Thursday, November 11, 2021

ဖုံရွာ သွားတောလား


          ကျနော်တို့ငယ်စဥ်က အမြဲတမ်း ပုံမှန် သွားနေကြခရီးစဥ် နှစ်ခုရှိခဲ့ပါတယ် ။ တခုက သကြ်န်ရောက်တာ နဲ့ အဖေ့ရဲ့ ဆွေမျိုးတွေ ရှိရာ ပခန်းကြီးရွာကို အလည်သွားကြခြင်း နဲ့ နောက်တခု တန်ဆောင်မုန်းလပြည့်မှာ အမေ့ရဲ့ ဒေါ်လေး ရှိတဲ့ ဖုံရွာ ဆိုတဲ့ မြင်းခြံရဲ့ အရှေ့ဖက်က ရွာလေးဆီကို သွားကြခြင်းပဲ ဖြစ်ပါတယ် ။ 

          ငယ်စဥ်ကတော့ လူကြီးတွေ နဲ့ တပါတည်း သွားကြတာပေါ့ ။ လမ်းကတော့ မိသားစုလိုက် အမှတ် ၁၈ ရပ်ကွက် အရှေ့ဖက် ကျောက်ရံရွာဖက်ကနေ တောလမ်းလေး အတိုင်း ခြေလျှင်သွားကြရတာပေါ့ ။ 

          တနှစ်သားမှာတော့ ကျနော်က မောင်ကျော် နဲ့ အတူ လိုက်ခဲ့မယ် အမေတို့သွားနှင့် ဆိုပြီး သွားခိုင်းလိုက်ပါတယ် ။ 

        မောင်ကျော် နဲ့ ကျနော်က တယောက်ကို လေးခွတလက် လောက်စာလွယ်အိတ် ကိုယ်စီအပြင် သံတူရွင်း တချောင်းပါ ယူလာကြပါတယ် ။ 

        နှစ်ယောက်သား စားစရာမပါ ရေမပါပဲ တောလမ်းအတိုင်း သွားကြတော့ အမေတို့သွားနေကြ လမ်းကမသွားဖူး ဗျ ။ အခြားလမ်းတွေက သွားကြပါတယ် ။

       ကျောက်ရံကုန်းပေါ် ရောက်တော့ ဟို အနောက်ဖက်ဆီက ဖြူဖွေး ကွေ့ကောက်နေတဲ့ ဧရာဝတီ မြစ်ကြီးကို မြင်ရပါတယ် ။ ကျောက်ရံကုန်းဟာ အတော်မြင့်တဲ့ လက္ခဏာပါပဲ ။ 

        ရှေ့နား နဲနဲ ဆက်သွားပြီး ပါလာတဲ့ သံတူရွင်းကို မြေကြီးထဲ ကျင်းတိမ်တိမ်တူး ဖွက်ခဲ့ပါတယ် ။ သူ့အလုပ်က အပြန်ခရီးအတွက် ပဲ ရှိတာမို့ အလေးခံ မသယ်တော့ပါဘူး ။ 

       အဲဒီနောက် စိုက်ခင်းတွေဖက်ဆီကို ဖြတ်သွားတော့ ကစစ်သီးအသေး (ဟင်းချက်စားရတယ် အနည်းငယ် သက်တယ်) တွေနဲ့ ကစစ်မသီး (သူက အလုံးကြီးတယ် မှည့်ရင် ဒီအတိုင်းစားလို့ရတယ်) တွေ ခူးကြပါတယ် ။ 

      ကစစ်မသီးတွေက ကျနော်တို့အတွက် လမ်းစားရိက္ခာဖြစ်ပြီး ကစစ်သီးတွေက ဖုံရွာရောက်ရင် ဟင်းတခွက်ဖြစ်မှာပါ ။ 

       တွေ့သမျှ ရေအိုးစင်က ရေသောက်လိုက် ကစစ်မသီးစားလိုက် မြင်မြင်သမျှ ငှက် နဲ့ ပုတ်သင်ညိုပါ မချန် လက်ကမြင်းကျောထပြီး လျှောက်ပစ်ရင်း လာကြတာပေါ့ ။ 

         ကျနော်တို့ ဖုံရွာရောက်ခါနီးတော့ ရွာရဲ့ အနောက်ဖက်က ချောင်းကြီးထဲ ဆင်းကြရပါတယ် ။ ချောင်းရေက ကြည်လင်နေပြီး အေးစက်နေပါတယ် ။ ရေကတော့ ခြေသလုံးလောက်ပဲ ရှိပါတယ် ။ အချို့အကွေ့လေးတွေမှာတော့ ပေါင်လောက်ထိ နက်တဲ့ ချိုင့်လေးတွေ ရှိပါတယ် ။ 

        နှစ်ယောက်သား ခဏနားပြီး ရေချိုးကြပါတယ် ။ အကြံကရှိပြီးသားမို့ ဘောင်းဘီတိုတွေ ဝတ်လာကြတာဆိုတော့ အဆင်ပြေပါတယ် ။ ရေချိုးပြီးတာ နဲ့ ဘောင်းဘီအစိုတွေ ချောင်းသဲအခြောက်ပေါ် ခဏလှမ်းလိုက်ပါတယ် ။ မိနစ် ၂၀ ဆို ကောင်းကောင်း ခြောက်ပါပြီ ။ 

       တလမ်းလုံး ဟိုအခင်းဝင် ဒီအခင်းဝင် နဲ့ လျောက်သွားလာခဲ့ရတာရယ် ချောင်းရေထဲ ကမျင်းကြောထလိုက်တာရယ်ကြောင့် လမ်းက စားခဲ့တဲ့ ကစစ်မကြီးတို့ ဆာလောင်မှုကို မကယ်နိုင်တော့ပါဘူး ။ 

        နှစ်ယောက်သား အရှေ့ဖက်က ချောင်းကမ္ဘားပေါ် အတင်းတက်ပြီး ချောင်းအပေါ်ဖက်က ကပ်လျှက် ဖုံရွာ ရွာထဲ အပြေးအလွှား သွားပြီး အမေ့ရဲ့ ဒေါ်လေးအိမ်ဆီ သွားကြပါတယ် ။ 

        အိမ်ရောက်တော့ အရင်သွားနှင့်တဲ့ အမေတို့က ဟော လာပါပြီ မြောက်လောင်း နှစ်ကောင် လာ လာ မုန့်လာစား တဲ့ ။ မုန့်မစားသေးဘူး ထမင်း အရင်ကျွေးအုံး ဗိုက်ဆာလာပြီဆိုတော့ ရီမောပြီး မီးဖိုထဲခေါ်ကျွေးပါတယ် ။ 

        နှစ်ယောက်သား ဗိုက်ပြဲမတတ် စားပြီး မုန့်တောင်မစားနိုင်ဘူး မန်ကျည်းပင်ကြီး အောက်က ဝါးကွပ်ပြစ်လေးပေါ် တရှူးရှူးနဲ့ အိပ်ပျော်ခဲ့ရပါတယ် ။ နေ့လည် ၂ နာရီလောက်ကျတော့ ဦးလေးဖြစ်သူက ဟေ့ကောင်တွေ ခြံထဲသွားမလို့ လိုက်မှာလားတဲ့ ။ 

         နှစ်ယောက်သား လူးလဲထပြီး လိုက်သွားပါတယ် ။ ခြံက ရွာရဲ့ တောင်ဖက် ချောင်းအစပ်မှာ ဆိုတော့ ချောက်ကမ္ဘားထဲ ပြန်ဆင်းရပါတယ် ။ ချောင်းက ရွာရဲ့ တောင်ဖက်မှာ အရှေ့အနောက် စီးဆင်းနေပြီး ရွာအနောက်ဖက်ရောက်တော့ တောင်ဖက်နေ မြောက်ဖက်သို့ ကွေ့ကောက်စီးဆင်းနေတဲ့ ချောင်းဖြစ်ပါတယ် ။

        ခြံထဲရောက်တော့ သရက်ပင် ဇီးပင် မာလကာပင် နဲ့ သံပုရာပင်တွေ အများကြီး စိုက်ထားတာ တွေ့ရပါတယ် ။ အိပ်ရာထစမှာပဲ မာလကာသီး အဆတ်သီးတွေကို တခွပ်ခွပ် ကိုက်စားရတာ အလွန်ကောင်းပါ့ ဗျာ ။ 

          ဟိုဟို ဒီဒီ သွားကြရင်း ညနေစောင်းတော့ ချောင်းထဲ ရေဆင်းချိုးကြပြန်ပါတယ် ။ ပြီးတော့မှ အိမ်ပြန်ရောက်တော့ ကျနော်တို့ ခူးလာတဲ့ လတ်လတ်ဆတ်ဆတ် ကစစ်သီး နဲ့ မြစ်ဟင်းရယ် ၊ ငပိချက် နဲ့ အတို့အမြှပ် ၊ နောက် စပယ်ရှယ် ဝက်သား ဘီစပက်တုံးကြီးတွေ နဲ့ အားပါးတရ ကြိတ်ကြတာပါပဲ ။ 

          ဝက်သားတုံးကြီး သွားဖုံးမြှပ်သဏ္ဍန် ဆိုတာ တကယ်ဗျ ၊ ကလေးတွေဆိုတော့ လက်ဝါးလောက် သုံးထပ်သား အိအိကြီးတွေကို အတုံးလိုက် အိကနဲ ကိုက်ချလိုက်ရင် သွားဖုံးတွေထိ မြှပ်သွားတဲ့ သုံးထပ်သား အထိအတွေ့က မေ့မရနိုင်စရာပါပဲ ။ 

         အားပါးတရ စားသောက်ပြီးတာ နဲ့ ရွာထဲက ရေနွေးသောက် လာခေါ်တဲ့ အိမ်တွေကို လိုက်လည်ပြီး ကျွေးသမျှ အမြည်းစားရတာကလည်း နတ်သုဒ္ဒါပါပဲ ဗျာ ။

        ညမှောင်စပျိုးတော့ မီးပုံပျံလွှတ်မယ်ဆိုတဲ့ ချောင်းထဲကို သွားကြရပါတယ် ။ မီးပုံးပျံက မှိုင်းခံစက္ကူလား ပိတ်စလား မသိပေမယ့် ကျနော့် အထင်တော့ ပိတ်စကြီးလို့ ထင်တာပါပဲ ။ 

         မီးပုံပျံက အကြီးကြီးပါပဲ ။ မှိုင်းတိုက်တော့ ရေနံဂျီးစိမ်ထားတဲ့ မီးတုတ်ကြီးတွေနဲ့ ရှို့ကြပါတယ် ။ တဖြေးဖြေး ကြွတက်လာတဲ့ မီးပုံးပျံကြီးကိုတော့ ကျပ်လုံးလောက် ရှိတဲ့ ကြိုးကြီးတွေနဲ့ လေးဖက်လေးတန်က ငုတ်ရိုက် ချည်နှောင်ထားသလို လူကြီးတွေကလည်း လွန်ကြိုးဆွဲသလို ဝိုင်းဆွဲထားကြရပါတယ် ။ 

       မှိုင်းဝလေ မီးပုံးပျံကြီးက တဖြစ်ဖြစ်နဲ့ ရုန်းကန်ပြီး ကောင်းကင်ယံသို့ တိုးထွက်ဖို့ အားယူနေပါပြီ ။ ခေါင်းဆောင်လုပ်သူက မီးတုတ်ကြီး တခုလုံးကို မီးပုံးပျံမှာ သေချာစွာ ချည်နှောင်ပါတယ် ။ 

      လူးလိမ့်ရုန်းကန်နေတဲ့ မီးပုံးပျံကြီး တိမ်းစောင်းပြီးမီးမလောင်အောင် မနည်းထိမ်းကိုင်ထားကြရပါပြီ ။ ငုတ်က ကြိုးတွေ ဖြည်ပြီး လူအားနဲ့ ညီအောင် ထိမ်းမတ်ပြီး လွှတ် ဆိုတဲ့ အချက်ပြအသံနဲ့ အတူ တပြိုင်နက်တည်း လွှတ်လိုက်ကြပါတယ် ။ 

        ဝုန်း ကနဲဆောင့်တက်သွားတဲ့ မီးပုံးပျံကြီးနဲ့ အတူ ဟေး ကနဲ ဝိုင်းအော်​ပြီးလက်ခုပ်တီးနဲ့ စုပေါင်းအောင်မြင်မှုအတွက် ပျော်ရွှင်နေပါတယ် ။ မီးပုံးပျံကြီး တက်သွားတာကို ကောင်းကင်မဲမဲကြီးထဲမှာ အနီရောင်ပျပျလေး မြင်ရသည်အထိ ငေးကြည့်ရင်း ပြန်လာကြရပါတယ် ။ 

          နောက်တနေ့ ဘုန်းကြီးကျောင်းမှာ ဆွမ်းလောင်းပြီးမှ ပြန်ကြမှာမို့ ကျနော်နဲ့ မောင်ကျော်က ဘုန်းကြီးကျောင်း အရင်သွားပြီး ကန်တော့ကြပါတယ် ။ ဘုန်းကြီးကလည်း တပည့်တော်တို့က မြင်းခြံကပါဘုရား ဆိုတာနဲ့ မုန့်တွေချကျွေးပါတယ် ။ 

          အမေတို့ ကျောင်းရောက်တော့မှ ကျနော်တို့ ပြန်နှင့်မယ်လို့ ပြောပြီး နှစ်ယောက်သား အရင် ပြန်လာကြပါတယ် ။ လမ်းတလျှောက်က ကစစ်သီး ခူးတယ် ၊ ကတက်ညွှန့်ခူးတယ် ၊ ချဥ်ပေါင်ခင်းထဲက ချဥ်ပေါင်ပင်တွေ နှုတ်လာတယ် ။ 

         နောက်ဆုံးကတော့ ကျနော်တို့ အဓိကအလုပ် လုပ်ရပါတော့မယ် ။ ကျောက်ရံရွာ အရှေ့ဖက်နား ရောက်တော့ အလာတုန်းက ဝှက်ထားခဲ့တဲ့ သံတူရွှင်း ပြန်ယူကြပါတယ် ။ အဲဒီနောက် ကျောက်စရစ်ကုန်းမြေ အနှံ့မှာ ပေါက်နေတဲ့ လက်မလောက်အတုတ် တတောင်လောက်ပဲ မြင့်သေးတဲ့ အလေ့ကျ သနပ်ခါးပင်တွေ ရှာပါတယ် ။ 

       တွေ့တာနဲ့ သံတူရွှင်း နဲ့ တလှည့်စီ တူးယူကြပါတယ် ။ အပင်ကသာ သေးငယ်တာပါ အမြစ်က မသေးကြပါဘူး ၊ အမြစ်ကို အဓိကထားယူချင်လို့ တော်တော်တူးယူကြရတာပါ ။ 

         နှစ်ယောက်သား ချွေးတွေလဲထွက်လာပါပြီ ။ သယ်လာရတဲ့ ဟင်းသီးဟင်းရွက်တွေ နဲ့ တူးယူထားတဲ့ အလေ့ကျ သနပ်ခါး အမြစ်တွေကို သယ်ဖို့ လုပ်ကြပါတယ် ။ 

           ကန္တရပင်ရဲ့ ကိုင်းဖြောင့်ဖြောင့်ကို ခုတ်ယူပါတယ် ။ ချည်ဖို့ လျှော်ကလည်း ကန္တရပင် အခေါက်နုကို ခွာကြရတာပေါ့ ။ 
လွယ်အိတ် နဲ့ ဟင်းသီးဟင်းရွက်က တဖက် သနပ်ခါးမြစ်တွေ စုချည်ထားတဲ့ အမြစ်တွဲကြီးကတဖက်ကို ကန္တရကိုင်းထမ်းပိုးနဲ့ ထမ်းပြီး ပြန်လာကြတာပေါ့ ။ 

          ကျနော် နဲ့ မောင်ကျော်ရဲ့ ဖုံရွာ က အပြန်ခရီးမှာ သဲအလူးလူး ဖုံအလိမ်းလိမ်း နဲ့ မြင်ရသူ နှာခေါင်းရှုံ့ချင်စရာ ပေစုတ်စုတ် ဖြစ်နေမှာ သေချာပါတယ် ။ 

        ဒါပေမယ့် ရှားပါးလို့ ဝယ်ရခက်တဲ့ သဘာဝသနပ်ခါး အမြစ်ဆုံနဲ့ ခြေဆုံးခေါင်းဆုံး သွေးလိမ်းထားတဲ့ မွှေးပျံ့သင်းထုံနေသော သန့်ရှင်းသပ်ရပ်နေတဲ့ ကျနော်တို့ အမေတွေရဲ့ ပုံပန်းသဏ္ဍန်ကို မြင်ယောင်နေရင်း ကြည်နူးပျော်ရွှင်နေမိတဲ့ ကျနော်တို့ နှစ်ယောက်ကတော့ ခြေဖျားမြေထိတယ်ကို မထင်မိပေါင်..........

      ကိုရွေမျိုးဝင်း