Tuesday, November 23, 2021

အတွင်းလူများဖမ်းဆီးခံရမှုအပေါ် ကာကွယ်ရေးဝန်ကြီး၏ ချောက်ချမှုဟု ရှုမြင်သူများရှိလာ


အာဏာသိမ်းကာလ ၉ လ ကျော်မျှ ကြာမြင့်ခဲ့ ပြီဖြစ်သော်လည်း ယခုလပိုင်းအတွင်းတွင်မှ NLD ပါတီအား အဓိက ကျောထောက်နောက်ခံဆောင်ရွက်ပေးနေသည့် ၈၈ မျိုးဆက်ကျောင်းသား ဟောင်း ကိုဂျင်မီအပါအဝင် နာမည်ကြီး အဓိကအတွင်းလူများ ဆက်တိုက် ဖမ်းဆီးခံနေရခြင်းလည်းဖြစ်သကဲ့သို့ နိုဝင်ဘာ ၁၈ ရက်နေ့ ညနေပိုင်းတွင် ရတနာနှင်းဆီအိမ်ရာကို ရဲနှင့် စစ်သား အင်အား ၁၀၀ ကျော်ဖြင့် ဝင်ရောက်စီးနင်းပြီးနောက် ဦးဖြိုးဇေယျာသော်ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ 

အဆိုပါ ဦးဖြိုးဇေယျာသော် ဖမ်းဆီးရမိခြင်းနှင့်ပတ်သက်၍ “တစ်ယောက် အထိန်းသိမ်းခံရတိုင်း၊ တစ်ယောက်ကျဆုံးတိုင်း ကျွန်တော်တို့ ကြေကွဲကြရတယ်။ ဝမ်းနည်းမဆုံး ဖြစ်ကြရတယ်။ ဒီတော်လှန်ရေးက ဆုံးအောင်သွားရမဲ့ ခရီးပါ။ အဆုံးထိသွားဖို့ ဆုံးဖြတ်ထားတဲ့ ရဲဘော်တွေ၊ ပြည်သူတွေ သိန်းသန်းချီရှိနေတယ်လို့ ယုံတယ်” ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ် ရေးဝန်ကြီး ဦးရည်မွန်က ၎င်း၏ လူမှုကွန်ရက်စာမျက်တွင် ယနေ့ည ၈ နာရီကျော်ခန့်က ရေးသားထားသည်။ 

ဦးဖြိုးဇေယျာသော် ဖမ်းဆီးရမိခံရခြင်းနှင့်ပတ်သက်၍ အတည်ပြုချက် စောင့်ဆိုင်းနေဆဲကာလတွင် တိုက်တိုက်ဆိုင်ဆိုင် ကာကွယ်ရေးဝန်ကြီး ဖြစ်သူ ဦးရည်မွန်က အတည်ပြုချက်ပေးလာခြင်းအပေါ် ရန်ကုန်တိုင်းကာကွယ်ရေး တပ်ဖွဲ့က အမည်မဖော်လိုသူ လူငယ်တစ်ဦးက " ကျွန်တော်တို့ကြားနေရတာက တော့ ဒါ သူတို့အချင်းချင်း နေရာလုမှုတစ်ခုလို့ပဲမြင်ပါတယ်။ တောထဲက ကျွန်တော်တို့ သူငယ်ချင်းတွေလည်း ဒီအမြင်ပဲ ထပ်တူရှိပါတယ်။ တကယ်ဆိုရင် ကိုဂျင်မီနဲ့ ကိုဇေယျာသော်တို့ဆိုတာ လူမြင်ကွင်းမှာအတော် ကြာကြာ ပျောက်နေခဲ့ပြီး နောက်ကွယ်က တိတ်တဆိတ်လှုပ်ရှားနေခဲ့ကြတာပါ။ သူတို့ ကြိုးပမ်းဆောင်ရွက်ချက်ကြောင့် ရည်ရွယ်ချက်အတော်များများလည်း အောင်မြင်ခဲ့တာရှိပါတယ်။ ခုဟာက ပုန်းတဲ့နေရာကို အတိအကျ လာဖမ်းတာမျိုးက တကယ်ရှားပါတယ်။ 

ဦးဖြိုးဇေယျာသော် ဖမ်းဆီးခံရမှုအပေါ် ABSDF အဖွဲ့ဝင်တစ်ဦးအား ဆက်လက် မေးမြန်းရာ "တကယ်တော့ ပြည်တွင်းက ထောက်ခံသူတွေ၊ ပြည်ပက အဝေးရောက်မြန်မာတွေရဲ့ လှူဒါန်းမှုတွေကို အဓိက လက်ခံရရှိနေတာက လက်ရှိ NUG ရဲ့ တာဝန်ရှိသူတွေပါပဲ။ ခု အီတလီကို ရောက်သွားတဲ့ ဒေါက်တာဇော်ဝေစိုးက တော်လှန်ရေးအောင်မြင်ဖို့ဆိုရင် ဘီလျံ ၁ ထောင်လောက် လိုတယ်တဲ့။ မြန်မာတနိုင်ငံလုံးရဲ့ GDP က တနှစ်မှ ၇၀ ဘီလျံပဲ ရှိတယ်။ မြန်မာနိုင်ငံမှာရှိတဲ့သူတွေအားလုံး ထမင်းအငတ်ခံပြီး ၁၅ နှစ်လောက် စုဆောင်းမှပဲ ဒီ ဘီလျံ ၁ ထောင်ရမှာပါ။ ဆိုတော့ ဝန်ထမ်းတွေကို CDM လုပ်ပေးကြပါ ဆိုတာမျိုးက အပေါစားစည်းရုံးမှု တစ်ခုလို့ပဲ မြင်ပါတယ်ဟု ဖြေကြားခဲ့သည်။ 

ထို့အတူ ဦးဖြိုးဇေယျာသော် ဖမ်းဆည်းခံရခြင်းအပေါ် တပ်မဟာ (၆)မှ တာဝန်ရှိသူတစ်ဦးကမူ "ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က စစ်ကောင်စီကို တိုက်ခိုက်ဖို့အတွက် ဘုံသဘောတူညီချက်ဖြစ်ပါတယ်။ ကျန်တဲ့ နိုင်ငံရေး အပိုင်းတွေ စိတ်မဝင်စားပါဘူး။ လက်ရှိမြေပြင်မှာတော့ ကိုခင်ကျော်တို့ ဖမ်းဆီးခံရတာတွေက ဦးရည်မွန်လက်ချက်မကင်းဘူးလို့ စွပ်စွဲတာတွေလည်း ရှိပါတယ်။ အဲ့ဒီနေ့ကလည်း သူတို့ အစည်းအဝေးလုပ်မယ်ဆိုပြီး ညှိနှိုင်းပြီးကာမှ ဦးရည်မွန် က သွားမတက်ခဲ့တာဆိုတော့ ပြောလည်းပြောချင်စရာ ဖြစ်သွားတာပေါ့ "ဟု မှတ်ချက်ပေးခဲ့သည်။ 

လက်ရှိအချိန်တွင် ၈၈ မျိုးဆက်ကျောင်းသားဟောင်း ကိုဂျင်မီအပါအဝင် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ဦးဖြိုးဇေယျာသော်နှင့် ရန်ကုန် PDF အယောက်(၅၀)ကျော် ဖမ်းဆီးခံရပြီးဖြစ်သည်ဟု စစ်ကောင်စီက ကြေငြာထားသည်။

#ဖိုးစီ