Sunday, November 21, 2021

ဒီနေ့ခေတ်မှာ ဆရာကို ကျောင်းသားက ပြန်သတ်တဲ့ ဖြစ်စဥ်လေးဖြစ်တော့....လူကြီးလူငယ်ဆိုတာနဲ့ပတ်သက်ပြီး ဦးသန့်ရေးထားတဲ့ စာလေးကို သတိရမိတယ်။


ထိုနည်းတူ ရှေးလူကြီးတွေဟာ လေ့လာမှုအား
ကောင်းမွန်ပြီး အတွေးအခေါ်အရမ်းမြင့်မားတာ
ကိုလဲ သတိပြုမိတယ်။

ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ကြည့်မိတယ်။

ကျနော်သည် ကိုယ့်ရှေ့ကလူကြီးတွေထက်
လေ့လာမှုအား အရမ်းနည်းနေတယ်။ ထိုနည်းတူ 
လေ့လာမှုအားနည်းတော့ အသုံးမကျနဲ့ သုံးမရတဲ့
တလွဲမာနလေးတွေရှိတယ်။ မရင့်ကျက်မှုနဲ့အတူ
စိတ်ပိုင်းဆိုင်ရာ မပြည့်ဝမှုလေးတွေရှိတယ်။

ဥပမာ- ဒီဓာတ်ပုံလေးတွေကို စိတ်နှစ်ပီး ခံစားကြည့်ပါ။

ထိုနည်းသူ ကန်တော့နေတဲ့သူသည်လဲ တာဝန်ထမ်းဆောင်မှုအရ အမြင့်ဆုံးမှာ ရှိနေတဲ့သူဖြစ်နေတာကို
မြင်ရလိမ့်မည်။

လူတွေရဲ့ ဘဝမြင့်မားတာသည် သူတို့ရဲ့ စိတ်ပိုင်း
ဆိုင်ရာသည်လဲ မြင့်မားလို့ဆိုတာကို သတိပြုမိတယ်။

ပြည်ပမှာ ကျောင်းတက်တုန်းက ပရော်ဖက်ဆာကြီးကို သီတင်းကျွတ် ထိုင်ကန်တော့တော့ သူ့အနေနဲ့ အဲဒိအပြုအမူကို နားမလည်တဲ့အချိန်မှာ သူဘာပြန်ပြောရမှန်း မသိဘူး။

ဒါမျိုးက မြန်မာနိုင်ငံမှာပဲရှိတဲ့ မြန်မာ့ယဥ်ကျေးမှု
ဖြစ်သည့်အတွက် မြန်မာတစ်ယောက်အနေဖြင့်
ထိန်းသိမ်းစောင့်ရှောက်ဖို့လိုတယ်ဆိုတာ 
အထူးအထွေ ပြောနေရမည့် စကားတော့ 
မဟုတ်ပါဘူး။

ဆရာကို တပည့်က လက်အုပ်ချီပြီး ကန်တော့တာ
မြန်မာနိုင်ငံမှာပဲရှိတဲ့ မြန်မာ့ယဥ်ကျေးမှု

ကျနော်တို့သည် ခေတ်ရဲ့တိုးတက်
ပြောင်းလဲမှုနဲ့အတူ လူသုံးကုန် 
ပစ္စည်းတွေနဲ့ပဲ အချိန်တွေကုန်
နေတယ်။

အဝေးကြီးမကြည့်နဲ့ ကျနော်တို့လက်ထဲမှာ ကိုင်ထားတဲ့
ဖုံးတစ်လုံးရဲ့ တနေ့တာ အသုံးပြုချိန်ကိုပဲ သတိပြုကြည့်

ကျနော်တို့သည် ရှေ့က လူတွေလောက် အသိဥာဏ်
ရင့်ကျက်ပါ့မလားးးးးလို့တွေးမိတယ်။

ဘာ့ကြောင့်လဲဆိုတော့

အရင်တုန်းက မရှိခဲ့တဲ့ ဖြစ်စဥ်တွေ ကျနော်တို့
နိုင်ငံမှာ ဖြစ်နေပြီ။

မျိုးဆက်တွေ အဆင့်ဆင့်လက်ဆင့်ကမ်းလာတာ
ဆယ်ကျော်သက်မှာ ဆရာနဲ့ ရဟန်းသံဃာကို
ပြန်သတ်နေတဲ့ မျိုးဆက်ကို ပိုင်ဆိုင်နေပြီ။

ဒါကို ကျနော်တို့ အလေးအနက်စဥ်းစားဖို့လိုပြီ။

ဦးသန့် ဘယ်လောက်ထိအတွေးအခေါ်မြင့်ပီး
အနာဂတ်ကိုကြိုမြင်သလဲဆိုတာသိချင်ရင်
ဦးသန့်၏ လက်ရွေးစင်စာများမှ လူကြီးလူငယ်
အကြောင်းရေးထားတဲ့ စာလေးကို ဖတ်ကြည့်ရင်
သိနိုင်တယ်။

လူကြီးလူငယ်
----------------------

လူကြီးနှင့်လူငယ်တို့သည် သဘောထားချင်းမတူ၊ စိတ်ကူးချင်းမတူ၊ ရည်ရွယ်ချက်ချင်းမတူကြချေ။ 

မည်သည့် တိုင်းပြည် မည်သည့်ခေတ်တွင်မဆို လူကြီးနှင့် လူငယ်တို့သည် မက္ခဖြစ်ကြ၏။ သို့ရာတွင် အနောက်နိုင်ငံများတွင် အရှေ့နိုင်ငံများထက် လူကြီးလူငယ် စစ်ပွဲသည်သာလွန်ထင်ရှားလျက် ရှိကြ ၏။ 

ရှင်ဂေါတမမြတ်စွာဘုရား။ မဟာမက်သခင်၊ ကရစ်ရှနား၊ ကွန်းဖြူးစိရပ် စသည်တို့သည် ဗုဒ္ဓဘာသာဝင်၊ မဟာမေဒင်ဘာသာဝင်၊ ဟိန္ဒူဘာသာဝင်၊ ကွန်းဖြူးစိရပ်ဘာသာဝင်တို့အား (ဂါရဝေါစ၊ နိဝါတောစ) တရားတော်ကို ဟောကြားခဲ့သဖြင့် လူငယ်သည် လူကြီးအား ကိုင်းရှိုင်းရိုသေသော အလေ့ရှိခဲ့၏။

အနောက်နိုင်ငံများ၌မူကား အရှေ့နိုင်ငံများထက် ထိုတရားသည် ခေါင်းပါးလျက်ရှိခဲ့၏။ သို့ရာတွင် ခေတ်သည် အလွန်ဆန်းကြယ်သော အလုပ်များကို လုပ်လျက်ရှိသည်။ 

ထုံးစံတို့ကို စွန့်ခြင်း၊ ဘာသာရေးတို့၌ ပေါ့လျော့ခြင်း၊ ဂါရဝတရားပျက်ခြင်း စသည်တို့ချင်းနင်း ဝင်ရောက်လာကြကုန်၏။ 

ခေတ်ကို လိုက်သဖြင့် ကောင်းသည်လည်းရှိ၏။ ဆိုးသည်လည်း ရှိ၏။ မကောင်းသော ဓလေ့ထုံးစံတို့ပျောက် ပျက်ခြင်းသည် ကောင်း၏။ ဘာသာရေး၌ ပေါ့လျော့ခြင်းသည် ကောင်းသည်ဟု ဆိုနိုင်ပါမည်လော။

ခေတ်အတွက် ဂါရဝတရား ပျက်ပြားလာခြင်းကို 
ဆိုပေဦးအံ့။ ကျောင်းသားနှင့် ဆရာဆိုပါစို့။ ရှေးအခါက ကျောင်းသားများသည် ဆရာများကို ချစ်ကြောက် ရိုသေကြကုန်၏။ 

ယခုခေတ်ကြီးက ကျောင်းသားများအား ဆရာများကို မကြောက်ကြနှင့်ဟု ဆို၏။ အနောက်နိုင်ငံ ပညာရေးဆရာကြီး တို့သည် ကျောင်းများတွင် ကြောက်စိတ်ကို အလျှင်းမမွေးမြူကြရန် တိုက်တွန်း၏။ 

ကျွန်ုပ်တို့၏ ဘုန်းကြီး ကျောင်းသားသည် ဆရာဘုန်းတော်ကြီးအား မည်မျှ ကြောက်ရသည်၊ ရှေးက တပည့်တပန်းတို့သည် မိမိတို့၏ ဆရာသမားတို့အား
 မည်မျှကြောက်ကြရသည်ဆိုသည်မှာ အားလုံးအသိပင်ဖြစ်သည်။

 ကြောက်ခြင်းသည် ရိုသေခြင်းနှင့် များသောအားဖြင့် ဒွန်တွဲလျက်ရှိသည်။ 

သို့ရာတွင် အကျင့်သီလ ကောင်းသော ပုဂ္ဂိုလ်တို့အား သူတစ်ပါးက မကြောက်သော်လည်း ရိုသေကိုင်းရှိူင်းကြ၏။

မိုးညှင်းဆရာတော်ဘုရားကြီးအား လူပုဂ္ဂိုလ်တို့သည် မကြောက်သော်လည်း ရိုသေကြကုန်၏။ လူသာမန် အချင်းချင်းမူကား အများအားဖြင့် ကြောက်မှသာလျှင် ရိုသေကြကုန်၏။ 

ထို့ကြောင့် မဟုတ် လော။

ကျောင်းသားတစ်ယောက်သည် ဆရာအားမကြောက်လျှင် ရိုသေခြင်း ပေါ့လျော့ပေမည်။ ထို့သို့ဖြစ်လျှင် မြတ်စွာဘုရား ဟောကြားတော်မူသော အာစရိယဂုဏော အနန္တော ပျက်ပြားလျက်ရှိပေသည်။ 

ထိုသို့ တပည့်သည် ဆရာအား ကြောက်ခြင်း ရိုသေခြင်းကင်းလျှင် အရှေ့နိုင်ငံ၏ ယဉ်ကျေးခြင်း အချက်တစ်ချက်သည် ပျက်ပြားမည်လောဟု စိုးရိမ်ဖွယ်ရှိသည်။ 

မြန်မာလူမျိုးတို့၏ ယဉ်ကျေးခြင်း အမူအရာတစ်ရပ်သည် စကားပြောဆိုခြင်း၌ လွန်စွာသိမ်မွေ့ခြင်းဖြစ်သည်။ မြန်မာလူမျိုးကဲ့သို့ ယဉ်ကျေးသိမ်မွေ့စွာ စကားပြောသော လူမျိုးသည် ကမ္ဘာပေါ်၌ ရှိမည်မထင်ပေ။ 

အသက်ကြီးခြင်း၊ ဂုဏ်ကြီးခြင်းကိုလိုက်၍ ဦး၊ ဦးလေး၊ အဒေါ်၊ အစ်မ၊ အစ်ကို စသည်တို့ကို တပ်၍ခေါ်လေ့ ပြောလေ့ ရှိကြသည်။ 

ခင်ဗျာ၊ ကျွန်တော်၊ ရှင်၊ ကျွန်မ စသည်တို့သည်များစွာ ယဉ်ကျေးသိမ်မွေ့ခြင်းကို ပြ၏။ အင်္ဂလိပ်ဘာသာ၌ ယူနှင့် အိုင်မှလွဲ၍ သုံးစရာစကားမရှိခဲ့။ 

ထိုသို့ ယဉ်ကျေးခြင်းသည် ခေတ်၏ တိုက်ဖျက် 
ပြုပြင်ခြင်းကို အလိုမလိုက်သင့်ပေ။ ခေတ်မီရမည်ဟုဆိုသော်လည်း မူလယဉ်ကျေးခြင်း၏ ကောင်းသော အချက်ကို မပျောက်ပျက်စကောင်းပေ။

မိဘနှင့် သားသမီး၊ ဆရာနှင့် တပည့် ၊လူကြီးနှင့် လူငယ်တို့၏ ဆက်ဆံရေးသည် အနောက်နိုင်ငံ၏ အတုကို တဖြည်းဖြည်း ယူလျက်ရှိကြသည်။ 

#ထိုသို့ ပြောင်းလဲကြသဖြင့် ကျွန်ုပ်တို့၏ ဘာသာတရား တော်ကြီးသည် ယိမ်းယိုင်လျက်ရှိပြီလော။ 

လူကြီးသည် နှေးကန်၏။ ချင့်ချိန်၏။ လူငယ်သည် စိတ်မြန်၏။ ဇွတ်လုပ်ချင်၏။ စွန့်စားလို၏။ ဤကား နိယာမပင်တည်း။ 

၂ ဦးစလုံး၌ အကောင်းအဆိုး ဒွန်တွဲ လျက်ရှိရာ မဇ္စျိမ
ပဋိပဋာလမ်းသည် အကောင်းဆုံးမဟုတ်တုံလော။

[ ဦးသန့်၏ လက်ရွေးစင်စာများမှ]