Thursday, November 18, 2021

❝ သာမညဖလသုတ် မြန်မာပြန် တရားတော်❞

☸☸☸☸☸☸☸☸☸☸☸☸

☸☸☸☸☸☸☸☸☸☸☸☸

  တန်ဆောင်မုန်းလကို ရှေးပုဂံခေတ်ကျောက်စာတွေမှာ '' တန်ဆောင်မှုန် '' လို့ အမြစ်ဝိသဇ္ဇနီ မထည့်ဘဲ ရေးထိုးတတ်ကြပြီး၊နှုတ်က ရွတ်ဆိုတဲ့အခါမှာတော့ ဝိသဇ္ဇနီသံ ထည့်ပြီး '' တန်ဆောင်မှုန်း '' လို့ ရွတ်ဆို ကြပါသတဲ့။

       တန်ဆောင်မှုန်း ပုဒ်ကို တစ်လုံးစီ အဓိပ္ပါယ်စိတ်ဖြာကြည့်မယ်ဆိုရင်..." တန် "က တန်ခိုးပုဒ်က တန်လိုအလင်းရောင်၊နေရောင်ဆိုတဲ့ အဓိပ္ပါယ်ရှိပြီး၊

"ဆောင်"က ထွန်းလင်းခြင်းအဓိပ္ပါယ်၊ သယ်ဆောင်၊ယူဆောင်တို့မှာပါတဲ့ ဆောင်လို သယ်ပိုးခြင်း၊ယူငင်ခြင်း အဓိပ္ပါယ်ရှိကြောင်း ဖော်ပြပါတယ်။

 " မှုန်း "ကိုတော့ နေမိဘုံခန်းပျို့လာ တန်ခိုးမှုန်း၊ကြမ္မာပွင့်မှုန်း၊နီလာရည်မှုန်း ပုဒ်တွေမှာ ရှိတဲ့ မှုန်းလို ထွန်းလင်းတောက်ပစေသည်၊ထွန်းလင်း တောက်ပသည်...ဆိုတဲ့ အဓိပ္ပါယ်မျိုးလို့ ဆရာကြီးဦးဖိုးလတ်က ယူပြီး၊ " တန်ဆောင်မှုန်း ' တစ်ပုဒ်လုံးရဲ့အဓိပ္ပါယ်ကို " မီးရှူး၊မီးတိုင်၊ဆီမီးတို့ကို ထွန်းလင်းတောက်ပစေသောလ၊ဆီမီးညှိထွန်းသောလ" လို့ မြန်မာလအမည်များစာအုပ်မှာ အဓိပ္ပါယ် ဖွင့်ဆိုပြခဲ့ပါတယ်။

       သံတော်ဆင့်မင်းဦးချိန် ကတော့.....

 "တန်ဆောင်" ကို မီးရှူးတန်ဆောင်လို့ ဖွင့်ဆိုပြီး" မှုန်း"ကိုဖျောက်လွှင့်ချေမှုန်းခြင်းလို့ ဖွင့်ဆိုကာ ဒီလရဲ့ အဓိပ္ပါယ်ကို "အမိုက် မှောင်ကို မီးရှူးတန်ဆောင်ဖြင့် ဖျောက်လွှင့်ချေမှုန်းသောလ "လို့ ဝေါဟာရလီနတ္ထဒီပနီကျမ်းမှာ ဖွင့်ဆိုပြခဲ့ပါတယ်။ရာသီက ဗြိစ္ဆာရာသီ ဖြစ်ပြီးတော့ စန်းယှဉ်နက္ခတ်က ကြတ္တိကာနက္ခတ် ဖြစ်ပါတယ်။ရာသီပန်းကတော့ ခဝဲပန်းပါ။ရက်ရာဇာက တနင်္ဂနွေ နဲ့ ဗုဒ္ဓဟူး၊ပြဿဒါးက အင်္ဂါ နဲ့ ရာဟု ပါ။တန်ဆောင်မှုန်း ခေါ် တန်ဆောင်မုန်းသည် မြန်မာပြက္ခဒိန်၏ ရှစ်လမြောက် အောက်တိုဘာလ၊ နိုဝင်ဘာလ အတွင်း ကျရောက်သည်။ 

💮💮💮💮💮💮💮💮💮💮

" သာမညဖလသုတ် တရားတော်

အကျယ် "

🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

သာမဏ+ဘဝပုဒ်မှ -သာမည ဟုဖြစ်လာသည်။

ဖလ -အကျိုး ဖြစ်ပြီး

ရဟန်းအဖြစ်၏အကျိုး ဟု

 ခေါ်သည်။

တစ်ချိန်သောအခါက မြတ်စွာဘုရားသည် ရဟန်းသံ ဃာ ( ၁၂၅၀ )အပါးနှင့်အတူ ရာဇဂြိုလ်ပြည် ဇီဝက လှူဒါန်းသော သရက်ဥယျာဉ်ထဲမှာ သီတင်းသုံးနေတော်မူ၏။

ထိုအခါ တွင် ဝေဒဟီမိဖုရား၏သား

မဂဓတိုင်း၏ဘုရင် အဇာတသတ်မင်းသည် နန်းတော်၏ ပြဿဒ်အထက်ဝယ် မင်း၏မှူးမတ်အပေါင်းစုံညီစွာဖြင့်

စည်းဝေးလျက် ရှိပေ၏။

 အချိန်ကာ မိုးလေးလ အကုန်

ကုမုဒြာကြာဖြူတို့ ပွင့်လန်းကုန်သော တန်ဆောင်မုန်းလပြည့် ဥပုသ်နေ့ညတွင် သော်တာလဝန်း၏အစွမ်းကုန် 

လင်းလက်တောက်ပနေချိန် 

ဖြစ်၏။

ဆီးနှင်း၊မြူတိမ်၊သူရိန်၊မီးခိုး၊

 ညစ်မျိုး ငါးဝကင်း စင်ပပြီး ကြည်နူးသာယာ ဘွယ်ကောင်းတဲ့ တန်ဆောင်မုန်းလပြည့် ညရဲ့အလှအပကို ကြည့်ပြီး 

အဇာတသတ်ဘုရင်ဟာ

မိမိ ရင်တွင်း၌ ဖြစ်ပေါ်ခံစားလာရသော စိတ်အကြံအစည်ကို မျိုသိပ်မထားနိုင်တေ့ာပဲ ထုတ်ဖော်ကျူးရင့် လိုက်ပါတယ်။

(တန်ဆောင်မုန်းလပြည့်ည၌ ညဉ့်သည် အပြစ်ငါးမျိုးတို့ ကင်းစင်နေသဖြင့်

"ဒေသိနာ ရတ္တိ"ဟု ဆိုသည်)

၁။ ရမဏီယာ ဝတ ဘော 

ဒေါသိနာ ရတ္တိ=

မှူးမတ်ပရောဟိတ်ကြီးတို့ရေလသာခြင်းဖြင့်အပြစ်ကင်းသော ညဉ့်သည် မွေ့လျော်ဖွယ်ကောင်းသော

 ညပါတကား။

၂။ အဘိရူပါ ဝတ= အလွန်လှပသော ညပါတကား။

၃။ ဒဿနီယာ ဝတ = ရှုဖွယ်ကောင်းသောညပါတကား။

၄။ ပါသာဒိကာ ဝတ=ကြည်လင် ရွှန်းပသော ညပါတကား။

၅။ လက္ခညာ ဝတ= မေ့မရနိုင်သောညပါတကား လို့ စကားငါးခွန်းနဲ့ ချီးမွမ်းတော် မူပါသတဲ့။

ယနေ့လိုညမျိုးမှာ ဘယ်ကဲ့သို့သော

သမဏဗြဟ္မဏ ကို ငါတို့ ဆည်းကပ်ရပါကုန်အံ့နည်း။အဘယ် ဗြဟ္မဏ ကို

ဆည်းကပ်လျှင် ငါ၏ စိတ်သည် ကြည်လင် ပါအံ့နည်း ဟု ဥဒါန်းကျူးရင့်လိုက်ပါတယ်။

မှူးမတ်တွေက ထင်ရှားတဲ့

 ဂိုဏ်ဆရာကြီးတွေဆီသွားဖို့ 

အကြံပေးတာပေါ့။

မှူးမတ်တွေ 

 လျှောက်တင်တာကို

အဇာတသတ်ဘုရင်ကြီးက 

ဆိတ်ဆိတ်သာ နေလေ၏။

အဇာတသတ်မင်းဟာ ဒေ၀ဒတ်နှင့် ပေါင်းမိပြီး ခမည်းတော် ဗိမ္ဗိသာရမင်းကိုထောင်သွင်းအကျဉ်းချတယ်ခြေဖဝါးခွဲပြီး ဆားပတ်

 မီးကင်ပြီး ကံတော်ကုန်

အောင် လုပ်ခဲ့မိတယ်။

ဒီအချိန်ကစပြီး အိပ်မပျော်တဲ့

 ရောဂါဝေဒနာ စွဲကပ်ခဲ့ပါတယ်။ သူ၏မျက်လုံးတွေကို “လှံချက်ပေါင်း အရာအထောင်”တို့နဲ့ ထိုးဆွခြင်းခံရသလို ဝေဒနာစွဲကပ်ခဲ့ပါတယ်။

ဖခင်ခမည်းတော်မင်းကြီးကို 

ပဉ္စာနန္တိယ ကံကြီးထိုက်ပြီး

သတ်မိတဲ့အကုသိုလ်ကံ

 ကြောင့် အလွန် ကြည်နူးသာယာဖွယ်ကောင်းတဲ့ တန်ဆောင်မုန်း 

လပြည့်ညရဲ့ အလှအပကို မခံစားနိုင်ပဲ အိပ်စက် မရအောင် ဖြစ်နေပါတယ်။

အဲဒီ ဝေဒနာပျောက်ကင်းအောင်မည်သည့်ဆေး နှင့်မှ 

ကုစားမရဖြစ်နေခဲ့သည်။

 အမတ်တွေအကြံ

 ပေးတဲ့အတိုင်း ယခင်ကလည်း

 တိတ္ထိ ဆရာကြီး ခြောက် ယောက် တို့ ထံ သွားရောက်ခဲ့ပါတယ်။ အဇာတသတ် ဘုရင်က

 သူသိလိုတဲ့ သာမညဖလ (ရဟန်း ပြုခြင်း အကျိုး ) ကိုမေးတဲ့ အခါ မှာ ကျေနပ်လောက်တဲ့အဖြေကို မရတဲ့အတွက်

 ပြန်လာခဲ့ရပါတယ်။

 ထိုအခါ အဘယမင်းသား၏

 မွေးစားသား ဇီဝက ကို 

အဇာတသတ်ဘုရင်က 

"အဘယ်ကြောင့် ဆိတ်ဆိတ်နေသနည်း သင့်မှာကော ကိုးကွယ်စရာ

ဆရာသာမဏ မရှိပါသလော"

ဇီဝက က "မင်းမြတ် ပူဇော်အထူးကို

ခံယူထိုက်သော အလုံးစုံသောတရားတို့ကို သိတော်မူသော မြတ်စွာဘုရားသည် သံဃာများနှင့်အတူ အကျွန်ုပ်၏သရက် ဥယျာဉ်ထဲမှာ သီတင်းသုံးနေပါတယ်။

မြတ်စွာဘုရားကို ဆည်းကပ်ခဲ့လျှင်သင်မင်းမြတ်၏ စိတ်သည် ကြည်လင်နိုင်ပါသည်ဟု"

 လျှောက်တင်လေ၏။

ထိုအခါ မင်းကြီးသည် ဇီဝက အား

ဆင်ယဉ်တို့ကိုပြင်ဆင်စေပြီး

စာထဲမှာတေ့ာ မင်းကြီး၏ စီးတော်ဆင်အပြင် မိန်းမစစ်သည်တော်၅၀၀-တို့ကို စီးစေ၍ မီးရှူးတိုင်တို့ကို ဆောင်စေလျက် ကြီးစွာသော မင်း၏ 

ကျက်သရေ ဖြင့် ရာဇဂြိုလ်ပြည်မှ

ဇီဝက ၏ သရက်ဥယျာဉ်သို့သွားလေ၏။ 

သရက် ဥယျာဉ် ၏ အနီးသို့ရောက်သော် အဇာတသတ်ဘုရင်ကြီးဟာ

ကြောက်ခြင်း တုန်လှုပ်ခြင်းများ

ဖြစ်မိ၍ အနီးတွင်ရှိသော ဇီဝက ကို 

မယုံသင်္ကာဖြင့် မေးလေ၏။

အမောင် ဇီဝက သင်ငါ့ကို မလှည့်ပတ်သည် မှန်၏လော။

(၁၂၅၀) ရှိသော သံဃာများ၏ ချောင်းဟန့်သံ စကားပြောသံမျှသည်

အဘယ်ကြောင့် မဖြစ်သနည်း ။

အဇာတသတ်မင်း ကြီး ကြောက်ရွံတုန်လှုပ်ခြင်းမှာ အမှောင်ထုကြောင့်ဟုဆိုကြသည်။

ထိုစကားမဟုတ်ပေ။

ရာဇဂြိုလ်မြို့သည် တံခါးကြီး ၃၂- ခုတံခါးငယ် ၆၄- ခု ရှိသည့်အပြင်ဇီဝက သရက်ဥယျာဉ်

 သည်လည်း

မြို့တံတိုင်းနှင့် ဂိဇ္ဈကုဋ်တောင်ကြားတွင်ရှိလေသည်။

တောင်ရိပ်နှင့် သစ်ရိပ်တို့ကြောင့်အမှောင်ထုက ဖုံးလွှမ်း၏။

သို့သော် ထွန်းညှိလာသော

 မီးရှူးတိုင်များ၏အလင်းကာ ထိန်လင်းနေ၏။

ဒါကြောင့် လိုက်ပါသူတွေအားလုံးဟာမီးရှူး မီးတိုင်တွေ အလင်းရောင်တွေ ထွန်းညှိပြီး သွားရောက်ခဲ့တာက 

အစပြုလို့ တန်ဆောင်တိုင် မီးထွန်းပွဲတော်ဟာ ဘုရားရှင်ကို ပူဇော်ပွဲအလေ့အထ စတင် ဖြစ်တည်ခဲ့ရပါတယ်။

သရက်ဥယျာဉ်နားရောက်သော်လည်း

ဥယျာဉ်ထဲမှာ သံဃာတော်များ၏

ခြေသံ စကားပြောသံ မကြားရ။

အနီးအပါးတွင်လည်း ဇီဝက မှ တစ်ပါး ယောကျာ်းစောင့်ဟူ၍ တစ်ယောက်မှ မရှိ။

ထိုသို့ တိတ်ဆိပ်သော ပတ်ဝန်းကျင်နှင့် အခြေအနေတို့ကြောင့်

အဇာတသတ်မင်းကြီး ကြောက်ရွံမှုဖြစ်လေသည်။

ဇီဝက ကိုပင် ခမည်းတော်ကို သတ်ဖူးသော မိမိနှင့် နှိုင်းယှဉ်ကာ မိမိကို သတ်ဖို့ ကြံရော့သလား ဟု သံသယ

စိတ်ဝင်လာမှု ဖြစ်လေသည်။

 ထိုအခါ ဇီဝက မှ

မင်းကြီး မကြောက် တော်မူပါလင့်။

မင်းမြတ်ကို မလှည့် ပတ်ပါ။

မင်းကြီး ရှေ့သို့ ကြွပါ။

တန်ဆောင်းဝန်းနဲ့ ဤဆီမီးတို့သည်တောက်ပလျက် ရှိပါကုန်၏ ဟုလျှောက်၏။

ထိုအခါ မင်းကြီးသည် ဆင်ပေါ်မှဆင်း၍ ခြေကျင်သာ လျှင် တန်ဆောင်းဝန်း တံခါးရှိရာသို့ သွားကာ

"ဇီဝက မြတ်စွာဘုရားသည်

ဘယ်မှာနည်း "ဟု မေးရာ

မင်းကြီး အလယ်တိုင်မှာထိုင်၍ အရှေ့အရပ်သို့ မျက်နှာမူကာ 

ရဟန်းသံဃာများ၏ ရှေ့၌ ထိုင်နေပါတယ်။

အဇာတသတ်မင်းကြီးသည်

မြတ်စွာဘုရား အနီးအပါးသို့ သွား၍

ရှိခိုးဦးချပြီး တစ်ခုသောနေရာ၌ ထိုင်ကာ ကြည်လင်သော အိုင်ကြီးကဲ့သို့ငြိမ်သက်စွာ ဆိတ်ဆိတ်နေသော ရဟန်းသံဃာများကို ကြည့်ပြီး ဥဒါန်းကျူးရင့်လေ၏။

"ရဟန်းသံဃာတွေဟာ အကြင် ငြိမ်သက်ခြင်းနှင့် ပြည့်စုံ၏။

ငါ့၏သား ဥဒယဘဒ္ဒ မင်းသားသည်ဤသို့ ငြိမ်သက်ခြင်းနှင့်

 ပြည့်စုံပါစေသတည်း"

 မြတ်စွာဘုရားရှင်မှ "မင်းကြီး ချစ်မြတ်နိုးရာသို့ သင်

 စိတ်အားဖြင့် ရောက်သွားလေပြီ"ဟု မိန့်တော်မူပါတယ်။

 မင်းကြီးမှ 

 "အရှင်ဘုရား ဥဒယဘဒ္ဒ မင်းသားကို အလွန်ချစ်ပါ၏

အရှင်ဘုရား ယခုအခါ ရဟန်းသံဃာသည် အကြင်

 ငြိမ်သက်ခြင်းနှင့်ပြည့်စုံ

၏။အကျွနုပ်၏သား ကိုလည်း

ဤသို့(ရဟန်းဖြစ်ရင်)

 ငြိမ်သက်ခြင်းနှင့် ပြည့်စုံ ပါစေ သတည်း "ဟု လျှောက်တင်၏။

 ထိုနောက် အဇာတသတ်မင်းသည်

မြတ်စွာဘုရားကို ရှိခိုး၍ ရဟန်းသံဃာကို လက်အုပ်ချီပြီး မြတ်စွာဘုရားအား လျှောက်တင်၏။

"အရှင်ဘုရား 

တပည့်တော်တွင် 

မေးမြန်းလိုသည့် အကြောင်းအချင်းအရာများရှိပါသည်။မေးခွင့်ရှိပါသလားဘုရား"

 "မင်းကြီး သင်မေးလိုရာမေးပါ"ဟု ခွင့်ပြု တော်မူသည်။

"အရှင်ဘုရား...

 ဤလောက၌ ဆင်စီး၊မြင်းစီး စသော သူရဲကောင်းစစ်သည်များ ရှိပါ၏။အိုးထိန်းသည်၊ခဝါသည်၊ဆတ္တာသည် စသည်တို့လည်းရှိပါ၏။

 ဤသို့ မိမိတို့ ကျွမ်းကျင်ရာ

 အလုပ်ဖြင့် 

အသက်မွေးဝမ်း ပြုသူများ ရှိပါ၏။၎င်းတို့သည် မိမိတို့အလုပ်ဖြင့် အသက်မွေးကြရာ 

အကျိုးခံစားခွင့်ရှိသည်ကို 

မျက်မြင်တွေ့ရပါ၏။

ဤ ဘဝ၌ပင်

 အကျိုးရကြသည်ကို 

လက်ငင်းဒိဋ္ဌိ သိရပါ၏။"

 "သူတို့၏ အသက်မွေးမှုလုပ်ငန်းမှ သူတို့ကိုယ်တိုင်လည်း အကျိုးခံစားရပါ၏။သူတို့ကို အမှီပြုသော မိသားစုလည်း အကျိုးခံစားရပါ၏။ဤမျှ သာမဟုတ်သေး။

ကုသိုလ်ကောင်းမှုလည်း ပြု နိုင်ပါသေး၏ "

 "တပည့်တော်သိလိုသည်မှာ 

ရဟန်းပြု ကြကုန်သော သူတို့သည် 

ဘယ်အကျိုးကိုခံစားကြရပါသနည်း။

ယခုမျက်မှောက်ဘဝတွင် 

ခံစားရသောအကျိုးတစုံတရာရှိပါသလား။ရဟန်းဖြစ်ရသည့် အကျိုးကို သိသာအောင် ပြနိုင်ပါသလားဘုရား .."

 အဇာတသတ်မင်းက မြတ်စွာဘုရားအား ဤသို့မေးမြန်းလျှောက်ထားလိုက်၏။

 မြတ်စွာဘုရားက-

"မင်းကြီး သင်သည် ဒီပြဿနာကိုတခြား တစုံတဦးအားမေးမြန်းခဲ့ဖူးပါသေးလား"

"တပည့်တော် မေးမြန်းဖူးပါ၏"

"ဘယ်သူ့ကို မေးမြန်း၍ 

ဘယ်သို့ဖြေကြားခဲ့ပါသလဲ

 မင်းကြီး

ဝန်မလေးလျှင် 

ပြန်လည်ပြောကြားပါလော့ "

 ဤတွင် အဇာတသတ်ဘုရင်က 

(၁)ပုရာဏကႆ ပ၊

(၂)မက္ခလိဂေါသာလ၊

(၃)အဇိတ ကသေကမ်ဗလ၊

(၄)ပကုဓ ကစ္စာယန၊

(၅)နိဂဏ္ဌ နာဋပုတ္တ၊

(၆)သဉ္စယ ဗေလဋ္ဌပုတ္တ 

စသော ဂိုဏ်းဆရာကြီး ခြောက်ဦးထံ 

မေးမြန်းဖူးကြောင်း လျှောက်ထား၏။

 ထိုဆရာကြီး ခြောက်ယောက်က ရဟန်းဖြစ်ရခြင်း အကျိုးကိုမပြောပြနိုင်ဘဲ ၎င်းတို့၏အယူဝါဒများကိုသာ 

ထင်ရာမြင်ရာ ပြောဆိုခဲ့ကြသဖြင့် သူသိလိုရာကိုမသိရဘဲရှိကြောင်း၊

ထိုဆရာကြီးခြောက်ယောက်ထံမှ 

စိတ်နှလုံးမသာမယာဖြင့် ဖယ်ခွာလာခဲ့ရပါကြောင်း ဆက်လက်လျှောက်ထား၏။

 အဇာတသတ်မင်းသိလိုသည့် 

ရဟန်းပြုရခြင်း အကျိုးကို မြတ်စွာဘုရားကဖြေကြား၏။

"မင်းကြီး သင်သိလိုရာကို ငါထင်ရှားပြမည်၊ရှေးဦးစွာ သင့်ကိုပဲ မေးမြန်းပါအံ့၊

သင်ဖြေတတ်သလို ဆန္ဒရှိသလိုသာ ဖြေပါလော့"

 "မင်းကြီး သင့်တွင်

 သင့်အလိုကျ 

ဆောင်ရွက်ပေးတတ်သော၊လိမ္မာသော အစေအပါးတစ်ယောက်ရှိသည် 

ဆိုပါတော့..၊ထိုအစေအပါးသည် 

ရဟန်းဝတ်သွားသည် ရှိသော် 

သင်မင်းကြီးအဘယ်သို့ 

ပြုလုပ်ပါမည်နည်း၊

လူဝတ်လဲတော့၊ငါ၏ အမှုကိစ္စတို့ကို 

ဆောင်ရွက်ပေတော့ဟု ဆိုပါမည်လော..."

 "အရှင်ဘုရား ဤသို့မဆိုပါ၊

ထိုရဟန်းပြုသွားသူအား တပည့်တော်တို့ကပင် ပြန်၍ အရိုအသေပြုရပါမည်။လိုအပ်သည်များကို ထောက်ပံ့လှူ 

ဒါန်းပေးရပါမည်။"

 "မင်းကြီး 

ရဟန်းပြုရခြင်း၏ အကျိုးကို 

လက်ငင်းဒိဋ္ဌိ မြင်တွေ့ပါရဲ့လား"

"အရှင်ဘုရား..

သင့်လျော်ပါ၏၊

ထိုထက်ပို၍

 သိသာအောင်ပြတော်မူပါဘုရား"

 "မင်းကြီး ပြနိုင်ပါ၏။

အခွန်ထမ်းဆောင်သော နိုင်ငံသားတစ်ဦးရှိသည်ဆိုပါတော့။ထိုသူ ရဟန်းဝတ်ခဲ့သည်ရှိသော် အသင်မင်းကြီးက

 အခွန်ထမ်းသူကို 

လူဝတ်လဲတော့၊စီးပွားဥစ္စာတိုးအောင်ပြု ၍ အခွန်ထမ်းလော့ ဟု ဆိုပါမည်လော..."

 "အရှင်ဘုရား..

 ဤသို့မဆိုပါ၊ထိုရဟန်းပြု သူအား 

တပည့်တော်ကပင်ပြန်၍ 

အထောက်အပံ့ပြုရပါလိမ့်မည်။"

 "မင်းကြီး ရဟန်းပြုရခြင်းအကျိုးကို 

လက်တွေ့ မြင်ရပြီမဟုတ်ပါလား "

"မှန်ပါ့ ဘုရား၊တွေ့မြင်ရပါပြီ၊

 ထိုထက်ပို၍ အားရနှစ်သက်ရအောင် ထင်ရှားပြတော်မူပါအုံးဘုရား "

 ရဟန်းပြုသူသည် လောကီကိစ္စများမှ 

လွတ်ကင်းရပုံကို ပြပြီးနောက် 

အကျင့်တရားများကြိုးစားအားထုတ်နိုင်ပုံ အဆင့်ဆင့်ကို ဆက်လက်၍ 

ထင်ရှားပြတော်မူ၏။

"မင်းကြီး...လောက၌ 

တစုံတယောက်သောသူသည်

 ငါဘုရား၏ တရားဓမ္မများကို

 နာကြားရအံ့၊

ထိုသူသည် လောကီကာမဂုဏ်ကိစ္စများကို စွန့်၍ရဟန်းပြုသည်ရှိအံ့၊ထိုသို့ရဟန်းပြုသူသည် စင်ကြယ်သောသီလကို စောင့်ထိန်းလတ္တံ့"

 "မင်းကြီး ထိုသို့သောရဟန်းသည် 

ခပ်သိမ်းသော လူသတ္တဝါတို့အား 

သနားကြင်နာတတ်၏။

သူတပါး ဥစ္စာပစ္စည်းကို 

မက်မောခြင်းကင်း၏။

အိမ်ယာတည်ထောင်သူတို့ ပြုလုပ်သော မသန့်ရှင်းသောအပြုအမူများမှ 

ကင်းရှင်းအောင်နေ၏။

 အချင်းချင်း မညီမညွတ်ဖြစ်စေသော 

စကားမျိုးကို ပြောဆိုခြင်းမှ ရှောင်ကြဉ်၏။

ကြမ်းတမ်းသော စကားကိုမဆို၊

ယဉ်ကျေးနှစ်လိုဖွယ်ရာ ပြောဆိုတတ်၏။ဤကား ရဟန်းတို့၏ 

အကျင့်သီလပင်ဖြစ်လေသည် "

 "မင်းကြီး အကျင့်သီလနှင့် 

ပြည့်စုံသောရဟန်းသည် ဣနြေ္ဒကိုစောင့်ထိန်းမြဲဖြစ်၏၊အာရုံခြောက်ပါး 

ဣနြေ္ဒကိုစောင့်ထိန်းသူကို နှစ်သက်ခြင်း၊မနှစ်သက်ခြင်း စသောတရားများက နှိပ်စက်ခြင်းမပြုနိုင်ပေ၊

 ဣနြေ္ဒကိုစောင့်ထိန်းသဖြင့် 

ကိလေသာ၏ နှိပ်စက်ခြင်းမှကင်းဝေးရ၏၊

အနှိပ်စက်မခံရသူသည် ချမ်းသာစွာနေရ၏။စိုးရိမ်ကြောင့်ကြမှု ဘေးအပေါင်းမှ လွတ်ကင်းရ၏။"

 "မင်းကြီး ဣနြေ္ဒစောင့်ထိန်းသူသည် သွားခြင်း၊ရပ်ခြင်း၊အိပ်ခြင်း၊စားခြင်းစသောလှုပ်ရှားမှုတိုင်းကို သတိဖြင့်

ဆင်ခြင်ပြုလုပ်လေ့ရှိ၏၊

သူ့တွင် စိတ်ပျံ့လွင့်မှု မဖြစ်ပေါ်တတ်ပေ "

 "ထိုသို့သော ပုဂ္ဂိုလ်သည်ရောင့်ရဲလွယ်သည်သာဖြစ်၏၊အရှက်လုံရုံ၊ဝမ်းကိုမျှတစေရုံ၊သစ်တစ်ပင် တဲတစ်လုံးဖြင့် 

နေရာထိုင်ခင်းလုံလောက်ရုံမျှနှင့် ကျေနပ်လေ၏၊

 ဤသို့ သီလပြည့်စုံ၊ဣနြေ္ဒစောင့်စည်း၊သတိ-သမ္ပဇဉ်ရှိပြီး ရောင့်ရဲလွယ်သော 

ပုဂ္ဂိုလ်သည် ဆိတ်ငြိမ်ရာ၌သာနေထိုင်တတ်၏။

 ကမ္မဋ္ဌာန်းတရားကို ရှေးရှုလျက်

သတိဖြင့်သာနေ၏။"

 "ထိုပုဂ္ဂိုလ်၏ စိတ်၌ 

မက်မောတွယ်တာခြင်း

 အဘိဇ္စျာ၊

ပျက်စီးစေလိုသော ဒေါသ၊

လေးလံထိုင်းမှိုင်းခြင်း ထိနမိဒ္ဓ၊

ပျံ့လွင့်ခြင်း ဥဒ္ဓစ္စ၊

နောင်တပူပန်ခြင်း ကုက္ကုစ္စ၊

ယုံမှားခြင်း ဝီစိကိစ္ဆာတို့မှ 

ကင်းစင်၍နေလေ၏ ၊

လူတို့၏ စိတ်ကိုမကောင်းအောင်

ခြယ်လှယ်တတ်သော တရားအစုမှ ကင်းဝေး၍ ငြိမ်းချမ်းနေလေ၏ "

 "ထိုပုဂ္ဂိုလ်အား လွတ်မြောက်သူဟုခေါ်၏။အချုပ်နှောင်ခံရသူသည် လွတ်မြောက်လာသကဲ့သို့၊ကြွေးတင်သူသည် 

ကြွေးဆပ်နိုင်ပြီး လွတ်မြောက်သကဲ့သို့၊

ရောဂါဆိုးခံစားနေရသူသည် 

ဆရာကောင်းနှင့် တွေ့ရသဖြင့် ရောဂါအရှင်းပျောက်ကင်းရသကဲ့သို့ 

အလွတ်မြောက်ကြီး လွတ်မြောက်ရလေ၏ "

"အပိတ်အပင် အတားအဆီးတို့မှ 

လွတ်မြောက်နေသူတွင် 

ဝမ်းမြောက်ခြင်းဖြစ်၏၊ထိုဝမ်းမြောက်မှုက နှစ်သက်ခြင်းပီတိဖြစ်စေ၏၊ပီတိဖြစ်သူ၏ ကိုယ်သည် ငြိမ်းချမ်း၏၊

ငြိမ်းချမ်းသောကိုယ်ရှိသူသည် ချမ်းသာ၏၊ချမ်းသာသော ပုဂ္ဂိုလ်၏စိတ်သည် တည်ငြိမ်၏ "

 "မင်းကြီး

 ထိုသို့သော ပုဂ္ဂိုလ်သည် ကာမဂုဏ်အစုစုတို့မှ ကင်းလွတ်သော၊အကုသိုလ်အစုစုတို့မှ 

ကင်းလွတ်သော အမှုကိုသာ

 ကြံစည်၏၊ဆင်ခြင်၏၊နှစ်သက်မှုရှိ၏၊ချမ်းသာမှုရှိ၏၊

 ဤသည်ပင်လျှင် ပထမဈာန်သို့

ရောက်ရှိခြင်းပေတည်း။

ဝိတက်၊ဝိစာရ၊ပီတိ၊သုခတည်းဟူသော ဈာန်အင်္ဂါလေးပါးနှင့် ပြည့်စုံသည့် 

ပထမဈာန်ကိုရရှိခြင်းဖြစ်ပေသတည်း။

အလွန်ချမ်းသာသည့် အဖြစ်သို့ 

ရောက်ရှိရခြင်းမည်ပေ၏။"

 "မင်းကြီး ဤသည်မှာ ရဟန်းပြုရခြင်း၏ လက်ငင်းအကျိုးပင်ဖြစ်ပေ၏..."

 မြတ်စွာဘုရား၏ ဟောပြောမှုတွင် 

အဇာတသတ်ဘုရင်မှာ 

နစ်ဝင်လျက်ရှိသည်။

အစဉ်အမြဲ မချမ်းသာသော 

သူ၏နှလုံးသားမှ ထိုခဏ၌ 

ငြိမ်ဝပ်တည်ကြည်မှုကို ရရှိနေ၏။

 ဘုရားရှင်မှ ဆက်လက်၍ ပထမဈာန်မှ ဒုတိယ၊တတိယ၊စတုတ္ထ စျာန်များသို့

တိုင်အောင် အဆင့်ဆင့်တိုးတက် ရောက်ရှိပုံအား

 ဟောကြားပြသလေ၏။

နှိပ်စက်တတ်သော ကိလေသာတို့မှ ပို၍ပို၍ လွတ်မြောက်လာပြီး ပို၍ ချမ်းသာသုခမြင့်မားလာပုံကို 

အဆင့်ဆင့်ထင်ရှားပြသပေး၏။

 စတုတ္ထဈာန်ရရှိသူသည် ဝိပဿနာဥာဏ်ကိုရရှိလျက် ရဟန္တာဖြစ်ရပုံကို အစီအစဉ်အတိုင်း တစ်ခုစီဟောပြောသွားရာ 

ရဟန်းဝတ်ရခြင်းမှစသော အကျိုးကို 

အဇာတသတ်မင်းကိုယ်တိုင် 

ထင်ရှားသိမြင်၍ ရွှင်လန်းဝမ်းမြောက်မှုရရှိသွားလေသည်။

 အဇာတသတ် မင်းကြီးက

 မေးမြန်း

 လျှောက်ထားသဖြင့် မြတ်စွာ ဘုရားရှင် က သာမညဖလ သုတ်တော်ကို

 ဟောကြားတော်မူခဲ့သည်မှာ ခဝဲပန်း လှိုင်လှိုင်ပွင့်သော တန်ဆောင်မုန်း

 လပြည့် ညချမ်းပင် ဖြစ်ပါတယ်။ ထိုသို့ ဘုရားရှင်က တန်ဆောင်မုန်း လပြည့်နေ့တွင် သာမည ဖလသုတ်တော်ကို ဟောကြားတော်မူခြင်းကို အကြောင်းပြု၍ တန်ဆောင် မုန်းလပြည့်နေ့ကို 'သာမညဖလ' အခါတော်နေ့ဟု သတ်မှတ် ခေါ်ဝေါ်ကြခြင်း ဖြစ်ပါတယ်။

  သမားတော်ကြီး ဇီဝက ကျေးဇူးကြောင့် ဘုရားရှင်ကို ဖူးတွေ့ မေးမြန်းသိရှိပြီးမှ အိပ်စက်လို့ ရသွားပါတော့တယ်။အဇာတသတ်မင်းတရား ဘုရားရှင်ကို အဖူးအမျှော်သွားရောက်တဲ့အချိန်ဟာ တန်ဆောင်မုန်းလပြည့် ညချမ်း ချိန်ခါ။ 

သရက်ဥယျာဉ် ထဲမှာပဲ ဘုရားရှင်ဟာ အဇာတသတ်မင်းကို သာမညဖလ သုတ္တန် ဒေသနာတော်ကို ဟောကြားတော်မူခဲ့ပါတယ်။အလွန် သာယာလှပတဲ့ တောတောင်ရိပ်နဲ့ လပြည့်ညမှာ

 ဟောကြားတဲ့ တရားတော်ဟာ နောင်တ တစ်ဖန် ပူပန်မှုတွေနဲ့ ဆူပွက်လောင်မြိုက်တဲ့ နှလုံးသားကို အေးချမ်းသာယာမှုကို ဆောင်ကျဉ်း ပေးနိုင်ခဲ့တာပေါ့လေ..။

အဲဒီ သာမညဖလသုတ္တန်ဟာ

 ဒီဃ နိကာယ်၊ သီလက္ခန္ဓ ဝဂ္ဂ ပါဠိတော်မှာ ပါရှိပါတယ်။ ရဟန်းသံဃာတော်တွေ အတွက်

 ကြေးမုံမှန်တစ်ချပ် သဖွယ်ဖြစ်ပြီး ကိုယ်ကျင့်သီလ ရှိတယ် မရှိဘူးဆိုတာကို ဤသုတ္တန် ဖြင့်ထင်ဟပ်စေနိုင်ပါတယ်။

 ဤသို့ ဟောတော်မူသောအခါ

အဇာတသတ်မင်းသည်

မြတ်စွာဘုရားအား

လျှောက်ထားလေ၏။

"အရှင်ဘုရား တရားတော်သည်

အလွန်နှစ်သက်ဖွယ် ရှိပါပေ၏။

အရှင်ဘုရား ဥပမာ သော်ကား

မှောက်ထား သည်ကို လှန်ဘိသကဲ့သို့ မျက်စိလည်သူအား လမ်းမှန်ကို 

ပြောကြားဘိသကဲ့သို့ ။

မျက်စိ အမြင် ရှိသူတို့သည်

အဆင်းကို မြင်ကြလိမ့်မည်

အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို

ပြသကဲ့သို့ အရှင်ဘုရားသည်

များစွာသော အကြောင်းဖြင့် တရားတော်ကို ပြတော်မူပါပေ၏။

အရှင်ဘုရား အကျွနုပ်သည်

မြတ်စွာဘုရားအား ကိုးကွယ်ရာဟူ၍

ဆည်းကပ်ပါ၏

တရားတော်ကို ကိုးကွယ်ရာဟူ၍

ဆည်းကပ်ပါ၏။

သံဃာတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။

မြတ်စွာဘုရားသည် အကျွနုပ်ကို

ယနေ့မှ စ၍ အသက်ထက်ဆုံးကိုးကွယ်ဆည်းကပ်သော ဥပါသကာဟု

မှတ်တော်မူပါ ဟု

 အဇာတသတ် မင်းကြီးဟာ

လျှောက်ထားလေ၏။

အဇာတသတ်မင်းသားဟာ သာမညဖလသုတ္တန် ကိုနာယူလိုက်ရတဲ့အချိန်က စပြီး ဗုဒ္ဓသာသနာတော်ကို သက်ဝင်ယုံကြည်လာပြီး ပုထုဇဉ်များထဲမှာ ရတနာ သုံးပါးကို အကြည်ညို ဆုံး ပုဂ္ဂိုလ် ဖြစ်လာခဲ့ပါတယ်။ 

ခမည်းတော်ကို သတ်ခဲ့မိတဲ့ သူရဲ့အမှားကိုလည်း ကြီးစွာနောင်တရခဲ့ပါတယ်။ ဗုဒ္ဓသာသနာတော် ကို အသက်ပေးပြီး ကြည်ညိုလာ တဲ့သူဖြစ်လာပါတယ်။

ပြီးတော့ မြတ်စွာဘုရားထံမှာ

(၁) (ခမည်းတော်ကို သတ်ခဲ့မိတဲ့ 

အပြစ်ကို) ၀န်ခံခြင်း၊

(၂) (ခမည်းတော်ကို သတ်ခဲ့မိတဲ့ အပြစ်ကို) တောင်းပန်ခြင်း၊

(၃) (ထိုကဲ့သို့သော မကောင်းမှုကို

 နောင်တဖန်မလုပ်တော့ပါ ဘုရား

 တပည့်တော် ၏ အပြစ်ကို နောင် အခါစောင့်စည်းခြင်းငှာ အပြစ်ဟု မြတ်စွာဘုရား ကလက်ခံတော် မူပါဘုရား လို့ ဘုရားရှင်ထံပါး မှာ လျှောက်ထားခဲ့ပါတယ်။

 မြတ်စွာဘုရားက

မင်းကြီး မိုက်သည့်အလျောက်

တွေဝေသည့်အလျောက် အလိမ္မာသည့် အလျောက် အပြစ်သည်

သင့်ကို စင်စစ် လွှမ်းမိုးသွားခဲ့၏။

သင်သည် တရားစောင့်သော

 ခမည်းတော်ကို သတ်ခဲ့မိ၏။

"မင်းကြီး အကြင်သူသည် အပြစ်ကို အပြစ်ဟု အကြောင်းအားလျော်စွာ ကုစား၏။ နောင်အခါ စောင့်စည်း၏။ ထိုသူ၏ ကုစားစောင့်စားခြင်းသည် အရိယာ၏ ဝိနည်း အဆုံး အမ၌ ကြီးပွားခြင်း ပင်တည်းဟု ပြန်လည် မိန့်တော်မူ ပြီးစိတ်သက်သာရာရ စေခဲ့ပါတယ်။

 အဇာတသတ်ဘုရင် ပြန်ကြွသွားသောအခါ ဘုရားရှင်က-

"ရဟန်းတို့ ဤမင်းသည် မိမိ၏ နေရာကို မိမိကိုယ်တိုင် တူးဖြိုး ခဲ့မိ၏တရားစောင့်သော ခမည်းတော်ကိုမသတ်ခဲ့ပါမူ 

သောတာပတ္တိဥာဏ်(ကိလေသာအညစ်ကြေးကင်းသော တရားမျက်စိ)ကို 

ဤနေရာ၌ပင် ဧကန်ရရှိပေလိမ့်မည်"ဟု မြွက်ကြားတော်မူခဲ့လေသတည်း...။

ရဟန်းပြုခြင်း အကျိုးတွေကို

 ဟောကြားတဲ့ နေ့ဖြစ်တဲ့အတွက် 

တန်ဆောင်မုန်း လပြည့်နေ့ကို သံဃာ တော်များနေ့လို့ ခေါ်ဆိုခဲ့တာ ကိုလည်းမှတ်သားထိုက်ပါတယ်။

သာမည ဖလ = ရဟန်းပြုခြင်း၏ 

အကျိုးကျေးဇူးတွေကတော့------

၁။ မင်းခစားဘဝနှင့် မင်းပြစ်

 မင်းဒဏ်မှ လွတ်ကင်းခြင်း အကျိုး။

၂။ အခွန်ထမ်းဆောင်မှု မှ လွတ်ကင်းခြင်း အကျိုး။

၃။ ပါတိမောက္ခ သံဝရသီလ နှင့် ပြည့်စုံသဖြင့် အပါယ်ဘေးမှ ကင်းဝေးခြင်း အကျိုး။

၄။ ဒုစရိုက်ကို ရှောင်သဖြင့် ဒုစရိုက် ဒုက္ခ မှ ကင်းလွတ်၍ စူဠ သီလ နှင့်ပြည့်စုံ ခြင်း အကျိုး။

၅။ ပွဲသဘင် အမျိုးမျိုး၊ ကစားပွဲ အမျိုးမျိုး မကောင်းသောစကားအမျိုးမျိုး တို့မှ ရှောင်ကြဉ် သဖြင့် ထိုဒုက္ခများမှ ကင်းလွတ်၍ မဇ္စျိမ သီလနှင့်ပြည့်စုံခြင်း အကျိုး ။

၆။ နက္ခတ်ဗေဒင် ၊ယတြာ လက္ခဏာ ဆေးကုခြင်း စသည်တို့မှ ရှောင်ကြဉ်သဖြင့် အာဇီဝ ပါရိသုဒ္ဓိ သီလ နှင့် ညီညွတ်၍ မဟာသီလနှင့် ပြည့်စုံခြင်းအကျိုး ။

၇။ ဣန္ဒြေ ၆-ပါး ၌ အကုသိုလ် မဖြစ်အောင် စောင့်စည်းနိုင်ခြင်း အကျိုး။ (ဤ သည်တို့ကား အခြေခံ သီလများဖြစ်ပါသည်)။

၈။ သတိ နှင့် ပြည့်စုံခြင်း အကျိုး။

၉။ သမ္ပဇဉ် (ဆင်ခြင်တုံ ) တရားနှင့်ပြည့်စုံခြင်း အကျိုး။

၁၀။ သန္တောသ ( ရောင့်ရဲခြင်း) အကျိုး။အခြေခံသီလ ၊သတိ သမ္ပဇဉ် ၊ သန္တုဋ္ဌီ တရားများနှင့် ပြည့်စုံသော ရဟန်းသည် သမထ ဝိပဿနာ တရားကို ဆက်လက်အားထုတ်ပါက အေက်ပါ အကျိုး များကို လက်တွေ့ ခံစားရရှိနိုင်ပါသေးတယ်။

၁၁။ နီဝရဏ ငါးပါးမှ လွတ်ကင်းခြင်း အကျိုး

၁၂။ စျာန်တရား ရနိုင်ခြင်း အကျိုး

၁၃။ ဝိဇ္ဇာ ရှစ်ပါး နှင့် ပြည့်စုံ၍ မဂ် ဖိုလ် ရနိုင်ခြင်း အကျိုးတို့ ဖြစ်ပေသည်။

နောက်တော့လည်း

အဇာတသတ်မင်းကြီးဟာ

ပထမ သင်္ဂါယနာ တင်ပွဲကြီး ဖြစ်မြောက်အောင် ဒါယကာ အဖြစ်ခံယူ ကူညီခဲ့ပါတယ်။ ဗုဒ္ဓသာသနာတော် နှစ်ကို အတိအကျ သတ်မှတ်ပေးခဲ့ပါတယ်။

ပိဋကတ်တော်များ ကို မပျက် မစီးရအောင် သံင်္ဂါ ယနာ အဆက်ဆက် တင်၍ ယနေ့တိုင်အောင် ထိန်းသိမ်း ထားနိုင်တာတွေ၊ ဓာတ်တော်များကို ရှာဖွေ ပြီး စုဆောင်း ထိန်းသိမ်းထားခဲ့လို့သာ သီရိဓမ္မာသော ကမင်းကြီး ကစေတီပေါင်း ရှစ်သောင်းလေးထောင် တည်ထား၍ သာသနာ ပြုနိုင်တာတွေဟာ အဇာတသတ်မင်းသားရဲ့ ကျေးဇူးလို့ နားလည် လက်ခံရမှာပါပဲ။

 မြတ်စွာဘုရား ဟောကြားခဲ့တဲ့ သာမညဖလ သုတ္တန်ကို နာကြားခဲ့လိုက်တဲ့ အဇာတသတ်မင်းဟာ

တရားအဆုံးမှာ သောတာပန် တည်နိုင်ခဲ့တာပေါ့။ သူကျူးလွန်ခဲ့တဲ့ ကံကမဂ်ဉာဏ် ဖိုလ် ဉာဏ် ကို

 တားမြစ်ခဲ့သည့်အတွက်

  သည် ဘဝမှာ မဂ်ဉာဏ် 

မရနိုင်တာကို သိပေမဲ့ 

 ကျေးဇူးတော်ရှင် မြတ်စွာဘုရားကို

 ကြည်ညိုပြီးသာသနာကို ကြိုးစား

 စောင့်ရှောက်ခဲ့ပါတယ်။

၁။ အိပ် မပျော်တဲ့ ရောဂါ

 ဝေဒနာ

 ငြိမ်းအေးသွားခဲ့ပါတယ်။

၂။ ရတနာသုံးပါးကို နှစ်နှစ် ကာကာ ယုံကြည် လာပါတယ်။

၃။ ပုထုဇဉ်တွေ ထဲမှာ ရတနာ သုံးပါးကို အကြည်ညို ဆုံး ပုဂ္ဂိုလ် အဖြစ်မှတ်တမ်းတင်ခံရပါတယ်။

၄။ အပြစ်ကြီးလေးသော မဟာ အဝီ စိ ငရဲ မှာ မခံစားရတော့ပဲ အပြစ်ပေါ့တဲ့

 လောဟ ကုမ္ဘီ ငရဲမှာသာ ခံရ ပါတော့တယ်။

၅။ နောင် အနာဂတ်ကာလမှာ ဝိဇိတာဝီ အမည် ဖြင့် ပစ္စေက ဗုဒ္ဓါ ဖြစ်ပြီး ကျွတ်တမ်းဝင် ရပါလိမ့်မည်။

 ဒီကနေ့ ထေရဝါဒသာသနာတော်မြတ်ကြီး နေလိုလလိုထွန်းလင်းတောက်ပနေစေဖို့ ပထမဆုံးသော သင်္ဂါယနာတင်ပွဲကြီးကို ဖြစ်မြောက်အောင် ကူညီပေးခဲ့တဲ့ သာသနာ့ဒါယကာကြီး အဇာတသတ်ရှင်ဘုရင် သရဏဂုံ စတည်ခဲ့တာလည်း တန်ဆောင်မုန်းလပြည့်နေ့ပါပဲ။ 

တန်ဆောင်မုန်းလပြည့်နေ့မှာအဇာတသတ်ရှင်ဘုရင် ပျော်ရွှင်ဘွယ်နက္ခတ်သဘင်တို့နဲ့ တန်းဆာမဆင်ဘဲ ''ဓမ္မကုမုဒြာကြာ''တို့နဲ့ အလှတန်းဆာ ဆင်ခဲ့ပါတယ်။

 လရောင်ခြည်ကြောင့် ကုမုဒြာကြာများ ပွင့်လန်းကြသလို မြတ်စွာဘုရားရဲ့ 

ဓမ္မရောင်ခြည်ကြောင့် အဇာတသတ်ရှင်ဘုရင်ရဲ့ နှလုံးသားမှာ

''ဓမ္မကုမုဒြာကြာများ''

ပွင့်လန်းခဲ့ပါတယ်။ 

ဒီအကြောင်းကို အကြောင်းပြုပြီး ''သာမညဖလသုတ်''ကို ဟောကြားတော်မူခဲ့တဲ့ မြတ်စွာဘုရားရဲ့ 

ဓမ္မရောင်ခြည်ကြောင့် ယခုအချိန်မှာသာမက နောင်ထောင်စုနှစ်ပေါင်းများစွာထိတိုင်အောင်

 ''သာသနာ့ကုမုဒြာကြာပွင့်များ''ဟာလည်း အမြဲမပြတ် ဆက်လက်ပွင့်ထွန်းနေမှာ အမှန်ပင်ဖြစ်ပါတယ်။        

အဇာတသတ်မင်း ဟာ

၁။ ပထမ သင်္ဂါယနာ တင်

 ဒါယကာအဖြစ်ခံယူခြင်း၊

( ပိဋ္ဋကတ်တော်များ မပျက်စီးအောင် ထိန်းသိမ်းနိုင်၍ ဖြစ် )။

၂။ မြတ်စွာဘုရား၏ ဓါတ်တော်များ ကို စုဆောင်းသိမ်းဆီး၍

 ဓါတ်တော်တိုက်ကြီး တည်ထားခဲ့ခြင်း၊

( ထို ဓါတ်တော်များကို သီရိဓမ္မာ သောကမင်းကြီး က စေတီပေါင်း (၈၄၀၀၀) တည်ထား၍သာသနာပြုခဲ့ )။

၃။ ဗုဒ္ဓသာသနာနှစ် ကိုအတိအကျသတ်မှတ်ခဲ့ခြင်း၊( ထိုအချိန်မှစ၍ ဗုဒ္ဓဘာသာ၀င်တို့ သာသနာနှစ် ကိုအတိအကျသုံးစွဲခွင့်ရရှိခဲ့ ပါတယ်။

ဒါကြောင့် အဇာတသတ်မင်းကြီး၏ ကျေးဇူးသည်

ဗုဒ္ဓဘာသာဝင်တိုင်းအပေါ်တွင်

ရှိလေ၏။

သို့သော်လည်း

ဘယ်လိုအကြောင်း ကြောင့်ပဲဖြစ်ဖြစ် မိခင် ဖခင်တို့အပေါ်ကိုတေ့ာ အဇာတသတ်မင်းလိုတေ့ာ

ကြီးများသော ဂရုကံကြီးကို

တေ့ာ ယနေ့ လူသားများ

မကျူးလွန်မိအောင် ဆင်ခြင်သံဝေဂ ယူနိုင်ကြပါစေ။

🔹🔹🔹🔹🔹🔹🔹

(ပူဇော် ရေးသား)

ညောင်ရမ်းသားငွေသိန်း(ဓမ္မအလင်း)

🌺🌺🌺🌺🌺🌺🌺🌺🌺🌺

မှီငြမ်းကျမ်းကိုး။

#အရှင်ဣနြ္ဒိယ(သျှင်မိုးဝေ)

(ရဟန်းဘဝ ၏အကျိုး သာသနာတော်၏တန်ဖိုး)

#လေးမြိုင်-ဗုဒ္ဓ၏ ဝါဒစစ်ပွဲများ

ဆရာဇီဝက၏ သရက်ဥယျာဉ်နေရာ

  ကုမုဒြာတို့ ပွင့်ချိန်ခါ(သာမညဖလ

 အခါတော်နေ့)

#ဦးပညာသာမိ(မာဂဓီ-သာစည်) အခါတော်နေ့များ

#အခြားသော လေ့လာစုစည်းမှုများ


တယ်လီဂရမ်လင့်နဲ့ကျွန်တော့အကောင့်လင့်ပါ

https://t.me/komyowin/32


https://www.facebook.com/profile.php?id=100058949323171


နိုင်ငံရေးသတင်းများကို Yutube မှာလည်းနားဆင်လို့ရပါပြီခင်ဗျာ

https://youtube.com/channel/UCG7fGVz_iyGtDnMsqyCABbw



Related Posts: