Wednesday, February 9, 2022

အိပ်မက်ထဲမှာ ကျွေးတဲ့ထမင်း


          ဦးသိန်းစိန် လက်ထက်တုန်းက ဝန်ကြီးဦးအောင်မင်းဟာ သောင်းကျန်းသူတွေ နဲ့ ဆွေးနွေးပြီး NCA ၈ ဖွဲ့ လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ် ။ ဒါလေးအောင်မြင်ဖို့ကို ဦးအောင်မင်းတယောက် တရားဝင်ရော တရားမဝင်ကော တွေ့ဆုံခဲ့ရတဲ့ အကြိမ်ပေါင်း ထောင်ချီ ညှိနှိုင်းခဲ့ရတာ သူ့သက်တမ်း ၅ နှစ် အတွင်းမှာပါ ။ 

       အဲဒီလို အကြိမ်ရေပေါင်းများစွာ ကြိုတင်ပြင်ဆင်ပြီး အများသဘောညီတဲ့ မူဘောင်အတွင်းကနေ ဆွေးနွေးခဲ့ကြပါတယ် ။ ဒါတောင်မှ အလွှဲလွှဲ အချော်ချော်နဲ့ အစည်းအဝေးတွင်းမှာ ကြိုတင်သတ်မှတ်ထားတဲ့ အချက်အလက်တွေက သွေဖီပြီး တောင်းဆိုကြလို့ အကြိမ်ကြိမ်ပွဲဖျက်ခဲ့ကြတာလည်း ဝန်ကြီး ဦးအောင်မင်း အသိဆုံးပါပဲ ။

          ကျနော်ဒါတွေ ပြန်ပြောနေရတာက တပ်ချုပ်ကြီးရဲ့ ပြည်ထောင်စုနေ့မှာ ငြိမ်းချမ်းရေး တွေ့ဆုံပွဲ ဆွေးနွေးမယ်ဆိုပြီး ရုတ်ချည်း ကြေညာခဲ့မူအပေါ် အံ့သြလွန်းလို့ ပြန်လည်သုံးသပ်ကြည့်မိလို့ပါပဲ ။ 

       သြော်...ငါတို့အရပ်သား​တွေမသိအောင် တိတ်တဆိတ် တွေ့ဆုံပြီးမှ စီစဥ်တဲ့ ပွဲ နဲ့ တူပါရဲ့ ။ ငါတို့ မြန်မာ့တပ်မတော်ကြီးက ဒီလောက်တော့လည်း ဗရမ်းဗတာ မနိုင်လောက်ပါဘူး ပေါ့ ဖြေသိမ့်တွေး တွေးမိပါသေးတယ် ။

        KIA ၊ KNU ၊ TNLA ၊ AA ၊ MNDAA တို့ ရဲ့ ပြည်ထောင်စုနေ့ ငြိမ်းချမ်းရေး စည်းဝေးပွဲ မတက်ဖူးဆိုတဲ့ ကြေညာချက်တွေ အပြိုင်အဆိုင်ထွက်လာပြီး ဆိုရှယ်မီဒီယာမှာ မြန်မာ့တပ်မတော်က ရှုံးနိမ့်နေလို့ ငြိမ်းချမ်းရေး ကမ်းလှမ်းနေတာ ငါတို့ လက်မခံနဲ့ ဝိုင်းတိုက်ကြစို့ဆိုတဲ့ တပ်လှန့်လှုံ့ဆော်သံတွေ ကြားရတော့မှ မြန်မာ့တပ်မတော်ခေါင်းဆောင် တပ်ချုပ်ကြီးက ကြိုတင်ပြင်ဆင်မှု မရှိဘဲ ဒီပွဲကို ကပျာကယာ ထလုပ်တာမှန်း သိရပါတယ် ။ 

         ပြည်ထောင်စုသား ၅၄ သန်းရဲ့ အနာဂါတ်အတွက် အင်မတန် အရေးကြီးတဲ့ ဒီလိုပွဲမျိုးကို သတ်မှတ်ထားတဲ့ စည်းကမ်းကာလနား မရှိပဲ တယောက်တပေါက် ပြောချင်တဲ့ စကားတွေ ပြောခွင့်ပေးတော့ ဘာတွေဖြစ်မလဲ....?

        နိုင်ငံပိုင် ရုပ်သံကနေ သူပုန်ပေါင်းစုံရဲ့ မူဝါဒတွေ ၊ သွေးခွဲစကားတွေ တရားဝင် စည်းရုံးခွင့် ပေးလိုက်ရပါမယ် ၊ ငါတို့ခေါင်းဆောင်တွေကို မြန်မာ့တပ်မတော် ကြောက်နေပြီ ဆိုကာ နားမလည်တဲ့ တိုင်းရင်းသားတွေအပေါ် အမြတ်ထုတ် စည်းရုံးခွင့်ရသွားပါ့မယ် ။ 

          သောင်းကျန်းသူအခွင့်အရေးအတွက် နိုင်ငံတကာကနေ တရားဝင်ဘေးတီး တောင်းဆိုပေးနိုင်ဖို့ အခွင့်အလမ်းရသွားပါ့မယ် ။ 

         သူ့ဖက်က အဲလို အမြတ်ထွက်ပြီး ကိုာ့်ဖက်က ဘာပြန်ရနိုင်သလဲတွေးကြည့်ပါ ။ လက်နက်ကိုင်တွေဟာ အစဥ်တစိုက်တောင်းဆိုနေကြတာ ဖက်ဒရယ် အကြောင်းပြ ကွန်ဖက်ဒရိတ် အဆင့်ဖြစ်ပါတယ် ။ 

          ညှိလို့မရတဲ့ အဆိုပါ ဖက်ဒရယ် နဲ့ ကွန်ဖက်ဒရိတ်ရဲ့ ခြားနားချက်ဟာ အင်မတန်ကြီးမားလှပါတယ် ။ ပြောဖူးပေမယ့် မဖတ်ဖူးသေးသူ အရပ်သားတွေ အလွယ်နားလည်မယ့် အဓိပ္ပါယ် ကို ပြန်ရှင်းပါ့မယ် ။ 

       ဖက်ဒရယ်ဆိုတာ ဗဟိုအစိုးရက အာဏာများစွာ ရယူထားပြီး ဆုံးဖြတ်ခွင့်ရှိတဲ့ အုပ်ချုပ်ရေးစနစ် ။

      ကွန်ဖက်ဒရိတ်ဆိုတာ ပြည်နယ်တွေမှာ ကိုယ့်မင်းကိုယ့်ချင်း အုပ်ချုပ်မယ် အထူးသဖြင့် အခွန်အတုတ်နဲ့ သယံဇာတ စိတိတိုင်းကျစီမံခန့်ခွဲမယ် ဗဟိုအစိုးရ ကိုယ်နေရာ ကိုယ်နေ ဆိုတဲ့ အုပ်ချုပ်ရေးစနစ် ။ 

      အဲသလောက်ကွာပါတယ် ။ ဒီထက်ဆိုးတဲ့ နယ်မြေသတ်မှတ်ရေး ရှိပါသေးတယ် ။ နယ်မြေသတ်မှတ်တော့ ဦးနေဝင်းခေတ်မှာ အခု တိုင်းရင်းသားလက်နက်ကိုင်တွေ ဝိုင်းတောင်းကြတာ ဦးနေဝင်းအုပ်ချုပ်ဖို့ မြို့တောင် မကျန်တော့ဘူး ။ 

        ဒီတော့ ဦးနေဝင်းက ဘောင်းဘီဇစ်ဆွဲဖွင့်ပြီး မင်းတို့ ဒါကြီးရော မလိုချင်ကြဘူးလား ပြောလိုက်လို့ ပွဲပျက်သွားရတဲ့ ရာဇဝင်လည်း ရှိခဲ့ဖူးပါတယ် ။ 

       ပြောချင်တာက ပြည်ထောင်စုနေ့မှာ ကျင်းပမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ အဆိုပါ ပြဿနာတွေ ဖြစ်ပေါ်ခဲ့ရင် ဘယ်လိုဖြေရှင်းမလဲဆိုတာ ကြိုတင်ပြင်ဆင်ထားနိုင်ဖို့ပါပဲ ။ 

      ဟကောင် တပ်မတော်ခေါင်းဆောင်ကြီးတွေ ဒီလောက်ညံ့မလားကွ မင်းထက်တတ်လို့ တိုင်းပြည် အုပ်ချုပ်နေတာပေါ့ လို့ ဆိုလာခဲ့သော် ဟုတ်ကဲ့ ကျနော်လည်း ပြည်ထောင်စုကို ချစ်မြတ်နိုးသူတယောက်အနေနဲ့ တတ်နိုင်တဲ့ဖက်က တွေးတော ပူပန်မိလို့ တင်ပြခြင်းပါလို့ပဲ ပြောချင်ပါတယ် ။ 

       နိုင်ငံရေး စစ်ရေး မနားရအောင် တိုက်စစ်ဖွင့်​​နေရချိန်မှာ ဘာပဲ လုပ်လုပ် ချင့်ချိန်နိုင်လွန်းမှ တော်ကာကြမှာပါ ။ နောက်ဆက်တွဲ ဂယက်တွေကို မတွေးပဲ လုပ်ခဲ့လို့ ယနေ့ထိ ပြဿနာ မီးတောက်ကို မငြိမ်းနိုင်သေးတာ အမှန်တရားတွေပါပဲ ။

         ဒီဆွေးနွေးပွဲကြီး အောင်မြင်ပြီး ၂၀၂၂ အတွင်း ငြိမ်းချမ်းရေး လက်မှတ်ထိုးနိုင်တဲ့ သောင်းကျန်းသူ အရေအတွက် များလာရင် တပ်ချုပ်ကြီး ရာသက်ပန် အုပ်ချုပ်ဖို့ တိုက်တွန်းပါတယ် ။ 

        ဒီလိုမဟုတ်ပဲ ရှိရင်းစွဲ NCA ရှစ်ဖွဲ့ကနေ ပဲ့ သွားမယ့် အစည်းအဝေးဆိုရင်တော့ တပ်ချုပ်ကြီး ပင်စင်စားပြီး နားပါတော့လို့ တင်ပြချင်ပါတယ် ။ 

      ကျနော်တို့ ပြည်သူတွေ အတွက် ကဏ္ဍပေါင်းစုံမှာ တပ်ချုပ်ကြီးကျွေးနေတဲ့ အိပ်မက်ထဲက ထမင်းသည် အမှန်တကယ် ဗိုက်မပြည့်ပဲ မျက်လုံးဖွင့်တာနဲ့ ဗိုက်ဟောင်းလောင်းနဲ့ ငတ်မြဲ ငတ်နေတာ တနှစ်ပြည့်ပြီ ဖြစ်လို့ ဒီလို အပေးအယူနဲ့ တောင်းဆိုလိုက်ရတာပါပဲ ဗျာ ။

       ကိုရွှေမျိုးဝင်း

(ကမ္ဘောဒီးယား နဲ့ နီပေါနိုင်ငံမှာ သူပုန်ကို အပြတ်တိုက်ပြီးမှ တိုင်းပြည်ထူထောင်လိုက်တာ ကိုယ့်ကို ကျော်တက်သွားပြီ ၊ ခင်ဗျားတို့ မိုးလုံ နေလုံ ထီးအောက်ကနေ စိတ်ကူးယဥ်ဆွေးနွေးနေကြလို့တော့ ဒီတသက် လွတ်လပ်ကျယ်ပြန့်တဲ့ မြင်ကွင်းကို အမှန်တိုင်း မြင်နိုင်မှာ မဟုတ်ပါဘူး)