Tuesday, November 23, 2021

"ဒီမိုကရေစီ နှင့် သံဃာ ပြစ်မှားမှု"


ဒီနေ့(၂၁.၈.၁၆)"လော့စ်အိန်ဂျလီ"ခရိုင်၊
"ဖူလာတန်(Fullerton)မြို့"၊
"ဒေါက်တာခင်မောင်လေး+မရီမြင့်"တို့အိမ်မှာပြုလုပ်တဲ့
"သွားဆရာဝန်များ စုပေါင်းဆွမ်းကပ်ပွဲ"မှာ-
ပြောခဲ့ဖြစ်တဲ့"ဓမ္မစကားလေး"ပါ။

ဒီမှာရောက်နေတဲ့ "မြန်မာ"တို့က-
"မေးလေ့ရှိတဲ့ပြဿနာ"က-

"မြန်မာ့ဒီမိုကရေစီရေး"မှာ 
"ဆန့်ကျင်ဘက်သဘောပြုနေတဲ့ ရဟန်းတော်များ"ရဲ့"
ပြောဆို,ပြုမူချက်များ"နဲ့ပတ်သက်ပြီး-

"ဒီပုဂ္ဂိုလ်များကို 
"ရဟန်းစစ်,ရဟန်းမှန်များ"လို့ ဆိုနိုင်ပါမည်လား?

ဒီပုဂ္ဂိုလ်များကို မဖွယ်မရာ ပြောဆိုသူများမှာ
အပြစ်ဖြစ်နိုင်ပါသလား?"-ဆိုတဲ့ကိစ္စကို 
ပထမဆုံး ပြောချင်ပါတယ်။

ဒီပြဿနာမျိုး "ဦးစောမောင်"လက်ထက်တုန်းကလဲ-
"စစ်အစိုးရ"ကို "အကောင်း"ပြောခဲ့တဲ့-
"မင်းကွန်းဆရာတော်ဘုရားကြီး"အပေါ် 
"စော်ကား,ပြစ်မှားပြောကြတဲ့ ဒကာရင်း"အချို့ကို 
ပြောခဲ့ဖူးပါတယ်။

"လူတော်တော်များများ"က-
-"စစ်အာဏာရှင်စနစ်ကိုမုန်းတီးခြင်း"၊
-"ဒီမိုကရေစီကို မွတ်သိပ်လွန်းခြင်း"ကိုအကြောင်းပြုပြီး 
သူတို့"ဆန္ဒ"နဲ့ ဆန့်ကျင်တဲ့
"ဆရာတော် သံဃာတော်များ"အပေါ်-
"ဆဲရေးတိုင်းထွာ"ပြုနေကြတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး-
"ထေရဝါဒတက္ကသိုလ် ပါချုပ်ဆရာတော်ကြီး"လဲ 
မိန့်ကြားသွားပါပြီ၊

"သံဃံသရဏံ ပျက်ယွင်းတဲ့အတွက်-
မဂ်ဖိုလ် အန္တရာယ်အထိ အပြစ်ကြီးမားတယ်"-ဆိုတဲ့အကြောင်းပါ။

ဒီကိစ္စမှာ-"ဆရာ/ဒကာတာဝန်"အရ-
-"အကြိုက်"ကိုအဓိကမထားပဲ-
-"အကျိုး"ကိုသာ အဓိကထားပြီး 
"ဓမ္မဓိဋ္ဌာန်ကျကျ"ပဲ ပြောချင်ပါတယ်။

"လူတစ်ဦးချင်းစီ"အရပြောကြမယ်ဆိုရင်-

-"ဒီမိုကေရစီ"က-
"တစ်ဘဝ ဆင်းရဲကင်းရေးကိစ္စ"ပါ၊

-"သရဏဂုံ"က,
"သံသရာတစ်လျှောက်လုံး ဆင်းရဲကင်းရေး"- ဖြစ်ပါတယ်။

"တစ်ဘဝစာ အတွက်-
သံသရာကြွေး အတင်မခံသင့်ဘူး"-ဆိုတာလောက်တော့ "ဗုဒ္ဓဘာသာဝင်"တိုင်း ခံယူကြရမှာပါ။

အဲဒီတော့-
"ရဟန်းတော်"တို့ကို "ရဟန်းစစ် ဟုတ်/မဟုတ်"ဆိုတာ- "(၂၂၇)သွယ်သိက္ခာပုဒ်"အားလုံးနဲ့ တိုင်းတာရမှာမဟုတ်ပါဘူး။

အဲဒီ"သိက္ခာပုဒ်တွေ"ထဲက-

(၁)"မာတုဂါမနဲ့ ကျူးလွန်ခြင်း"၊

(၂)"အနည်းဆုံး ရွှေစင်တစ်မတ်တန်ပစ္စည်းကိုခိုးယူခြင်း"၊

(၃)"လူဇာတ်ရှိသူရဲ့အသက်ကို သေစေခြင်း"၊

၄)"ဈာန်မဂ်ဖိုလ်တရားကို "မရဘဲ ရတယ်"ပြောဆိုခြင်း"၊

ဒီ"(၄)ချက်"-တစ်ချက်ချက်နဲ့ ငြိစွန်းရင်-
"ရဟန်း"မဟုတ်တော့ဘူး၊

"မငြိစွန်းသေးသမျှ ရဟန်းစစ်/ရဟန်းမှန်"ပါပဲ။

ကျန်"သိက္ခာပုဒ်တွေ"ကတော့-
"ကျူးလွန်တဲ့ပုဂ္ဂိုလ်"မှာ "ဖြေရင် အပြစ်လွတ်"တယ်၊
မဖြေရင် "သူ့အပြစ်သူခံ"ပဲ။

(ကိုယ့်မှာ "[၅]ပါး"တည်းရှိတာတောင်-
တစ်ဝက်တင် အောင် မစောင့်နိုင်ကြဘဲနဲ့,
" (၂၂၇)သွယ်လုံး လုံခြုံရဲ့လား?"ဆိုတာကတော့ 
စဉ်းစားသာ ပြောကြပေါ့ဗျာ)

"နှိုင်းယှဉ်စဉ်းစား သတိထားစရာ တစ်ခု"ကတော့-

"၂၀၀၇-စက်တင်ဘာ-အရေးအခင်း"မှာ
"မေတ္တာပို့ကြတဲ့သံဃာများ"ကို-
"ဖမ်းဆီးနှိပ်စက်သူတွေ"ကလဲ ခု"ပြစ်မှားသူတွေ"လိုပဲ-

"(၂၂၇)-မလုံခြုံတဲ့အတွက် ရဟန်းစစ်မဟုတ်ဘူး၊
ဒါကြောင့်-
ဒီရဟန်းတွေကို နှိပ်ကွပ်ထာ အပြစ်မရှိဘူး"လို့-
"ဦးအံ့မောင်"စကားအထောက်အထားပြုပြီး ပြောခဲ့ဖူးတယ်။

အဲဒီတုန်းက-"သံဃာတွေ"နဲ့ ခု"သံဃာတွေ"..
"ပြည်သူ့ဘက်ကရပ်တည်မှု"အရကြည့်ရင်တော့
လုံးဝ မတူပါဘူး။ 
ဒါက "ပုဂ္ဂလဓိဋ္ဌာန်သဘောအရ"ပြောတာပေါ့။

"ဓမ္မဓိဋ္ဌာန်ကျကျ"စဉ်းစာရင်တော့-
"သမုတိသံဃာရဲ့ အတွင်းစည်း"ဖြစ်တဲ့-
"ပါရာဇိက(၄)ပါး'နဲ့တိုင်းကြည့်ရင်-
"ရဟန်းတု/ရဟန်းယောင်"လို့မဆိုနိုင်ကြတာချင်း အတူတူပါ။

(ဒါဟာ ကျုပ်ကိုယ်တိုင်ရဲ့ ပုဂ္ဂလဓိဋ္ဌာန်ခံစားချက်ကို 
လုံးဝဘေးဖယ်ထားပြီး ဓမ္မဓိဋ္ဌာန်သန့်သန့်နဲ့ 
ပြောတဲ့စကားပါပဲ)

"ရဟန်းမဟုတ်တော့ဘူး"-လို့သတ်မှတ်နိုင်တဲ့,
"ပြစ်မှုကြီး(၄)ခု မကျူးလွန်သေးသမျှ"-
"ရဟန်းအစစ်"ပဲဖြစ်လို့-

-ဆဲရေးတိုင်းထွာပြုမယ်၊
-ခြိမ်းခြောက် ကြိမ်းမောင်းမယ်၊
-သူများတွေ မလှုချင် မတန်းချင်အောင် 
ပြောဆိုဝါဒဖြန့်မယ်-ဆိုရင်..

"ဘိက်ခူ အက်ကောသတိ,ပရိဘာသတိ,
ဘိကျခူနံ အလာဘာယ ပရိသကျကတိ"-စတဲ့,

"ပြစ်မှုတွေကို ကျူးလွန်တာ"-ပဲဖြစ်လို့-

(ပါချုပ်ဆရာတော်ကြီးပြောသလို)
"သံသရာ အပြစ်" ကြီးပါတယ်။

"တိပိဋကဓရ(ယော)ဆရာတော်"ကလဲ-
လူတွေက "ရှင်ဒေဝဒတ်"ကို-
"ဒေဝဒတ်ကြီး"လို့ခေါ်,ပြောနေတာနဲ့ ပတ်သက်လို့ 
အမိန့်ရှိဖူးတယ်။

"ရှင်ဒေဝဒတ်ဆိုတာလဲ ရဟန်းတစ်ပါးပဲဖြစ်လို့
တခြားရဟန်းတော်များကိုခေါ်သလို-
"ရှင်"ဆိုတာလေးထည့်ပြီး-
"ရှင်ဒေဝဒတ်"လို့ပဲခေါ်ဆိုပါ"-လို့ဆုံးမဖူးပါတယ်။

ဟုတ်ပါတယ်၊

သူ့လို
-"ဘုရား"ကို"သွေးစိမ်း"တည်အောင်လုပ်တာ၊ 
-"သံဃာသင်းခွဲ"တာတွေနဲ့-
"အနန္တရိယကံကြီး တွေထိုက်နေသူ"ကိုတောင်-
"ရဟန်းကောင်းဘဝနဲ့နေခဲ့ချိန်"တွေကိုပါ သိမ်းကျုံးပြီး 
မပြစ်မှားသင့်ပါဘူး။

ဒီနေ့"မြန်မာပြည်"မှာ-
"ကိုယ်ပြစ်မှားနေမိတဲ့ရဟန်းတွေ"ထဲမှာ,
"ရှင်ဒေဝဒတ်"လောက်-"အပြစ်ကြီးသူ"
"တစ်ဦး"မှမပါတာတော့ သေချာပါတယ်နော်။

"အထူးသတိပေး"ချင်တာကတော့-
"ရဟန်းကောင်း ဟုတ်/မဟုတ်ကို 
ဒီမိုကရေစီ ထောက်ခံ/မထောက်ခံ"ဆိုတဲ့'စံ'နဲ့သာ 
မတိုင်းတာ,မပြစ်မှားမိကြဖို့ပါ။

"ကျောက်ကြီးရာ မခိုတဲ့ငါး-
ကွန်ချက်မိတတ်တယ်၊

ကျောက်ကြီးရာ ငါးခိုမှ၊
ကွန်ချက်ကလွတ်မယ်"-ဆိုတဲ့
ရှေးသူဟောင်းဆုံးမစကားလဲ ရှိတယ်လေ..။

"မင်းကွန်းဆရာတော်ကြီး"ကို-
"ပြစ်မှားကြသူများ"တုန်းကတော့,
"ကန်တော့တောင်းပန်ကြဖို့"တိုက်တွန်းခဲ့ပါတယ်။

"မျက်မှောက်"အထိမသွားရောက်နိုင်ရင်လဲ-
"အဝေးကပဲ ပြစ်မှားကြတာ"ဖြစ်လို့-
"အဝေး"ကပဲ "ကန်တော့"ပါ။

အဓိက ကတော့-
"ဖူးမျော်,မာန်လျှော့,ကန်တော့ပါ၏"ဆိုတဲ့အတိုင်း
ကိုယ့်စိတ်ထဲမှာ အမှန်တကယ်"မာန်လျှော့"ဖို့ပါပဲ။

"အပြစ်"ကို "အပြစ်လို့"-
-အမှန်အကန်မြင်၊
-ကန်တော့တောင်းပန်၊
-နောက်နောင် ဒီအပြစ်မျိုးမကျူးလွန်တော့ပါ"-လို့
အခိုင်အမာဆုံးဖြတ်ချက်ချလိုက်မှ,
မာန်လျှော့ရာကျပါတယ်-ဆိုတဲ့အကြောင်း,
ရှင်းပြခဲ့လို့-သူတို့လိုက်နာကြပါတယ်။

"မာန် မချရင်"-တော့ "သံသရာ့ဝန်ထုပ်"ဖြစ်မယ်၊
မာန်ချ"-ရင် "သံသရာ့ဝန်ကင်းမယ်"

"ရောဂါပျောက်ကင်းချင်ရင် ဆေးမငြင်းကြနဲ့"လို့
အကြံပေးချင်ပါတယ်။

ပစ္စုပ္ပန်,သံသရာ နှစ်ဖြာအကျိုး ပြည့်စုံကြပါစေ...

"ဓမ္မဘေရီ အရှင်ဝီရိယ"(တောင်စွန်း)               

━━━━━━━
မှီခိုရာ ကျမ်းကိုး-
━━━━━━━
 
((၂၁.၈.၂၀၁၆)"လော့စ်အိန်ဂျလီ"ခရိုင်၊
"ဖူလာတန်(Fullerton)မြို့"၊
"ဒေါက်တာခင်မောင်လေး+မရီမြင့်"တို့အိမ်တွင်-
ကျင်းပပြုလုပ်