Saturday, November 6, 2021

ကိုယ့်ဘောင်နဲ့ကိုယ် အကျဉ်းကျနေတဲ့ နစက


ဒီကနေ့ ဖြစ်စဉ်တွေအားလုံးကို သုံးသပ်ကြည့်မယ် ဆိုရင် ကျနော်တို့ တိုင်းပြည်သည် မီဒီယာဖျက်လို့ ပြည်ပျက်နေရတဲ့ အနေအထားပါပဲ ။

ယနေ့ တိုက်ပွဲတွေ ဖြစ်နေတာ ကြည့်လိုက်ပါ အသေအပျောက် များနေတဲ့ အရေအတွက် ၊ နောက် အကြမ်းဖက်ခံရပြီး အသတ်ခံနေကြရတဲ့ အရေအတွက် အဲဒါတွေ အားလုံးရဲ့ နောက်ကွယ်က တရားခံဟာ သွေးထိုးပေးနေတဲ့ မီဒီယာတွေပဲ ဖြစ်ပါတယ် ။

ကျည်ဆံနဲ့ ပစ်ခတ်သတ်ဖြတ်နေကြတဲ့ စကေးကို တချိန်တုန်းက စံ ယူဖူးတယ်ဗျ ။ ကျည်ဆံ ၂၀၀၀ ကုန်မှ ရန်သူတယောက်ပဲ ကျဆုံးသတဲ့ ။ ဒါက တကယ့်တိုက်ပွဲကြီးတွေမှာ သေနေတဲ့ စံချိန်ဖြစ်ပါတယ် ။

ပြောချင်တာက ကျည်ဆံတိုက်ပွဲထက် မီဒီယာတိုက်ပွဲက ပိုပြီး အရေးကြီးတယ် ဆိုတာ နစက သိဖို့ပါပဲ ။

ကျနော်တို့ ပြောဆိုဝေဖန်နေကြတာ အကြိမ်ရေများလွန်းလို့ ပြောရသူတွေတောင် ရှက်စရာ ကောင်းနေကြပါပြီ ။ MRTV ၊ MWD ပြုပြင်ပြောင်းလဲမူ မဆိုစလောက်နဲ့ ခရီးမတွင်စွာ ချီတက်နေဆဲပါပဲ ။

     လေ့လာကြည့်တော့ အစိုးရ ရဲ့ မူဘောင် အရဆိုတဲ့ ကြိုးနဲ့ ချည်နှောင်ထားတာကို တွေ့ရပြန်ပါတယ် ။ သတင်းတင်ဆက်ချိန် ဘာဝတ်ရမယ် ၊ ဘယ်သတင်း အရင်တင်ရမယ် အစရှိသဖြင့် ကန့်သတ်ထားပါတယ် ။ 

         နောက်ပြီး ယဉ်ကျေးမှု အတွက်လည်းကောင်း ၊ သတင်းမှန် အတည်ပြုရန်လည်းကောင်း ချင့်ချိန် တည်းဖြတ်မှုတွေ စည်းကမ်းဥပဒေ များလွန်းနေလို့ အရာရာ နောက်ကျနေတာလည်း တွေ့ရပါတယ် ။ 

       နောက်ဆုံးတချက်ကတော့ ပြုပြင်ပြောင်းလဲလိုတဲ့ လူငယ် ဝန်ထမ်းတွေ အပေါ်စီးကနေ နေရာရထားတဲ့ စီမံသူတွေရဲ့ ခေတ်မမှီတော့သော အစီအမံများကြောင့်လည်း ဒီလို လူရာမဝင်တဲ့ မီဒီယာအဖြစ် ရှုမြင်ခံနေရတယ်လို့ ယူဆမိပါတယ် ။ 

      တွေးကြည့်တော့ အဲဒီ မူဘောင်တွေထဲ အကျဉ်းကျနေရတဲ့ MRTV နဲ့ MWD တို့ဟာ သနားစရာပဲ ဗျ ။ သူတို့ကို ချုပ်နှောင်ထားတဲ့ မူဘောင်ကို သူတို့ကိုယ်တိုင် ကိုယ့်ဘာသာ လုပ်ထားကြတာကိုး ဗျ ။ 

             ဒါတွေ ပြောနေမယ်ဆိုရင် ရှေးရိုးစွဲတွေနဲ့ အငြင်းပွားစရာ ဖြစ်ဖွယ် ရှိနေပါတယ် ။ ပြောချင်တာက အဲဒီ မူဘောင်တွေနဲ့ အကျဉ်းကျနေတဲ့ MRTV နဲ့ MWD တို့ကို ကျနော်တို့ ဒီအတိုင်း ထားလိုက်ပြီး မူဘောင်အပြင်က လွတ်လပ်တဲ့ မီဒီယာ တခု ထပ်လုပ်သင့်ပြီလို့ ယူဆမိပါတယ် ။ 

         အစိုးရရဲ့ ရုပ်သံချယ်နယ်ပေါင်းများစွာမှာ ပြည်သူ စိတ်ဝင်စားမှု အင်မတန်နဲတဲ့ ချယ်နယ်တွေ ရှိပါတယ် ။ စနစ်တကျ စစ်တမ်းထုတ်ပြီး လူကြည့် အနည်းဆုံးသော ချယ်နယ် နှစ်ခုကို ပေါင်းလိုက်ပါ ။ 

........အဲဒီ ချယ်နယ်အလွတ်တခုကို လွတ်လပ်သော သတင်းချယ်နယ် အဖြစ် လုပ်ပိုင်ခွင့်ပေးပြီး လွတ်လပ်စွာ ထုတ်လွှင့်ပေးလိုက်ပါ ။ 

          အခု တိုင်းပြည်ကို ဖျက်ဆီးနေတဲ့ မဇ္ဇျိမ ၊ DVB တို့ကို ကြည့်ပါ ၊ ဖြစ်ကရပ်ဆန်း လမ်းဘေးအဆင့် တင်ဆက်မှုတွေနဲ့ နစက မီဒီယာကို ဝါဒအနိုင်တိုက်နေတာ သတိပြုရပါမယ် ။ သူတို့ မြှောက်ပေးနေတဲ့ ကောလဟာလတွေ ကြောင့် ယနေ့တိုင် မပြီးနိုင် မစီးနိုင် ဖြစ်နေရတာ အရှိတရားပါပဲ ။

          ဒီတော့ နစက အနေနဲ့ အချိန်နဲ့တပြေးညီ သတင်းမှန်တွေ နဲ့ တုန့်ပြန်ဖို့ စီစဉ်နိုင်ရပါမယ် ။ လုပ်မယ်ဆိုရင် အင်မတန် လွယ်ကူပါတယ် ။ ဥပမာ အင်းစိန်မှာ ဗုံးပေါက်တယ်ဆိုရင် ပြည်ထဲရေး နဲ့ ထွေအုပ်ကို သတင်းဌာနသို့ အမြန်ဆုံးနည်းနဲ့ ဖြစ်စဉ်အကျဉ်း တင်ပြခိုင်းရပါမယ် ။ 

         နိုင်ငံအနှံ့ ကွန်ယက်တခုလုံး အဲလို စီမံထားမယ် ဆိုရင် ဘယ်နေရာပဲ ဖြစ်နေပါစေ ဖြစ်လျှင် ဖြစ်ခြင်း အကြောင်းစုံ မဟုတ်သေးလည်း အကြမ်းဖျင်း ဖြစ်စဉ်မှန်တွေကို ကောလဟာလ မပြန့်ခင် ဦးစွာ ထုတ်လွှင့်နိုင်ပါလိမ့်မယ် ။ 

         လျှင်မြန် သွက်လက် ထက်မြက်သော ငယ်ရွယ်နုပျိုတဲ့ မိန်းကလေး ယောကျာ်းလေး များအား ပေါ့ပါးခေတ်ဆန် လွတ်လပ်သော ဝတ်စားဆင်ယဉ်မှုဖြင့် မိုလ်ဘိုင်း သတင်းကားများ သုံးစွဲကာ တိုက်ရိုက် အစီအစဉ်များ ထုတ်လွှင့်ပေးရပါမယ် ။ 

          သတင်းထုတ်လွှင့်ချိန် အတွက် သတင်းလိုနေပါက စိတ်ဝင်စားဖွယ် တပ်မတော် သမိုင်းများကို ခဏတာမျှ ထုတ်လွှင့်ပေးခြင်းဖြင့် ပြည်သူ့ရင်ထဲက တပ်မတော်အပေါ် အမြင်ကို အမှန်တိုင်းမြင်လာစေရန် စည်းရုံးရပါမယ် ။ 

           ဒီလို လုပ်ပေးနိုင်မယ်ဆိုရင် လမ်းဘေးအဆင့် ပြည်ဖျက်မီဒီယာတွေ နောက်ကောက်ကျသွားပြီး ကောလဟာလ ထုတ်လွှင့်မှုများ လျှော့ပါးသွားပါ့မယ် ။ 

           ဒီအတွက် သုံးစွဲတဲ့ ဘက်ဂျက်ဆိုတာ အကြမ်းဖက် တယောက် သေဖို့ ကုန်သွားတဲ့ ကျည်ဆံ ၂၀၀၀ ဖိုးထက် များစွာ လျော့နည်းမှာ သေချာသလို အောင်မြင်ဖို့လည်း 100 % ရှိနေပါတယ် ။ 

        သတင်းတင်ဆက်ရာမှာ ရှေးဟောင်းစတိုင် တောင့်တောင့်ကြီးထိုင်ပြီး ဝါတော် ၆၀ ရ ဆရာတော်ကြီးလို တင်ဆက်လို့ မရတော့တဲ့ ခေတ်ဖြစ်နေပါပြီ ။ သတင်းကို အနုပညာ နဲ့ ပေါင်းစပ်ပြီး စိတ်ဝင်စားဖွယ် တင်ပြနိုင်ရပါမယ် ။ 

        ကျနော် ဥပမာ ပြောချင်ပါတယ် ။ အာဆီယံ ပြဿနာ ဂယက်ထနေချိန် ရုရှား ရေတပ် အုပ်စုကြီး ရောက်လာပါတယ် ။ ဒီသတင်းကို fb ပေါ်မှာ လူပေါင်းများစွာ တင်ဆက်ပုံ အမျိုးမျိုးနဲ့ ပို့စ်တင် ရေးသားကြပါတယ် ။ 

       ကျနော် မရေးသေးပဲ နောက်တရက်ကြာမှ စိတ်အားတက်ကြွဖွယ် ဇာတ်လမ်းသဘော ခြုံငုံ ရေးသားလိုက်ပါတယ် ။ ဖတ်ရသူ အပေါင်း အမျိုးသားရေးစိတ်ဓာတ်များ တက်ကြွရကြောင်း များစွာသော မန့် များမှ တုန့်ပြန်လာကြပါတယ် ။ 

         ဒီတော့ သတင်းတော့ သတင်းပါပဲ သို့သော် အနုပညာ စွက်လိုက်မှ ပြည်သူတွေ ပိုပြီး စိတ်ဝင်စားကြသလို ပိုပြီး ထိရောက်မှု ရှိတာကို ပြောချင်တာပါ ။ 

           ယခု မီဒီယာ လောကမှာ နစက အနေနဲ့ ရှေးရိုးစွဲ နည်းလမ်းများနဲ့ သတင်းတင်ဆက်မှုအပေါ် ဘိန်းစွဲသလို စွဲလမ်းသာယာနေမှုအတွက် ရှိပါစေတော့ ။ သို့သော် ထိုသို့ သုံးစားမရသော မီဒီယာစီမံမှုဖြင့် သာယာမနေပဲ သီးခြား လွတ်လပ်သော မီဒီယာ အသစ်တခု ထပ်မံတိုးချဲ့၍ မီဒီယာတိုက်စစ် ဖွင့်သင့်ပါကြောင်း လေးနက်စွာ တင်ပြလိုက်ရပါတယ် ခင်ဗျား ။ 

       ကိုရွှေမျိုးဝင်း

(ရိုင်းလဲ မရိုင်း လိုရင်း ပွှိုင့်ကိုလည်း သိစေချင်တဲ့ မမ သင်ဇာလို လိမ္မာပါးနပ်စွာ မီဒီယာကို အသုံးချတတ်ပါစေ)