌာပနာဖောက်ကြခြင်း အစရှိတဲ့ ကိစ္စတွေကို ဆောင်ရွက်ခဲ့ကြပါတယ် ။ 

      ယခု သင်္ချိုင်းစည်တော်ကြီးကိုလည်း အဲသလို စီးရင်ခဲ့တယ်လို့ ပြည်သူအများစု သံသယရှိနေခဲ့ရပါတယ် ။ စစ်ကိုင်းတိုင်းအတွင်း အသေအပျောက်များ ၊ ဘဝပျက်သူများစွာများက အဲဒီ သံသယကို ထောက်ခံနေကြသယောင်ပါပဲ ။ 

         အခု အဲဒီ စည်တော်ကြီးကို သူ့နေရာ သင်္ချိုင်းထဲ ပြန်ပို့တော့ အသံပေါင်းစုံကြားရတော့တာပါပဲ ။ အထူးအားဖြင့် ဗေဒင် နက္ခတ် ပညာရှင်တွေ အကောင်းအဆိုး ဟောပြောနေကြသလို ၊ သိပ္ပံသမားတွေကလည်း မဆိုင်ပါဘူးကွာ ဆိုတဲ့ မယုံကြည်ပဲ လှောင်ပြောင်နေကြပါတယ် ။ 

      ယုံခြင်း မယုံခြင်းကို အပထားပါ ။ သေချာတာက မြန်မာပြည်မှာ အဲလို ပညာရှင်တွေကို ခေတ်အဆက်ဆက်က အုပ်ချုပ်သူလူတန်းစားများ အသုံးပြုခဲ့ကြတာ ငြင်းမရပါဘူး ။ 

       ယခုလို သင်္ချိုင်းပြန်ပို့တာ စိတ်မရှင်းတဲ့ ပြည်သူတွေ စိတ်ရှင်းသွားရတဲ့ အကျိုးရပါ့မယ် ။ ဗေဒင် နက္ခတ်ပညာရှင် အချို့ ဟောပြောချက်တွေမှာ ဟိုလို လုပ်ရမယ် ဒီလိုလုပ်ရင် မကောင်းဘူး ဆိုတဲ့ ပညာရှင်များလည်း များစွာ တွေ့ရပါတယ် ။ 

     ငြင်းခုန်နေကြတာ များလွန်းလို့ အကြံပေးချင်ပါတယ် ၊ နာမည်ကြီးချင်လို့ မဟုတ်ပဲ တကယ် ပညာတတ်ရင် အသက်နဲ့ အာမခံပြီး လုပ်ပေးဖို့ တောင်းဆိုကြပါခင်ဗျ ။ ကျနော်တို့ကတော့ အဲသလို ပညာတွေ မတတ်ပါဘူး ။ မီးရှို့ဖို့ လိုအပ်တယ် ရှို့သူသေမယ် ဆိုရင် ရှို့ပေးပါ့မယ် ။ တိုင်းပြည်အတွက်မို့ သေလည်း မနှမျှောပါဘူး ဗျာ ။

        လိုင်းပေါ်ကနေ ပညာပြနေသူများ ပြည်သူတွေကို စိတ်အနှောက်အယှက်ဖြစ်အောင် ခြိမ်းခြောက်မနေကြပါနဲ့ ဗျာ ။ ပြည်သူတွေမှာ စိတ်ပျက်စရာတွေချည်း ကြုံနေကြရတာပါ ။ 
စားဝတ်နေရေး ဒုက္ခက တမျိုး ပညာရှင်ကြီးတွေ စိတ်ဒုက္ခပေးတာ တမျိုးနဲ့မို့ အာရုံနောက်နေကြလို့ပါ ။ 

        ကိုရွှေမျိုးဝင်း 

(ဒီလိုတော့ တွေ့တာပဲ တကယ်မတတ်ပဲ ပြည်သူကို ခြိမ်းခြောက်နေရင် နမူနာကြည့်ထားကြဗျာ)