မြန်မာတို့ရဲ့ တန်ဆောင်မုန်းလတွင် ကျင်းပသော ကြည်ညိုဖွယ်ရာ ကထိန်အလှူအား ယနေ့ ၁၇-၁၁-၂၀၂၁ ရက်နေ့တွင် ရုရှားနိုင်ငံ မော်စကိုမြို့ မြန်မာထေရဝါဒ ဗုဒ္ဓဝိဟာရကျောင်းတိုက် [ Культурно-буддийский центр при посольстве союза Мьянма (Балашиха) ] ၌ ကထိန်ပဒေဿပင် (၄)ခုသီးခဲ့ကြပါတယ်။ တကါရောက်ခဲ့ကြတဲ့ မင်းပရိတ်သတ်အပေါင်းအား အုန်းထမင်း ကြက်သားဟင်းဖြင့် တည်ခင်းဧည့်ခံခဲ့တဲ့ ပုံရိပ်တွေအား ကြည်နူးဝမ်းမြောက်စွာပြန်လည် မျှဝေပေးလိုက်ရပါတယ်။
ကထိန်သင်္ကန်း ကပ်လှူပူဇော်ခြင်း ဖြစ်ပေါ်လာပုံနှင့် အကျိုးကျေးဇူးများအား အကျဉ်း ဖော်ပြအပ်ပါသည်။
ကထိန်ပွဲတော်ကို ’“မိုးလကုန်စဲ ကထိန်ပွဲ” ဟူသော ဆိုရိုးနှင့်အညီ၊ သီတင်းကျွတ် လပြည့်ကျော် တစ်ရက်နေ့မှ တန်ဆောင်မုန်း လပြည့်နေ့အထိ ခင်းကျင်းရခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် ပုဂံခေတ်ကပင်လျှင် အစပြု၍ ကထိန်ခင်းခြင်း ပွဲများ ကျင်းပခဲ့ကြသည်။
ကထိန်အလှူ ဖြစ်ပေါ်လာရပုံမှာ ဗုဒ္ဓမြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်မြတ်၌ ကိန်းဝပ် စံမ္ပာယ် တင့်တယ်စွာ သီတင်းသုံးနေတော်မူစဉ် သင်္ကန်းလျာ နွမ်းနယ် ရှားပါးသော ပါဝေယျကတိုင်းသား ဘဒ္ဒဝဂ္ဂီညီနောင် သုံးကျိပ်တို့အား အကြောင်းပြု၍ ကထိန်အလှူ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူသော မြတ်စွာဘုရားရှင်အား ဖူးမြှော်ရန် ဘဒ္ဒဝဂ္ဂီ ရဟန်းသုံးကျိပ်တို့သည် မိမိတို့ ဝါဆိုဝါကပ်ရာ သာကေတမြို့မှ ဝါကျွတ်သောအခါ ခြေလျင်ခရီးဖြင့် ကြွလာကြ၏။ ထိုအခါ မိုးကြီးသည်းထန်စွာ ရွာသွန်းသဖြင့် ရဟန်းများ မိုးရေစိုစွတ် ကြကုန်သည်။ ထိုသို့ မိုးရေစိုစွတ်သော သင်္ကန်းဖြင့်ပင် ပူဇော်ကြရသည်ကို မြတ်စွာဘုရားသခင် မြင်တွေ့ရသောအခါ ထိုခရီးသည် ရဟန်းတို့ကို အကြောင်းပြု၍ ပူရိမ ဝါကပ်ခြင်း၌ ပြည့်စုံသော ရဟန်းတို့အား ကထိန်ခင်း ခွင့်ပြုကြောင်း ပညတ်တော်မူခဲ့ရာမှ ကထိန်အလှူတော် ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။
ကထိန်ခင်းရာ၌ သံဃိက စစ်စစ် ဖြစ်သင့်သည့်အတွက် အလှူ့ဒကာများက မည်သည့်ပစ္စည်းကား သံဃိကပစ္စည်း၊ မည်သည့်ပစ္စည်းကား ပုဂ္ဂလိကပစ္စည်း ဖြစ်သည်ဟု ခွဲခြားလျှောက်တင်သင့်ပေသည်။ ကထိန်ခင်း၍ သင်္ကန်းရရှိသော ရဟန်းတို့မှာ ကထိန်အာနိသင်ငါးပါး ခံစားရကြောင်း ကျမ်းဂန်များတွင် မိန့်ဆိုထားသည်။
ကထိန်နှင့် ပတ်သက်၍ ရဟန်းတော်များသည် ထူးခြားသော အကျိုး တို့ကို့ ရရှိနိုင်သကဲ့သို့ ကထိန်သင်္ကန်း လှူဒါန်းကြသော အလှူရှင်များ မှာလည်း အကျိုးထူးများ ရရှိနိုင်ပါသည်။
လှူသူမှာ လဲ ၊ နည်းတူပဲ ၊ ရမြဲကျိုးငါးမည် ။
၁။ တားဆီးကင်းကွာ ၊ လွတ်လပ်စွာ ၊ လိုရာသွားနိုင်သည် ။
မိမိ သွားလိုရာ အရပ်သို့ အဆီး အတား အပိတ်အပင် အနှောင့် အရှက် မရှိ လွတ်လွတ် လပ်လပ် သွားလာ နိုင်သည်။
၂။ တာ၀န် ကိစ္စ၊ မလေးရ၊ ပေါ့လှလေတော့သည် ။
မည်သည့် ကိစ္စပဲ ဆောင်ရွက်ဆောင်ရွက် တာ၀န်ကြီး လေးသည်ဟု မရှိ ၊ပေါ့ပေါ့ ပါးပါးဖြင့် အောင်မြင်အောင်ဆောင် ရွက်နို င်သည်။
၃။ စားလိုရာ များ ၊ စားသော်ငြား ၊ ဘေးကား မဖြစ်ပြီ။
မည့်သည့် အစားအစာ ကိုပဲ စားစား အစား အသောက် ကြောင့် ဘေးဖြစ်ခြင်း ၊ အစာ အဆိပ် သင့်ခြင်း မဖြစ်နိုင်။
(အစာကို ကြေညက် အောင် ချေဖျက်နိုင်သော ပါစက ၀မ်းမီးနှင့် ပြည့်စုံသည် )။
၄။ ပစ္စည်း အများ ၊ သိမ်းပိုက်ထား ၊ ဘေးကား မရှိပြီ။
မိမိ ပိုင်ဆိုင်သော ပစ္စည်းမျာ း ပျက်စီးအောင် ဖျက်ဆီး တတ်သော ဘေးရန် များ မကျရောက်နိုင်။
၅။ ကိုယ့် ပစ္စည်းများ ၊ သူတစ်ပါး ၊ ယူသွား ကင်းပသည် ။
မိမိ ပိုင်ဆိုင်သော ပစ္စည်းဥစ္စာ များကို မိမိ က မပေးပဲ မည်သူ တစ်ဦးတစ်ယောက်မျှ မယူနိုင် ၊ မသိမ်းပိုက်နိုင်။
ကထိန် ဒကာ၊ ကျိုးငါးဖြာ၊ ကောင်းစွာ ရနိုင်သည်။
ထို့ပြင် ကထိန်သင်္ကန်း လှူဒါန်းသော အလှူရှင်များမှာ
၁။ ရွှေ အဆင်းကဲ့သို့ ဝါ၀င်းသော အသား အရေရှိခြင်း၊
၂။ ခန္ဓာကိုယ် ၌ ( မြူ စသော ) အညစ် အကြေး ကင်းစင်ခြင်း၊ ( အလှဖျက် အနာ အဆာ မရှိခြင်း ) ၊
၃။ ခန္ဓာကိုယ်နူးညံ့ပြေပြစ်ခြင်း၊
၄။ ကိုယ်ရောင် ကိုယ်ဝါ တောက်ပခြင်း၊
၅။ ညိုရွှေဖြူနီစသော ခေတ်ပေါ် အ၀တ် အထည် အမျိုးမျိူးကို ဆင်မြန်းခွင့် ၀တ်ဆင်ခွင့်ရခြင်း၊
၆။ ကျောင်းအမကြီး ဝိသာခါ စသူတို့ကဲ့သို့ မဟလ္လတာ တန်ဆာ ကို ဆင်မြန်းခွင့် ရရှိ ခြင်းတို့နှင့်
၇။ အရဟတ္တ ဖိုလ်ပေါက် နိဗ္ဗာန် မျက်မှောက် ပြုနိုင်ခြင်း၊
ဟူသော သင်္ကန်း လှူရခြင်း အကျိုးတရားများစွာ တို့ကိုလည်း ရရှိနိုင်ပေသည်။
#Родилась_Вишня_Мать_Сын