ပန်းမြို့တော်မှာ ပန်းတို့က ပေါလှသည်။ ရာသီတိုင်း ပွင့်သည့်ပန်းများရှိနေကြသလို၊ ပွင့်သမျှပန်းတိုင်းကလည်း လှကြသည်။ ယုတ်စွအဆုံး ခြံစည်းရိုး အစွန်အဖျားက ပန်းရိုင်းတို့ကပင် လှနေတတ်ကြသည်။ ပန်းအိုး ပန်းဘောင်တို့တွင် အရေးတယူ ယုယစိုက်ပျိုး၍ မြေဆီဩဇာ ဝလင်စွာ စားသုံးခွင့်ရသော ပန်းတို့က လှလွန်းသည်မှာ မထူးဆန်းသော်လည်း အမေ့လျော့ခံ ခြံစွန်ခြံဖျားက ပန်းရိုင်းကလေးများက တာဝန်ကြေစွာ အလှဆင်ပေးနေကြသည်ကတော့ သိတတ်လျှင် ချီးမွမ်းဖွယ်ကောင်းလှသည်။
ပန်းမြို့တော်မှ အမိတက္ကသိုလ်မှာ ငယ်စဉ်အခါ ကွန်းခိုခဲ့ရစဉ်ကမူ ထိုပန်းရိုင်းတို့ကို ကြည့်မရခဲ့။ ခြံစည်းရိုး တစ်ဝိုက်မှ စိန်နားပန် နှင့် နေကြာရိုင်းများကို ခဏခဏ ခုတ်ရ ရှင်းရလွန်း၍ မျက်မုန်းကျိုးခဲ့မိသည်။ အလားတူပင် ကုန်းတစ်ပြင်လုံး ရွှေရောင်ဖုံးအောင် ပွင့်ကြလေသော အလေ့ကျ ရွှေဒင်္ဂါး marigold ပန်းများကိုလည်း အလေးမမူ လျစ်လျူရှုခဲ့သည်။ သူတို့ကတော့ မည်သို့ပင် အခုတ်ခံ အရှင်းခံ ရသည်ဖြစ်စေ၊ အပစ်ပယ်ခံရသည် ဖြစ်စေ၊ ပွင့်ချိန်တန်လျှင် ပန်းတို့ဖြင့် အလှဆင်ကြမြဲ။ တာဝန်ကြေပွန်ကြမြဲ။
စင်စစ်၌ ထိုပန်းတို့သည် မလှ၍ မဟုတ်။ စိန်နားပန် ဆိုလျှင် နာမည်နှင့်လိုက်အောင် အရောင်အသွေး စုံလင် လှပသောကြောင့် ရှားပါးသောနေရာများ၌ ပန်းအိုးနှင့်ပျိုးထောင်ကာ အဖိုးကြီးမားစွာ ဂုဏ်တင်ရောင်းချနေသည်ကို တွေ့ရသည်။
ယခုလည်း ညီငယ်တစ်ဦးဖြစ်သူ ကိုရဲမိုး ကွယ်လွန်သွားကြောင်း ကြားသိရသောအခါ တိုင်းပြည်အတွက် ဖြူစင်သော စိတ်ရင်းသက်သက်ဖြင့် ကျရာနေရာမှ အလုပ်အကျွေးပြုရင်း တာဝန်ကြေစွာ အလှဆင်ခဲ့သော မေ့လျော့ခံပန်းရိုင်းတပွင့် ကြွေလွင့်လေပြီ ဟု ကြေကွဲခံစားရမိသည်။
သူ့ကို လူချင်းမသိခဲ့သော်လည်း သူ့စာများမှတဆင့် သိနေခဲ့သည်မှာ ကြာပါပြီ။ အတင်း ဆွဲစပ်လျှင်မူ သူတို့ အပတ်စဉ် နောက်ဆုံးနှစ်ကာလတွင် နိုင်ငံတကာ နိုင်ငံရေးနှင့်ပတ်သက်၍ နေ့တဝက်ခန့် သွားရောက်ဟောပြောပို့ချခဲ့ဖူးသောကြောင့် တပည့် တော်သည်ဟု ဆိုလျှင်လည်း ရနိုင်ကောင်းပါ၏။
လူမှုမီဒီယာနယ်ပယ်တွင် အပြိုင်အဆိုင် မုန်တိုင်းထန်နေချိန်၌ ထူးထူးခြားခြား ထွက်ပေါ်လာသော သူ့လက်ရာများကို သတိထားမိရာမှ နှစ်သက်အားပေးခဲ့ရသည်။
ဤတိုင်းပြည်တွင် နိုင်ငံနှင့်လူမျိုးကို ကိုယ်ကျိုးမဖက် သက်သက်မြတ်နိုးချစ်ခင်သူ ရှားသည်။
ထိုအထဲမှာမှ တပ်မတော်သားဘဝကို ရွေးချယ်၍ သွေး ချွေး အသက်နှင့်ရင်းကာ တိုင်းပြည်ကို ကာကွယ်ရန် ဆုံးဖြတ်ခဲ့သူ ပို၍ ရှားပြန်သည်။
တပ်မတော်သားဘဝမှ ကံအကြောင်းမလှ၍ စွန့်ပယ်ခံရသော်လည်း အမိ တပ်မတော်အပေါ် သစ္စာမဖျက် မေတ္တာမပျက် ဆက်လက်မြတ်နိုး အကျိုးရွက်ဆောင်ခဲ့သူတို့ကား ပို၍ ပို၍ ရှားလေသည်။
ထိုအထဲမှပင် နိုင်ငံနှင့် တပ်မတော်ဘက်မှ အမုန်းခံရပ်တည်၍ လောကဓံကို ခါးစည်း ရင်ဆိုင်ရင်း ကိုယ့်စာရိတ် ကိုယ်စားကာ အမှန်တရားတို့ကို ရဲရဲရင့်ရင့် ဖော်ထုတ်ဝံ့သူတို့က ပို၍ပို၍ပို၍ ရှားပြန်၏။
ထိုသူများအထဲမှပင် ဝမ်းစာပြည့်ပြည့် ချက်ကျလက်ကျ ထက်ထက်မြက်မြက် ရေးသားနိုင်သည့် အရည်အချင်းရှိသူတို့ကား ရှာမှ ရှားလေသည်။
ထိုမှတဝ နိုင်ငံအရေးကြုံလျှင် တပ်မတော်သား မဟုတ်တော့သည့်တိုင် အသက်ကိုစွန့်ကာ ရှေ့တန်းစစ်မျက်နှာအထိ စွန့်စားသွားရောက် သတင်းထောက်၍ ပြည်သူတို့ကို သတင်းအမှန်များအား အမြန်ပေးပို့ ဖြန့်ချိခဲ့သည့် သူ့လို ပြည်သူ့ဘက်တော်သားမီဒီယာ စစ်သည်မျိုးကား မော်ကွန်းတင်လောက်အောင် ရှားပါဘိ၏။
သူလုပ်ခဲ့သမျှ အတွက်လည်း ဘာကိုမျှ သူမတောင်းဆိုခဲ့။ နိုင်ငံအတွက် သူ့ဘဝကို ထည့်မတွက်၊ မိသားစုအရေးကို မငဲ့ကွက်၊ နောက်ဆုံးထွက်သက်အထိ ကိုယ်ကျိုးမဖက်ဘဲ နိုင်ငံကိုချစ်သွားခဲ့သည်။
သူမရှိတော့သော်လည်း သူ၏ "တပ်မတော် ဘာလဲ၊ဘယ်လဲ" စာစုများနှင့် လောက်ကိုင်၊ရခိုင် အရေးအခင်း မြေပြင်သတင်း များက သူ၏ တစ်သက်တာ အပြောင်မြောက်ဆုံး မှတ်တမ်း မော်ကွန်းများအဖြစ် အစဉ် ကျန်ရစ်နေပေလိမ့်မည်။ လူမှုမီဒီယာပေါ်မှ သူ၏ ကောင်းနိုးရာရာ စာစုများကို စုစည်း၍ စာအုပ်အဖြစ် တွေ့မြင်ရသော် ကောင်းလေစွဟု ချင်ခြင်းဖြစ်မိပါသည်။ သူ့ကိုချစ်သော ပရိသတ် များအတွက်လည်း အမှတ်တရ သိမ်းဆည်းနိုင်မည် ဖြစ်သလို သူနှင့်အတူ ပေးဆပ်ခဲ့ရသည့် သူ့မိသားစု အတွက်လည်း ဘဝအတွက် အမှတ်တရ ဂုဏ်ယူဖွယ် ဖြစ်နိုင်လိမ့်မည် ထင်ပါသည်။ သူ့ကို ချစ်ခင်သူ စွမ်းနိုင်သူများ စဉ်းစားနိုင်ကြပါရန် ဖြစ်ပါသည်။
ကိုရဲမိုး ကောင်းရာ သုဂတိ လားပါစေ။
သည်ဘဝတွင် ပန်းရိုင်းပင်ဖြစ်
ကြွေခဲ့လစ်လည်း
အသစ်ဘဝ
ဖြစ်ခဲ့ရမူ ဂုဏ်ယူဝင့်ကြွား
ပြည်ချစ်သားဟု မြှောက်စားချီးမြှင့်
ပွဲလယ်တင့်သည့် ကြယ်ပွင့်ဖြစ်စေ
တောင်းဆုခြွေ၏။
#KoHlaing