Sunday, November 7, 2021

မညီသော ခေါင်းလောင်းသံများ 🍁


နိုင်ငံတော်က ကျောင်းတွေကို ပြန်ဖွင့်လှစ်ဖို့ စီစဉ်လိုက်တယ်။ ရန်ကုန်လို ကျောင်းအပ်သူ ငါးသိန်းကျော်တဲ့ဒေသတွေမှာတောင် ကျောင်းလာတက်သူ ရှစ်သောင်းခန့်သာရှိကြောင်း သိရပါတယ်။ အကြောင်းအရင်းကိုစစ်တော့ မလုံခြုံမှုကြောင့်ပါပဲ။ ကလေးတွေအတွက် ပညာရေးဟာ မည်မျှ အရေးကြီးကြောင်း နားလည်ထားတဲ့ နိုင်ငံတော် ဝန်ကြီးချုပ်အနေနဲ့ အသက်လောက် တန်ဖိုးရှိတာ မရှိဘူး လို့ မကြာခဏ ထုတ်ပြောလေ့ရှိတဲ့အခါ ပြည်သူတွေ ရင်ဆိုင်နေရတဲ့ ပြဿနာကို အခုထက်ပိုပြီး လက်တွေ့ကျကျ ဖြေရှင်းသင့်ပြီလို့ မြင်ပါတယ်။ 

ဂန့်ဂေါနယ်တစ်ကြောမှာ တာဝန်ကျနေတဲ့ မိတ်ဆွေတစ်ဦးနဲ့ ကျွန်တော် စကားပြောဖြစ်ပါတယ်။ အခြေအနေတွေ အတော်ဆိုးနေတာပါ။ သူတို့ဟာ လက်ရှိမှာ တာဝန်ထမ်းဆောင်နေဆဲ ဝန်ထမ်းတွေဖြစ်ပေမဲ့ ညအိပ်ဖို့တောင် ကြောက်ရွံ့နေရတဲ့ဘဝ ရောက်နေပါပြီ။ အလုပ်တက်ဖို့ မဖြစ်နိုင်သလို CDM လည်း မလုပ်နိုင်တဲ့ နိုင်ငံ့ ဝန်ထမ်းတွေအနေနဲ့ အသက်ရှင်သန်ရေးအတွက် အလုပ်တာဝန်ကို စွန့်လွှတ်ခဲ့ကြသူတွေ များလာပြီလို့လည်း သိရပါတယ်။ 

ဝန်ကြီးချုပ်နှင့်တကွ တာဝန်ရှိသူတွေ နားလည်သင့်ပါတယ်။ ဝန်ထမ်းတွေကို လုံခြုံရေးမပေးနိုင်ဘဲ အသက်ဘေးကြားက တာဝန်ထမ်းခိုင်းခြင်းဟာ အလုပ်ကနေ နုတ်ထွက်ဖို့ ဖိအားပေးတာနဲ့ အတူတူပါပဲ။ ဒီလို နုတ်ထွက်ကြသူတွေဟာ နိုင်ငံတော်အပေါ် သစ္စာရှိခဲ့ကြသူ ပုန်မကန်ခဲ့ကြသူတွေဖြစ်တယ်။ ဒီလိုဝန်ထမ်းတွေကို တန်ဖိုးထားသင့်ပါတယ်။ 

နောက်ထပ် အရေးကြီးတာက အစားထိုးဝန်ထမ်းသစ်တွေကိစ္စ။ အစုလိုက် အပြုံလိုက် ရာထူးနေရာ လိုအပ်ချက်ရှိလာတဲ့အခါ လူငယ်တွေ အုံနဲ့ကျင်းနဲ့ အလုပ်ဝင်လာကြပါတယ်။ ပညာအရည်အချင်း ပြည့်မီပြီး နိုင်ငံရေးအစွဲကင်းတဲ့ လူငယ်တွေဟာ နိုင်ငံ့ဝန်ထမ်းအဖြစ် ယူနီဖောင်းကိုယ်စီနဲ့ အလုပ်လုပ်ရဖို့ စိတ်အားထက်သန်နေကြတယ်။ ဒါကို အလုပ်ခေါ်ခဲ့တဲ့ လူကြီးမင်းတွေ ပိုသိမှာပါ။ အခု ပြဿနာက အဲဒီ လူငယ်တွေ ရင်ဆိုင်နေရတဲ့ လုံခြုံရေးပြဿနာပဲ။ 

တာဝန်ကျရာ ဒေသတွေမှာ ဝန်ထမ်းအိမ်ရာတွေနဲ့ မနေရသေးတဲ့အခါပဲဖြစ်ဖြစ်၊ မိမိနေအိမ်ကနေ တာဝန်ကျရာဆီ အလုပ်သွားတဲ့အခါပဲဖြစ်ဖြစ် လမ်းခရီး လုံခြုံမှုဆိုတာက ရပ်ရွာ တည်ငြိမ် အေးချမ်းမှုနဲ့ အများကြီးသက်ဆိုင်နေပါသေးတယ်။ လုံခြုံရေး အစီအစဉ်မချပေးနိုင်သရွေ့ ဝန်ထမ်းတွေကို အလုပ်တက်ခိုင်းတာပဲဖြစ်ဖြစ်၊ အလုပ်ခန့်အပ်တာပဲဖြစ်ဖြစ် ဘယ်လုပ်ရပ်မဆိုက သေကွင်းထဲကို ပို့နေတာနဲ့ တူပါတယ်။ 

နိုင်ငံတော်အပေါ် သစ္စာစောင့်သိတဲ့ နိုင်ငံသားတွေရဲ့အသက်တွေ၊ လူငယ်တွေကို ဖြုန်းတီးတော့မှာပါလား။ 

အစိုးရအနေနဲ့ ကျောင်းတွေပြန်ဖွင့်ချင်တာကို နားလည်ပါတယ်။ ကျောင်းသားလူငယ်တွေ အချိန်ပုပ်ပြီး စိတ်လေလွင့်မှာစိုးတာကိုလည်း လက်ခံတယ်။ Covid ဂယက်ကြောင့် ကျောင်းတွေပိတ်ထားတော့တောင် အဲဒီ သက်ရောက်မှုက ကလေးတွေအပေါ် အတော်ကြီးတယ်။ ပညာရေးကို လုံးဝစွန့်လွှတ်ပြီး အလုပ်ခွင်ဝင်ကုန်တာ၊ ကလေးလုပ်သားတိုးတာ၊ အရွယ်မတိုင်မီ အိမ်ထောင်ကျခြင်းအပြင် လူကုန်ကူးမှုနဲ့ ကလေးသူငယ် ဒုစရိုက်မှုတွေထိ တိုးလာနိုင်ကြောင်း တရားဝင် သုတေသနစာတမ်းတွေမှာ ဖော်ပြထားပါတယ်။ အဲဒီလို ဆိုးကျိုးတွေကို ရှောင်ရှားဖို့ဆိုရင် ကျွန်တော်တို့က ကျောင်းတွေပြန်ဖွင့်ဖို့လိုတယ်။ ကျောင်းတွေဖွင့်ချင်ရင်တော့ ကလေးတွေသာမက ဆရာတွေ၊ မိဘတွေရဲ့ လုံခြုံရေးကိုပါ အာမခံနိုင်မှဖြစ်ပါလိမ့်မယ်။ 

ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံရေး မတည်ငြိမ်မှု မကြာခဏ ဖြစ်လေ့ဖြစ်ထ ရှိပေမဲ့ ပညာမသင်‌ကြားရေးကို ပစ်မှတ်ထား အကြမ်းဖက်တာကတော့ အခုမှ ကြုံရတာဖြစ်ပါလိမ့်မယ်။ ဒီတော့ ပညာရေးကို ဦးစားပေးကိုင်တွယ်ချင်ရင် ပညာရေးကို ပစ်မှတ်ထား တိုက်ခိုက်တာတွေကို ‌အဆုံးသတ်ပေးရမှာပါ။ 

အစိုးရရဲ့ စီမံခန့်ခွဲမှု အမှားတွေနဲ့ မဖြစ်နိုင်တဲ့ အမိန့်တွေကြောင့် ဝန်ထမ်းတွေ ဒုက္ခရောက်ပြီး နုတ်ထွက်ကုန်တာကတော့ ရုပ်ဆိုးလွန်းပါတယ်။ အလုပ်တစ်ခုကို လုပ်ချင်ရင် ဖြစ်နိုင်တဲ့ အခင်းအကျင်းကိုလည်း ဖန်တီးပေးရတာ အစိုးရလုပ်နေတဲ့လူတွေ ပိုသိမှာပါ။ ကျောင်းဖွင့်ချင်တာက ဟုတ်ပါပြီ၊ ကျောင်းတက်န်ုင်တဲ့ အနေအထားရှိလား အရင်ကြည့်ပါ။ အဝေးသင် တက္ကသိုလ်တွေ ကျောင်းအပ်မိန့်ထုတ်တာက ဟုတ်ပါပြီ။ ကျောင်းသားတွေထဲမှာ အကြမ်းဖက်တွေ ရောပါမလာဖို့ အစိုးရက တာဝန်ယူပါ။ တာဝန်မယူနိုင်ရင် စွတ်မလုပ်ပါနဲ့။ စိတ်ကုန်စရာကောင်းပါတယ်။ 

CDM မလုပ်တဲ့ ဝန်ထမ်းတွေဆိုတာ နိုင်ငံတော်ရဲ့ ကျေးဇူးသစ္စာတော်ကို သိတတ်ခဲ့ကြပြီး ကိုယ်ကျရာ တာဝန်ကို မြတ်နိုးခဲ့ကြသူတွေပါ။ ဂန့်ဂေါသာမက မြန်မာတစ်နိုင်ငံလုံးက ဝန်ထမ်းတွေ ဘာတွေကြုံနေရတယ်ဆိုတာကို အစိုးရအဖွဲ့က တာဝန်ရှိသူတွေသိပါသလား။ မသိရင် မြေပြင်သတင်းတွေအရင် ရအောင်ယူပါ။ ပြီးမှ အမိန့်ထုတ်ပါ။ ဝန်ထမ်းဆိုတာ စစ်သားတွေလို တိုက်ပွဲဝင်ဖို့ လေ့ကျင့်ထားတာမဟုတ်လို့ အကြမ်းဖက်တွေနဲ့တွေ့ရင် ခံရမှာပါ။ 

ဒီတော့ ကျွန်တော် အဓိကပြောချင်တာက - 

- ကျောင်းတွေဖွင့်တာက ဟုတ်ပါပြီ။ ကျောင်းတွေပိတ်ထားရင် ကလေးတွေဘဝ လေလွင့်ပြီး မျိုးဆက်နဲ့ချီ နိမ့်ပါးနိုင်လို့ ကလေးတွေ ပညာတတ်ဖို့လိုပါတယ်။ 

- ယခင်က ကျောင်းသားတွေဆန္ဒပြဖူးပါတယ်။ "ကျောင်းသားတွေမရှိရင် သူတောင်းစားတွေ သမ္မတတက်ဖြစ်ကုန်မှာပေါ့" တဲ့။ 

- နိုင်ငံတော်ကို ပညာတတ်တွေ ဦးဆောင်စေဖို့ ကျောင်းတွေဖွင့်ချင်ရင် ရှေးဦးစွာ နိုင်ငံတော်ကြီးကို တည်ငြိမ်အောင်လုပ်ဖို့ လိုအပ်ပါတယ်။ နိုင်ငံတော်ရဲ့ ကျေးဇူးသစ္စာတော်ကို စောင့်သိတဲ့ ဝန်ထမ်းတွေရဲ့ အသက်အိုးအိမ်ကို တန်ဖိုးထား စောင့်ရှောက်ကာကွယ်ရမယ်။ 

- ကျောင်းဖွင့်ဖို့ထက် ကျောင်းဖွင့်နိုင်တဲ့ အနေအထားကို ဖန်တီးပေးဖို့လိုတယ်။ မဟုတ်ရင် အစိုးရက အာ‌ဏာသုံးပြီး ဝန်ထမ်းတွေကို ဖိအားပေးရာကျမယ်။ 

- မငြိမ်းချမ်းတဲ့ ဒေသတွေကိုချန်ပြီး တည်ငြိမ်တဲ့ ဒေသတွေကိုပဲ ကျောင်းဖွင့်မယ်ဆိုရင် မငြိမ်းချမ်းတဲ့ဒေသက ကလေးငယ်တွေ နစ်နာပါတယ်။ အစိုးရရဲ့ စီမံခန့်ခွဲမှု အမှားက ကလေးတွေရဲ့ အနာဂတ်ကို ထိခိုက်ပါလိမ့်မယ်။ 

ပြန်သုံးသပ်စေလိုပါတယ်။ လုံခြုံရေးမပေးနိုင်သရွေ့ အသက်တွေကို ချွေတာပေးပါ။ မဖြစ်‌မနေ အကောင်အထည်ဖော်ချင်ရင် အခုထက်ပို သေပ်တဲ့ ဗျူဟာချပေးပါ။
ကျွန်တော်သိသလောက် လာမယ့် ဆယ်တန်းသင်ရိုးသစ်ကလည်း အတော်မြင့်ပါတယ်။ ဒါကျက် ဒါဖြေစနစ်အစား လက်တွေ့အသုံးချတဲ့ ပညာရေးဘက်ကို ‌ဦးတည်ထားတယ်။ ဘာဝါဒဖြန့်မှု၊ ဘာစစ်ကျွန်ပညာရေးမှ မဟုတ်ပါဘူး။ ကျောင်းမတက်ရင် မတက်တဲ့လူတွေပဲ နစ်နာမှာပါ။
တော်လှန်ရေးကို အကြောင်းပြုပြီး တောင်းစားနေတဲ့လူတွေက တောင်းစားနေတဲ့အခိုက် အ‌နာဂတ်ရဲ့ ခေါင်းဆောင်လောင်းလေးတွေကတော့ ကျောင်းသွားကြပါစေ။ မြန်မာတစ်နိုင်ငံလုံးမှာ ခေါင်းလောင်းသံတွေ ညီညာလို့ သာယာအေးချမ်းပါစေဗျာ။ 

သန့်နေစိုး (3. Nov. 2021)