Friday, November 5, 2021

ခေါင်းစီးမလိုသောကဗျာ 🇲🇲


အသွေး
အသား
နှလုံးသားမှာ
တက်ထူးထိုးထားစရာမလို
တက်ထူးလိုလဲဖျက်ဖို့မလွယ်
သစ်မြစ်အစုံလိုလဲ
ဆွဲနှုတ်မြေလှန်ပစ်လို့မရနိုင်ခဲ့ဘူး

ပန်းခရေတွေလို
ဝေနေဆဲလည်း မွှေး
ကြွေမြေဝဲလည်း မွှေး
စံပယ်ဖွေးဖွေးတွေလို
သန့်ရှင်းစင်ကြယ်နေလေတော့

ဘယ်နေရာရောက်ရောက်
ဘာတွေပဲလုပ်လုပ်
မြစ်ဧရာကိုဆန်တတ်လို့
တချိန်ကရာဇာဓိရာဇ်လို
ပုဂံကိုဖူးခဲ့တဲ့ မာန် ကိုတော့မချဘူး

မုန့်ဟင်းခါးတစ်ပွဲစားရင်
ပဲကတ်ကြော်နဲ့နံနန်ပင်
ငရုတ်သီးမှုန့်နဲ့ငံပြာရည်မပါရင်
သမီးရည်းစားတွေဖြစ်ပြိးကာကြမှ
အနမ်းမပေးရတဲ့အဖြစ်မျိုးလို
အစဉ်အလာတွေယိုယွင်းသွားမယ်
ဒါကြောင့်ပဲထင်ပါရဲ့
ပဲပြုတ်နဲ့နန်ပြားဟာ
စာမျက်နှာတစ်ရွက်ဖြစ်လာခဲ့တယ်

သနပ်ခါးဖွေးဖွေးနဲ့ပါးကွက်ကြား
မျက်နှာများ
ထဘီရင်ရှားနဲ့
သောက်ရည်အိုးရွက်သူများ
ညနေစောင်းခါးတောင်ကျိုက်ကာ
ခြင်းဝိုင်းဖွဲ့ခတ်ကြတာတွေ
ပုံရိပ်တွေ

ဆွမ်းတော်ဗျို့...
လင်းအားမကြီးခင်မှာပဲ
ဆွမ်းခံကြွတဲ့သံဃာတွေ
သဒ္ဓါယိုဖိတ်၊ ဒါယိကာဒါယိကာမတွေ
လက်ညှိုးညွှန်လို့ရေမဖြစ်ပေမယ့်
လက်ညှိုးထိုးရာ
စေတီပုထိုးနဲ့မြန်မာပြည်
နိမိတ်ပုံတွေ

အားလုံးဟာ
အဆုံးမသတ်နိုင်သော
အမှတ်ရခြင်းတွေ
ခပ်ဝေးဝေးမှာဆိုငြားလည်း
သီချင်းတစ်ပုဒ်ရှိသလိုဘဲ
"အမေဟာ မိန်းမရွှင်ကြီးဖြစ်နေပါစေ..."
အမေဟာအမေပါဘဲ အမေ...

လင်ဆိုးကိုမယားက မပစ်သလို
မယားဆိုးကို လင်ကမပစ်သလို
သားသမီးဆိုးကို မိဘကမစွန့်သလို
မိဘဆိုးကိုသားသမီးတွေက မစွန့်သလို

ဒီလိုအစွဲအလန်းမျိုးနဲ့
ကျနော်ချစ်ခဲ့ရတယ်

အခါခါလွဲနေလဲ
အကြိမ်ကြိမ်မွဲနေဆဲ
အချစ်က ဂုဏ်ပကာသန
ရုပ်ဝတ္ထူပစ္စည်းမှမဟုတ်ပဲ
မြင်နေရက်နဲ့မျက်လုံးမပါ
ကြားနေရက်နဲ့နားတစ်စုံမရှိ
နှာခေါင်းရှိပေမယ့်အနံ့ပျောက်တဲ့
ကိုဗစ်လိုလူတကာအထင်သေးနေလဲ
ကျနော်ချစ်နေဆဲ

မြန်မာရေ...
ချစ်သူတွေအများကြီးရှိခဲ့လို့
အကြောင်းအမျိုးမျိုးနဲ့
ချန်ထားခဲ့လို့ရင်မကွဲလဲ
မင်းကိုတော့ချစ်နေဆဲပါဘဲ

ကမ္ဘာကိုလွှမ်းစရာမလိုဘူး
မြန်မာဟာကျနော့ရင်ထဲ
အမြဲစိမ်းလန်းပန်းတစ်ပွင့်လို🌼

အချစ်ဟာယုံကြည်ခြင်းဘဲ
ယုံကြည်ရာဒီမြေပုံမှာ
သံ​ယောဇဉ်ပျိုးစေ့တွေကြဲ
ရေလောင်းပေါင်းသင်မြဲ
ကျနော်ချစ်နေတဲ့မြန်မာပြည်
ကျနော်ချစ်နေဆဲမြန်မာပြည်

ကျနော်ချစ်သောမြန်မာပြည်

ငြိမ်းချမ်းပါစေ...။

#ကိုချိုစိမ်းလန်း
☔☔☔☔☔☔
နိုဝင်ဘာ၊ ၂ရက် ၂၀၂၁