Monday, March 14, 2022

သာသနာ သက်တော်ရှည်ရေး


       ထေရဝါဒ ဗုဒ္ဒဘာသာ နိုင်ငံအဖြစ် ကမ္ဘာက အသိအမှတ်ပြုထားသော မြန်မာနိုင်ငံဟာ လူဦးရေ ၅၄ သန်း အနက် 87 % ကိုးကွယ်သော ဗုဒ္ဓဘာသာ သည် နိုင်ငံသက်တမ်း တလျှောက် ( သူ့ကျွန်ဘဝ နှစ် တရာ ထည့်တွက်ထားသည်) နှစ်ပေါင်း ထောင်ချီ တည်တံ့ခဲ့သော ဘာသာကြီး တခုဖြစ်ပါတယ် ။ 

       မည်သည့်ခေတ် မည်သည့် အစိုးရ အဆက်ဆက် ဖြစ်စေ အရောင်အရှိန် မမှေးမှိန်ခဲ့သော ဗုဒ္ဓဘာသာသည်ကား ယခု ပြီးခဲ့သည့် ၂၀၁၆ မှ စတင်ပြီး စနစ်တကျ ဖျက်ဆီးခြင်း ခံခဲ့ရပါတယ် ။ 

       NLD ပါတီရဲ့ လစ်ဘရယ် အရမ်းဆန်ပြချင်နေသော နိုင်ငံတကာ ဘုံကျွန်မူဝါဒ အရ ဗုဒ္ဓဘာသာကို နိုင်ငံရေး ရည်မှန်းချက် အတွက် ချပြီး နင်းခြေဖျက်ဆီးလာတာကို တွေ့ရပါတယ် ။ 

       INGO များ နဲ့ NGO များကလည်း စနစ်တကျ ဖျက်ဆီးခဲ့တာ တွေ့ရပါတယ် ။ လူငယ်လူရွယ်တွေရဲ့ စိတ်ထဲမှာ ဘာသာတရား အလေးထားလိုသော စိတ်များ ပျောက်ကွယ်သွားအောင် ဘက်ပေါင်းစုံကနေ နည်းလမ်းပေါင်းစုံနဲ့ ညီညာဖျဖျ လုပ်ဆောင်လာကြပါတယ် ။ 

        NLD ပါတီရဲ့ မူဝါဒကိုပင် ဗုဒ္ဓဘာသာအား အားနည်းချိနဲ့အောင် ဆောင်ရွက်မယ်လို့ အတိအလင်းပြောဆိုလုပ်ကိုင်လာတာ တွေ့ရပါတယ် ။ နိုင်ငံဖျက် ဘာသာဖျက်ချင်နေသော အစုအဖွဲ့များဟာ အင်မတန် သွက်လက်မြန်ဆန်စွာ ဘာသာ သာသနာ နဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေကို ဖျက်ဆီးဖို့ အားစိုက်ပြီး တွင်ကျယ်စွာ ဆောင်ရွက်လာကြပါတယ် ။ 

         မိဘများရဲ့ ဆိုဆုံးမမှုကို ဆန့်ကျင်ရန် ၊ ဆရာများရဲ့ လမ်းညွှန်မှုများကို ကန့်လန့်တိုက်ရန် ၊ သံဃာများရဲ့ ထေရဝါဒအယူအဆများကို အယုံအကြည်မဲ့လာစေရန် လူငယ်များအား ပညာရေး ကျန်းမာရေး ပရဟိတ အမည်ခံ သင်တန်းပေါင်းစုံ သင်ကြားပေးရေး ခေါင်းစဉ်တွေနဲ့ အဆိပ်ခတ်လာကြပါတယ် ။ 

           NLD အစိုးရ နဲ့ INGO ၊ NGO များ အယောင်ဆောင်ပရဟိတများရဲ့ ပယောဂနဲ့ မြန်မာလူငယ်တွေရဲ့ နှလုံးသားထဲမှာ နုညံ့သိမ်မွေ့သော ယဉ်ကျေးမှု အတွေးအခေါ်များ ဆိတ်သုန်းလာကြပါတယ် ။ 

     ကလေးသူငယ် အခွင့်အရေး ကျောင်းသားအခွင့်အရေး လူငယ်အခွင့်အရေး အစရှိတဲ့ ခေါင်းစဉ်အမျိုးမျိုး နဲ့ မြန်မာ့ယဉ်ကျေးမှု ဖြစ်တဲ့ ဘုရား တရား သံဃာ မိဘ ဆရာ ဆိုတဲ့ အနန္တောအနန္တ ငါးပါးအနက်မှ မျက်မြင်သက်ရှိ သံဃာ မိဘ ဆရာ တွေ အပေါ် လူငယ်တွေ စော်ကားရဲလာစေရန် နဲ့ ဆိုဆုံးမမှုတွေကို ဆန့်ကျင်စေပြီး မိုက်ရိုင်းလာစေရန် သွေးထိုးပေးခဲ့ကြပါတယ် ။ 

            အဲဒီ အကျိုးဆက်တွေအဖြစ် မြန်မာလူငယ်တွေဟာ သံဃာတွေကို ပြန်လည်ဆဲဆိုလာကြခြင်း ၊ ဆရာများအပေါ် အရိုအသေကင်းမဲ့စွာ ဆက်ဆံလာခြင်း နဲ့ မိဘအပေါ်မှာတောင် ကလန်ကဆန်ပြုကျင့်လာခြင်းတွေဟာ တွင်ကျယ်လာပါတယ် ။ 

        ၂၀၂၁ တပ်မတော်မှ အာဏာလွှဲပြောင်းရယူပြီးနောက် မြန်မာလူငယ်တွေရဲ့ အပြုအမှုတွေဟာ ကမ်းအောင်အောင် ရိုင်းစိုင်းယုတ်မာ တဲ့ အဆင့်ထိ အောက်တန်းကျသွားတာကို ထိတ်လန့်ဖွယ် မြင်တွေ့လိုက်ရပါတယ် ။ 

        ဆန္ဒပြရာမှာ မပါဝင်တဲ့ ဆရာ ဆရာမ တွေကို တပည့်တွေက ဆဲဆိုရန်စ ခြိမ်းခြောက်ကြသတဲ့ ။

       ဆန္ဒပြရာကို မပါဝင်ဖို့ ဆုံးမတဲ့ မိဘတွေကို သားသမီးတွေက မိဘအဖြစ်က စွန့်လွှတ်သတဲ့ ။

      ဆန္ဒပြရာ မပူးပေါင်းတဲ့ သံဃာတွေကို ဆဲဆိုခြိမ်းခြောက် ဆွမ်းမလောင်းဖို့ နှိုးဆော် နဲ့ နောက်ဆုံး အင်မတန်ယုတ်မာအောက်တန်းကျတဲ့ အပြုအမူအဖြစ် ထမီမှာ ဆရာတော်ကြီးရဲ့ ပုံတော်တွေ ကပ်တဲ့အထိ အစွမ်းကုန် မိုက်ရိုင်းပြခဲ့ကြပါပြီ ။ 

      ကျနော်တို့ တတွေ ပြန်လည်သုံးသပ်ကြရပါပြီ ။ ဘာသာ သာသနာနဲ့ မျိုးဆက်သစ်တွေကို ပြန်လည်ပေါင်းစည်းကြဖို့ အဆမတန် အားထုတ်ကြရပါတော့မယ် ။ 

           အစိုးရနဲ့ သံဃာ ညီညွှတ်စွာ ပူးပေါင်းဆောင်ရွက်မှသာ အနာဂါတ်သာသနာအတွက် စိတ်အေးရပါတော့မယ် ။ ဘယ်လို ဆောင်ရွက်ကြရမလဲ တွေးတောကြံဆကြရပါတော့မယ် ။ 
                        
        ဦးစွာ စဉ်းစားသင့်တာက အထိရောက်ဆုံးဖြစ်တဲ့ ပညာရေးစနစ်ကနေ ကလေးတွေရင်ထဲကို ဘာသာ သာသနာ အသိစိတ်ဓါတ် သွတ်သွင်းပေးဖို့ လိုနေပြီလို့ အားလုံးလက်ခံကြရပါတော့မယ် ။ 

        သင်သင့် သင်ထိုက်သော ဘာသာရေး အသိများကို ဓမ္မစကူးများ ယဉ်ကျေးလိမ္မာ သင်တန်းများ ပို့ချနေယုံမျှဖြင့် မလုံလောက်တော့ကြောင်းကို အားလုံးသိလောက်ပါပြီ ။ 

       ကျောင်းသင်ရိုးမှာ ဘာသာ သာသနာ အတွက် အချိန်တခု ရေးဆွဲပြီး သင်ကြားစေရပါမယ် ။ (အခြား သာခြားများအတွက် ခြွင်းချက်အနေနဲ့ သင်ကြားမှု ကင်းလွတ်ခွင့် ပြုကြရပါမယ် ) 

          ဘာသာရေး သင်ခန်းစာများ ပို့ချရန်အတွက် သက်ဆိုင်ရာ စာတတ်ပေတတ် ရဟန်းသံဃာများမှ စနစ်တကျ သင်ကြားပေးရပါမယ် ။ ဒါမှသာလျှင် သံဃာများနဲ့ ပြောဆိုမှုများအား လူငယ်များ ကလေးများ ငယ်ရွယ်စဉ်ကပင် ပြောဆို ဆက်ဆံတတ်လာပြီး ယဉ်ကျေးလာပါလိမ့်မယ် ။ 

         စာသင်ချိန်များမှ ထုတ်နုတ်သင်ကြားရန် အချိန် အခက်အခဲရှိပါက စနေ တနင်္ဂနွေ ကဲ့သို့သော တရက်အချိန်ပေးလျှင်ရနိုင်ပါတယ် ။ (ဘာသာရေး ယဉ်ကျေးမှု သင်ကြားရမည့် ရက်တွင် မည်သည့် ကျူရှင်မျှ ဖွင့်လှစ်ခြင်း မရှိစေရန် ဥပဒေတင်းကျပ်စွာ ပြဌာန်းထားရပါမယ် )

        ဘာသာရေး သင်ကြားချိန်အား ဘာသာခြား ကျောင်းသား ကျောင်းသူများမှ အပ ဗုဒ္ဓဘာသာ မှန်သမျှ မပျက်မကွက် တက်ရောက်ရန်နှင့် သင်ကြားမှု ရလာဒ်များအား အတန်းတင်စာမေးပွဲ အတွက် ချိတ်ဆက် အကျိုးသက်ရောက်စေရန် ဥပဒေ ပြင်ဆင်သင့်ပါတယ် ။ (ဗုဒ္ဓဘာသာဝင် ကျောင်းသား ကျောင်းသူလေးများအလေးအနက်ထားကြစေရန်)

            အချိန်တိုအတွင်း ဘာသာရေး သင်ရိုးညွှန်းတန်း ရေးဆွဲဖို့ ခက်ခဲမယ် ထင်ပါသလား ။ မခက်ခဲလောက်ပါကြောင်း ကျနော် သာဓကတခု ပြောပြချင်ပါတယ် ။ 

     ဆရာကြီးဒေါက်တာမင်းတင်မွန် အကြောင်းကို အားလုံးသိပြီးသားမို့ အထူးပြောပြစရာ မလိုတော့ပါဘူး ။ ဆရာကြီးက NLD လက်ထက်မှာ ဘာသာ သာသနာ အတွက် နဲ့ ယဉ်ကျေးမှုအတွက် အင်မတန်စနစ်ကျသော ဘာသာရေး သင်ရိုးညွှန်းတန်းကြီးအား အလွန်အားထည့် ပြုစုရေးသားခဲ့ပါတယ် ။ 

         ဆရာကြီးက သူအင်မတန် အလေးထားပြုစုရေးသားထားသော သင်ရိုးကြီးအား စနစ်တကျပြင်ဆင်၍ ဒေါ်စုကြည်နဲ့ သွားရောက်တွေ့ဆုံခဲ့ပါတယ် ။ 

           တွေ့ဆုံခွင့်ရချိန်မှာ စနစ်တကျတင်ပြပြီး စာသက်ကျောင်းတွေမှာ ထည့်သုံးဖို့ အကြံပြုချိန်မှာ ဒေါ်စုကြည်က တိုင်းပြည်အတွက် အရေးမကြီးကြောင်း အခြားဘာသာများလည်း ရှိနေကြောင်း စီးပွားရေးသာအရေးကြီးကြောင်း ဘာသာ နဲ့ ယဉ်ကျေးမှုများဟာ အရေးမကြီးတော့ကြောင်း ၊ အမျိုးသားရေးအတွက် ဆိုတာ အမြင်ကျဉ်းကြောင်း ပြောဆိုပြီး ပယ်ချခဲ့လို့ ဆရာကြီး ရင်ကွဲပက်လက်ပြန်ခဲ့ရပါတယ် ။

         ကျနော်ပြောချင်တာက ဆရာကြီးမင်းတင်မွန် စနစ်တကျ ပြုစုထားတဲ့ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်ရိုးဟာ အဆင်သင့်ရှိပြီး ဖြစ်ပါတယ် ။ အားလုံးစုပေါင်းပြီး ပြင်ဆင်ဖြည့်စွက်ယုံနဲ့ အသုံးချလို့ ရတဲ့အဆင့် ရောက်သွားနိုင်မှာ သေချာပါတယ် ။ 
          
            ယခုမြန်မာပြည်၏ အမျိုးသားယဉ်ကျေးမှု နဲ့ ဗုဒ္ဓဘာသာသည် ဘက်ပေါင်းစုံက နည်းပေါင်းစုံနဲ့ ချိနဲ့ သွားအောင် တိုက်ခိုက်ခံနေရပြီးသော အနေအထား ဖြစ်နေပါတယ် ။ 

        ဘာသာ သာသနာ နဲ့ ယဉ်ကျေးမှုကို ထိမ်းသိမ်း ပြန့်ပွား တည်တံ့အောင် ဆောင်ရွက်တဲ့ နေရာမှာ အစိုးရမင်းများရဲ့ အထောက်အပံ့ဟာ အလွန်အရေးကြီးလှပါတယ် ။ 

       ရှေးယခင်က ဖြစ်ခဲ့ဖူးသော သိုဟန်ဘွားအား မင်းမြှောက်မိသဖြင့် ဗုဒ္ဓဘာသာများ သတ်ဖြတ်နှိပ်စက်ခြင်း ခံခဲ့ရသော ဖြစ်စဉ် နှင့် ယခုခောတ် NLD ကဲ့သို့သော ဘာသာဖျက် ပါတီအပေါ် အာဏာအပ်မိသဖြင့် ဘာသာ သာသနာ ညှိုးနွမ်းမျက်နှာငယ်စွာဖြင့် စော်ကားခံ တိုက်ခိုက်ခံရသည့် နမူနာများကို ကောင်းစွာ မှတ်သားပြီး သင်ခန်းစာယူကြရပါမယ် ။ 

          နောင်အရှည်သဖြင့်အတွက် ကျောင်းသင်ရိုးတွင် ဗုဒ္ဓဘာသာ နှင့် အမျိုးသားယဉ်ကျေးမှု သင်ရိုးများ ထည့်သွင်းသင်ကြားရန် စဉ်းစားသကဲ့သို့ လတ်တလောကာလ အတွက် အကာအကွယ် အထောက်အပံ့ ဖြစ်စေချင်းငှာ ဥပဒေနဲ့ ကာကွယ်ပေးရန်လည်း လိုအပ်နေပါပြီ ။ ဥပမာ

   { ပုဒ်မ ၃၆၁ နိုင်ငံတော်သည် ဗုဒ္ဓဘာသာ သာသနာတော်ကို နိုင်ငံသားအများဆုံး ကိုးကွယ်ရာ ဖြစ်သော ဂုဏ်ထူးဝိသေသနှင့် ပြည့်စုံသည့် ဘာသာ သာသနာ ဖြစ်သည်ဟု နိုင်ငံတော်က အသိအမှတ်ပြုသည် }

       ဆိုတဲ့ ဘာကို ရည်ညွှန်းမှန်းမသိတဲ့ အူကြောင်ကြောင် ဝိသေသအစား တိကျခိုင်မာသော ကာကွယ်ပေးမည့် ၊ ထောက်ပံ့ပေးမည့် စကားလုံးများဖြင့် ပြင်ဆင်ဖြည့်စွက်နိုင်ရန် ကြိုးစားကြရပါမည် ။ 
                
          ထို့အပြင် ယနေ့ ပြောဆိုနေကြသော သံဃာများ ဆန္ဒမဲ ပေးခွင့်ပြုရန် ကိစ္စအပေါ် ကျနော်၏ တဦးတည်းအမြင်အရ မလုပ်သင့်ဟု ယူဆမိပါတယ် ။ အဘယ့်ကြောင့်ဆိုသော် ရဟန်းသံဃာများ၏ စည်းလုံးညီညွှတ်မှုအတွက် သေချာပေါက် သံဃာဂိုဏ်းကွဲသွားရမယ့် ကိစ္စကြီး ဖြစ်နေယုံသာမက ကိုးကွယ်သူ ဒကာ ဒကာမ အများအပြားအတွက်ပါ စိတ်ဝမ်းကွဲသွားစေနိုင်လို့ ဖြစ်ပါတယ် ။ 

       ထို့ကြောင့် သံဃာများ မဲပေးခွင့် ကိစ္စအား ခွင့်မပြုသင့်ပါဘူး ။ သံဃာများအတွက် လိုအပ်ချက်များ ရှိလာနိုင်သည့်အပေါ်တွင် ဥပဒေနှင့် အညီ တရားဝင် တင်ပြနိုင်စေရန် ဤသို့ စီစဉ်ပေးပါရန် တောင်းဆိုသင့်ကြပါတယ် ။ 

       လွတ်တော်သက်တမ်း ၅ နှစ်အတွင်း တနှစ်လျှင် အနည်းဆုံး တကြိမ် သံဃာခေါင်းဆောင် ဆရာတော်ကြီးများ တက်ရောက်ပြီး သြဝါဒချီးမြှင့်ခြင်း နှင့် သံဃာထုအတွက် အမှန်တကယ် လိုအပ်ချက်များအား လွတ်တော်မှ တဆင့် တင်ပြတောင်းဆိုခွင့် ရရှိအောင် ဆောင်ရွက်ခြင်းက သံဃာများ မဲပေးခွင့်ထက် အရေးပါ ထိရောက်ပြီး သံဃာခြင်း သွေးကွဲရမည့် အဖြစ်ဆိုးမှ ရှောင်လွှဲနိုင်မည်ဟု ယူဆမိပါတယ် ။ 

       ဒီကိစ္စတွေကို ဆောင်ရွက်နိုင်ရန် တပ်မတော် တာဝန်ယူထားသော အချိန်တွင် စတင်အုတ်မြစ်ချနိုင်ဖို့ လွန်စွာ အရေးကြီးပါတယ် ။ ဘာကြောင့်လဲလို့ မေးခဲ့ရင် ပါတီအခြေခံရမယ့် အစိုးရများ နဲ့ တပ်မတော်အစိုးရတို့ရဲ့ သဘောသဘာဝခြင်း မတူညီမှုကြောင့် ဖြစ်ပါတယ် ။ ထင်ရှားတဲ့ ဥပမာ တင်ပြချင်ပါတယ် ။ 
          
        ယနေ့ တပ်မတော်က တည်ထားကိုးကွယ်ရန် ပြင်ဆင်နေသော ကမ္ဘာ့အကြီးဆုံး စကျင်ကျောက်ဆင်းတုတော်ကြီးကို အားလုံးသိကြပါတယ် ။ အဲဒီကျောက်တုံးကြီးကို မူလတုန်းက ဤသို့ ဗုဒ္ဓရုပ်ပွားတော် ဆင်းတုကြီး ထုဆစ်ပူဇော်ရန် ဒေါ်စုကြည်ထံသို့ ဥိးစွာသတင်းပို့ လှူဒါန်းခဲ့ပါတယ် ။ 

        အခြားဘာသာဝင်များ စိတ်မကောင်းဖြစ်မည်ဟူသော အကြောင်းပြချက်ဖြင့် ဒေါ်စုကြည်ဟာ တာဝန်ယူတည်ထားဖို့ ငြင်းဆန်ခဲ့လို့ တပ်မတာ် ကာကွယ်ရေးဦးစီးချုပ်ထံ တင်ပြလှူဌာန်းမှသာ ယခုလို အကောင်အထည် ပေါ်လာခဲ့ရပါတယ် ။ 

       ဒီဖြစ်စဉ်ကို ကြည့်ပါက နိုင်ငံရေးသမား အချို့ဟာ ဘာသာ သာသနာ အရေးထက် give & take (အပေးအယူ) ကိုပဲ အထူးအလေးထားပြီး အာဏာပွဲစားအဆင့် လုပ်စားတတ်ကြတာ သင်ခန်းစာယူကြရပါမယ် ။ 

        တပ်မတော်သည်ကား အာဏာပါဝါအတွက် ဆန္ဒမဲ မလိုသော ၊ အခြားတိုင်းတပါး ဘာသာခြား လူမျိုးခြားတို့၏ ထောက်ပံ့မှု မလိုသော တနည်း လွတ်လပ်သော အဖွဲ့အစည်း ဖြစ်နေလို့ အနှောင်အဖွဲ့ ကင်းစွာနဲ့ မိမိလူမျိုး မိမိတိုင်းပြည် မိမိဘာသာ သာသနာအတွက် လိုအပ်သည့် ဥပဒေများအား ဖြည့်စွက်ပြင်နိုင်မယ့် အစိုးရ ဖြစ်တယ်လို့ ရာနှုံးပြည့် သတ်မှတ်ရပါ့မယ် ။ 

          တိုင်းပြည်အတွက် ဘာသာ သာသနာ နဲ့ အမျိုးသားယဉ်ကျေးမှုများ ကွယ်ပျောက်သွားနိုင်တဲ့ အနေအထားမှ လွန်မြောက်လာပြီးနောက် ပြန်လည်ထွန်းကား တည်တံ့ ပျံ့ပွားစေရန် အထက်ပါ အချက်များအား တပ်မတော်အစိုးရ၏ ထောက်ပံ့မှုဖြင့် အလျှင်အမြန် အကောင်အထည်ဖော်နိုင်လျှင် အကျိုးများဖွယ် ရှိကြောင်း တွေးဆ တင်ပြလိုက်ရပါတယ် ခင်ဗျား ။

    ကိုရွှေမျိုးဝင်း