Wednesday, February 9, 2022

အကြောက် နဲ့ ကွဲပြားခြားနားခြင်း


           ကျနော့်ကို တချို့က နားမလည်ဖြစ်နေကြတာ တွေ့ရတယ်ဗျ ။ ကာလရှည် မိတ်ဆွေဖြစ်ခဲ့သူတွေကတော့ အကြောင်းသိတွေမို့ ပြဿနာ မရှိပါဘူး ။ 

         တချို့လူတွေ မျက်စေ့လည်တာလည်း မပြောနဲ့ ကျနော်ရေးနေတာလည်း လိုင်းပေါင်းစုံနေတာကိုး ။

- သရဲဖမ်းတာပဲ ဖတ်မိသူက တမျိုး ၊

- သစ်လောကပဲ ဖတ်မိသူက တမျိုး ၊

- ငယ်ဘဝပဲဖတ်မိသူက တမျိုး ၊

- ပြုံယမ်းပဲဖတ်မိသူက တမျိုး ဖြစ်နေသလို

 နိုင်ငံရေးဝေဖန်မှုတွေကိုလည်း ဟိုဖက်ဆော်လိုက် ဒီဖက်ဆော်လိုက်နဲ့ဆိုတော့ ကျနော့်ရပ်တည်ချက်ကို မှန်းရခက်နေတာလည်း နားလည်ပါတယ် ။ 

        တကယ်တန်းကျတော့ ကျနော်သည် တပ်မတော်ကို အစဥ်လေးစား ထောက်ခံသူဖြစ်ပါတယ် ။ တပ်မတော်ရဲ့ စွမ်းရည် သတ္တိ နဲ့ လုပ်ကိုင်နိုင်စွမ်းကိုလည်း သာမန်လူတွေထက် သိရှိနားလည် သဘောပေါက်သူ ဖြစ်ပါတယ် ။ 

        ကျနော်ဝေဖန်နေတာ အိမ်စောင့်အစိုးရ နဲ့ နစက ရဲ့ မူဝါဒ တွေရဲ့ အကျိုးသက်ရောက်မှုတွေကို ဝေဖန်နေတာပါ ။ တပ်မတော်ရဲ့ ရပ်တည်ချက်နဲ့ စွမ်းဆောင်ရည်ကို သရော်​စော်ကား ဘယ်တော့မှ မရေးသားပါဘူး ။ 

       တပ်ချုပ်ကြီးရဲ့ မူဝါဒ အကျိုးသက်ရောက်မှုကို ထောက်ပြဝေဖန်နေတာ တပ်မတော်ကို သွေးခွဲနေတာ မဟုတ်ပါဘူး ။ ဒါကို မရှင်းလင်းပဲ ကျနော့်ကို အမြင်မရှင်းဖြစ်နေတာ အထူးသဖြင့် တပ်ချုပ်ကြီးကို အလွန်အကျွံ စာနာ လေးစားနေကြတဲ့ လူတစုပဲ ဖြစ်ပါမယ် ။

          ကျနော်လည်း ရေးတတ်ပါတယ် ၊ တပ်ချုပ်ကြီးရဲ့ အကွက်တွေ ဘယ်လိုလှတယ် ၊ နိုင်ငံတကာရဲ့ အန္တရာယ်ကနေ ဘယ်လိုအကွက်နဲ့ ရှောင်ထွက်ခဲ့ရတာ ၊ ပြည်သူတွေ အသတ်ခံရတာကို မကာကွယ်နိုင်သေးတာ UN ကြောင့် USA ကြောင့် ၊ အခုဆို ဘလာ ဘလာ အစ ရှိသည်ဖြင့် ရေပက်မဝင်အောင် ရေးပြတတ်ပါတယ် ။ 

        ဒီလို ရေးရမယ့် ကာလ ၊ အခြေအနေ အချိန်အခါဟာ ကျော်လွန်သွားပြီ ဖြစ်ပါတယ် ။ နစ်နာနေရတဲ့ ပြည်သူတွေကို အားမနာပဲ မိမိရပ်တည်ချက် ခြေကုတ်ရရေး ရည်မှန်းပြီး မျိုးဝင်း ဘယ်တော့မှ ဖားယားမရေးပါဘူး ။ 

         အခုလို ပြင်းပြင်းထန်ထန် ဝေဖန်နေတော့ ခင်မင်ရသူတွေက မေတ္တာနဲ့ သတိပေး တားမြစ်ကြပါတယ် ။ ကျနော်လည်း မိမိရပ်တည်ချက်အတွက် အဲလို လာတားနေတာကို မနှစ်သက်ပါဘူး ။ စေတနာ နဲ့ တားနေပေမယ့် ကျနော့်ရဲ့ ပြည်သူ့အတွက် ဆိုတဲ့ ဆန္ဒဇောက ပိုများနေလို့ သိသိနဲ့ ရှေ့ဆက်တိုးနေမှာပါပဲ ။ 

        ကျနော်တို့ ပြည်သူတွေမှာ ရောဂါဘေး ၊ စစ်ဘေး ၊ အငတ်ဘေး သုံးမျိုးလုံး ကြုံနေရချိန်မှာ ကျနော် ကိုယ်အန္တရာယ်ကင်းရေး ကိုယ်အဆင်ပြေရေး တခုတည်း ကြည့်ပြီး ဖားယားမနေနိုင်ပါဘူး ။ 

         ဒုက္ခရောက်နေတဲ့ ပြည်သူတွေကိုယ်စား

- ကျနော် လူကြီးတွေကြားအောင် အော်ပြောပေးရပါ့မယ် ၊ 

- ကြိုက်ကြိုက် မကြိုက်ကြိုက် အသုံးတည့်တည့် မတည့်တည့် မိမိစဥ်းစားမိသမျှ နည်းလမ်းတွေကို အကြံပြုနေရမှာပါပဲ ၊ 

- တိုင်းပြည်အတွက် အကျိုးယုတ်မယ့် ဆုံးဖြတ်ချက်တွေကို ဝေဖန်နေရအုံးမှာပါပဲ ၊ 

 - PDF နှိမ်နင်းရေးအတွက် ရလာတဲ့ သတင်းတွေကို ပေးပို့နေအုံးမှာပါပဲ ။ 

       အဲဒါတွေ လုပ်နေလို့ မကြောက်ဖူး မထင်ပါနဲ့ ။ ကျနော်လည်း သာမန်လူသားပါပဲ အကြောက်တရား ရှိပါတယ် ။ ကျနော်ကြောက်တာ ခင်ဗျားတို့ထက် ပိုတယ် ဗျ...

- ထောင်ကျမှာ ကြောက်တာပေါ့ ဒါပေမယ့် တတိုင်းပြည်လုံး တိုင်းတပါးထောင်ချောက်ထဲ ကျသွားမှာ ပိုကြောက်လို့ နစက ကို ဝေဖန်တာပါ ။ 

- PDF လုပ်ကြံမှာ မကြောက်ဖူးလား မေးရင် သေမှာ လူတိုင်း ကြောက်တာပေါ့ ဒါပေမယ့် PDF ရှင်သန်နေရင် ဘာသာ သာသနာ သေဆုံးပျောက်ကွယ်မှာ ပိုကြောက်လို့ ကျနော် PDF အမြစ်ပြတ်ချေမှုံးရေး လှုံ့ဆော်နေတာပါ ။ 

- မိသားစုနဲ့ခွဲနေရတာ မကြောက်ဖူးလား ဆိုတော့ ဘယ်ခွဲခွာချင်ပါ့မလဲ ဒါပေမယ့် ပြည်ထောင်စုကြီး ပြိုကွဲသွားရင် မိသားစုပေါင်းများစွာ ခွဲခွာနေရမှာ ပိုကြောက်လို့ တတ်နိုင်သလောက် ရေးနေတာပါ ။ 

- အမှန်တရားတွေ ဖော်ထုတ်နေလို့ လူမုန်းမှာ မကြောက်ဖူးလား ဆိုတော့ ကြောက်တာပေါ့ ဒါပေမယ့် ဖိနှိပ်ခံ ပြည်သူတွေ အတွက် အမှန်တရား ဖော်ထုတ်ခွင့် ဆုံးရှုံးသွားမှာ ပိုကြောက်လို့ ရေးနေတာပါ ။ 

          နစက ကို ဝေဖန်နေလို့ PDF ကို ထောက်ခံမလား မမေးနဲ့ ထာဝရထက် တရက်ပိုပြီး ရွံတယ် ။ 

        တပ်ချုပ်ကြီးကို ဝေဖန်လို့ ဒေါ်စုကြည်ကို ကြည်ညိုသလား မမေးနဲ့ ထာဝရထက် တရက်ပိုပြီး ရွံတယ် ။ 

       နစက ကို ဝေဖန်တာက ကောင်းသထက်ကောင်းအောင် ဆောင်ရွက်ပေးနိုင်ဖို့ ထောက်ပြအကြံပြု ဝေဖန်နေတာပါ ။ 

       တပ်ချုပ်ကြီးကို ဝေဖန်တာက တိုင်းကျိုးပြည်ပြု ပိုမိုထိရောက်အောင် ဆောင်ရွက်နိုင်ဖို့ အကြံပြု ဝေဖန်တာပါ ။ 

       ကျနော် ရေးသမျှ ပြောသမျှ အရာအားလုံးသည် ဘာသာ သာသနာ ၊ ပြည်သူ ၊ တိုင်းပြည် ၊ တပ်မတော် အကျိုးအတွက်သာ ရည်မျှော်ပြီး ထောင်မကြောက် တန်းမကြောက် ရေးသားနေခြင်း ဖြစ်ပါတယ် ။ 

      မျိုဝင်းလည်း ကြောက်သင့်တာကို အလွန်ကြောက်တတ်ပါတယ် ခင်ဗျား ။ 

        ကိုရွှေမျိုးဝင်း

(ဘာပဲ ပြောပြော ဒီနေ့ ဖြစ်နေတဲ့ နိုင်ငံရေး စစ်ရေး လွန်ဆွဲပွဲမှာ အဘ ဖက်က အပိုင်နိုင်ကွက် ရှိပြီးသားပါပဲ မြေစာပင် ပြည်သူတွေ အတွက်သာ ဝေဖန်နေကြရတာပါ)