Sunday, November 7, 2021

#ဂျင်မိဖြစ်စဉ်နှင့်စစ်ဆေးဖော်ထုတ်ချက်


ရန်ကုန်တိုင်းဒေသကြီးအတွင်း 
အကြမ်းဖက်လုပ်ငန်းများ ဦးဆောင်
လှုပ်ရှားနေသူ ကျော်မင်းယု(ခ)ဂျင်မီ 
(၈၈ မျိုးဆက်၊ ငြိမ်းချမ်းရေးနှင့်ပွင့်
လင်းလူ့အဖွဲ့အစည်း)အား ဖမ်းဆီး
ရမိ 
 
နေပြည်တော်၊နိုဝင်ဘာလ ၇ ရက် 
 
နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်ရည်ရွယ်၍ အပြစ်မဲ့ပြည်သူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အစိုးရဝန်ထမ်းများအား လုပ်ကြံသတ်ဖြတ်ခြင်း၊ မိုင်းခွဲ တိုက်ခိုက်ခြင်း၊ ဖောက်ခွဲဖျက်ဆီးခြင်း စသည့်အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက် ခဲ့သည့် ယခင် ၈၈ မျိုးဆက်၊ ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း၏ လူထု ဆက်ဆံရေးတာဝန်ခံ၊ ယခုအကြမ်းဖက် CRPH/NUG ၏ နိုင်ငံရေးနှင့်လုံခြုံရေး အကြံပေး ကျော်မင်းယု(ခ)ဂျင်မီအား အောက်တိုဘာလ ၂၄ ရက်၊ နံနက်ပိုင်းတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ပင်လုံအိမ်ရာဝန်းအတွင်းရှိ အမှတ်(၁၀၉/B) ၂ ထပ်တိုက် နေအိမ်၌ ဖမ်းဆီးရမိခဲ့ပါသည်။ 
 
တရားခံ ကျော်မင်းယု(ခ)ဂျင်မီနှင့်အတူ အကြမ်းဖက်တိုက်ခိုက်မှုနှင့် လုပ်ကြံ သတ်ဖြတ်မှုများတွင် အသုံးပြုလျက်ရှိသည့် AK-47 သေနတ် ၆ လက်၊ M-16 သေနတ် ၈ လက်၊ ၁၂-ဗို့ သေနတ် ၂ လက်၊ ဒေသန္တရလုပ်သေနတ် ၁ လက်၊ ကျည်အိမ် ၁၈ ခု တို့အား အဆိုပါ ၂ ထပ်တိုက်နေအိမ်မှ သိမ်းဆည်းရမိခဲ့ပါသည်။ 
 
ကျော်မင်းယု(ခ)ဂျင်မီသည် တရားခံပြေး မင်းကိုနိုင်နှင့်အတူ နိုင်ငံတွင်း ဆူပူအုံကြွမှုဖြစ်ပေါ်စေရေး၊ အစိုးရဝန်ထမ်းများ CDM လှုပ်ရှားမှုတွင် ပါဝင်လာစေရေး လှုံ့ဆော်မှုများပြုလုပ်ခြင်းတို့ကြောင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြိုနယ်တရားရုံးမှ ရာကြီးအမှတ်(၂၆)၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(ခ)ဖြင့် အမှုဖွင့်ခံထားရသည့် တရားခံပြေးတစ်ဦးဖြစ်ပါသည်။ 
 
တရားခံ ကျော်မင်းယု(ခ)ဂျင်မီ၏ ထွက်ဆိုချက်များအရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလနှင့် မတ်လအတွင်း အဆိုပါပင်လုံအိမ်ရာနေအိမ်တွင်နေထိုင်၍ ဆူပူ ဆန္ဒပြလှုပ်ရှားမှုများနှင့် အစိုးရဝန်ထမ်းများ CDM လှုပ်ရှားမှုများတွင် ပါဝင်လာစေရေး အတွက် သတင်းမီဒီယာများနှင့်ချိတ်ဆက်ကာ ဝါဒဖြန့်လှုံ့ဆော်မှုများပြုလုပ်ခဲ့ကြောင်း၊ ဧပြီလ ၂ ရက်တွင် ၎င်း၏ ဇနီးဖြစ်သူ နီလာသိန်းနှင့်အတူ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ သွားရောက်တိမ်းရှောင်ခဲ့ကြောင်း၊ ၎င်းနောက် ဖောက်ခွဲဖျက်ဆီးခြင်း၊ လက်နက်ကိုင် တိုက်ခိုက်ခြင်းနှင့် လုပ်ကြံသတ်ဖြတ်ခြင်းများအားဆောင်ရွက်ရန် ၂၀၂၁ ခုနှစ်၊ ဧပြီလ အတွင်း Moon Light Operation အဖွဲ့အား စောသက်ထွန်း(ခ)နေခြူး(Sky Age Education)၊ ကိုကိုကြီး(စမ်းချောင်း၊ ၈၈ မျိုးဆက်၊ ငြိမ်း/ပွင့်)၊ သူရကျော်(ခ)နီကိုလပ်စ်၊ သန်းအောင်(နိုင်/ကျဉ်းဟောင်း)၊ ရဲဇာနည်(ခ)အူနို(နွေဦးကံ့ကော်အဖွဲ့)၊ ကျော်ကျော်မိုး(ခ) ဇော်ဝင်းမောင်(၈၈ မျိုးဆက်၊ ငြိမ်း/ပွင့်၊ ဖမ်းမိ)တို့နှင့်အတူ စတင်ဖွဲ့စည်းခဲ့ကြောင်း သိရှိရပါသည်။ 
 
ကျော်မင်းယု(ခ)ဂျင်မီ ခေါင်းဆောင်သော Moon Light Operation အဖွဲ့၊ ဖြိုးဇေယျာသော် ခေါင်းဆောင်သော Yangon Urban Guerilla-YUG အဖွဲ့နှင့် ဝေဖြိုးဟန်ခေါင်းဆောင်သော ရန်ကုန်တိုင်း PDF အဖွဲ့များသည် ရန်ကုန်တိုင်းဒေသကြီး အတွင်း အခြေခံပညာအဆင့် ကျောင်းသူ/ကျောင်းသားများ၊ ဆရာ/ ဆရာမများ၊ စာသင်ကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက်မှုများဖြင့် အကြမ်းဖက်စစ်ဆင်ရေး တစ်ရပ်အား ၂၀၂၁ ခုနှစ်၊ မေလတွင်စတင်ခဲ့ကြကြောင်း၊ ၎င်းနောက် အပြစ်မဲ့ပြည်သူများ ကို ထိတ်လန့်တုန်လှုပ်အောင် ခြိမ်းခြောက်နိုင်ရေးအတွက် အုပ်ချုပ်ရေးမှူးများအား သတ်ဖြတ်ခြင်း၊ NLD ပါတီဝင်မဟုတ်သော အခြားပါတီဝင်များကို သတ်ဖြတ်ခြင်း၊ NLD ပါတီအား ထောက်ခံမှုမရှိခဲ့သူများကို သတင်းပေး/ဒလန်အဖြစ် စွပ်စွဲသတ်ဖြတ်ခြင်း၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ အစိုးရအဆောက်အဦများ၊ ပုဂ္ဂလိကဘဏ်များစသည့် အပြစ်မဲ့ပြည်သူများနှင့် အရပ်ဘက်ပစ်မှတ်များကို ဦးတည်တိုက်ခိုက်ခဲ့ကြကြောင်း၊ ထိုသို့အကြမ်းဖက်တိုက်ခိုက်နိုင်ရေးအတွက် Moon Light Operation အဖွဲ့အား တရားခံပြေး လွင်ကိုလတ်မှ AK-47 နှင့် M-16 အလက် ၃၀၊ ကျည် ၆၀၀ တောင့်၊ ကျည်ကတ်၉၀ ခုနှင့် ဗုံးဖောက်ခွဲရန် ကတ်သီး ၅၀၀ ခုအား ပေးအပ်ခဲ့ကြောင်း၊ ၎င်းလက်နက်/ခဲယမ်းများဖြင့် ရန်ကုန်မြို့တွင်း အကြမ်းဖက်လုပ်ငန်းများကို လုပ်ဆောင် ခဲ့ကြောင်းသိရှိရပါသည်။ 
 
အကြမ်းဖက် Moon Light Operation အဖွဲ့အနေဖြင့် အကြမ်းဖက် NUG မှ D-Day သတ်မှတ်ပေးသည့် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နောက်ပိုင်းတွင် ကြီးမားသော အကြမ်းဖက်လုပ်ငန်းကြီး - Mission ၈ ခုအား ရန်ကုန်တိုင်းဒေသကြီး အတွင်းလုပ်ဆောင်ရန် အစီအစဉ်ရေးဆွဲခဲ့ကြောင်း၊ ထို့ကြောင့် ကျော်မင်းယု(ခ)ဂျင်မီ သည် အဆိုပါအကြမ်းဖက်လုပ်ငန်းကြီး - Mission ၈ ခုအား အနီးကပ်ကြပ်မတ်ညွှန်ကြားရန် မဲဆောက်မှ ရန်ကုန်သို့ စက်တင်ဘာလ ၂၂ ရက်တွင် ရောက်ရှိလာခဲ့ကြောင်း၊ ပင်လုံအိမ်ရာဝန်းအတွင်းနေထိုင်၍ အဆိုပါအကြမ်းဖက်လုပ်ငန်းကြီး ၈ ခုအား ညွှန်ကြားစေခိုင်းခဲ့ကြောင်း၊ 

Mission-1 အား တွံတေးမြို့နယ်အတွင်း အကြမ်းဖက် တိုက်ခိုက်မှု၊ 
Mission-2 အား အင်းစိန်မြို့နယ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှု၊ 
Mission-3 အား လှည်းကူးမြို့နယ်အတွင်း အောက်တိုဘာလ အတွင်း လုပ်ဆောင် ပြီးစီးခဲ့ကြောင်း သိရှိရပါသည်။ 

ကျန် Mission-4 ၊ Mission-5 ၊ Mission-6 ၊ Mission-7 ၊ Mission-8 တို့အား ရန်ကင်းမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ ဒလမြို့နယ်၊ သာကေတမြို့နယ်နှင့် ဒဂုံမြို့သစ် (တောင်ပိုင်း)၊ လှိုင်သာယာမြို့နယ်တို့တွင် ကြီးမားသော ဖောက်ခွဲဖျက်ဆီးမှုများနှင့် ပစ်ခတ်တိုက်ခိုက်မှုတို့ ပေါင်းစပ်ဆောင်ရွက်ရန် ရည်မှန်းထားကြောင်း သိရှိရပါသည်။ 
 
အဆိုပါ အကြမ်းဖက်တိုက်ခိုက်မှုကြီးများ ဖော်ဆောင်နိုင်ရန် လိုအပ်သည့် လက်နက်၊ ခဲယမ်း၊ C-4 ယမ်းတောင့်၊ လက်ပစ်ဗုံး၊ ကတ်သီး၊ Dorne ၊ ဂြိုလ်တုဖုန်း၊ ရေဒီယိုစကားပြောစက်၊ ငွေကြေးနှင့် နည်းပညာပံ့ပိုးနိုင်ရေးအတွက် အကြမ်းဖက် NUG/CRPH/NUCC အဖွဲ့ဝင်များဖြစ်ကြသည့် တရားခံပြေး ရည်မွန်၊ ဇော်ဝေစိုး၊ မန်းဝင်းခိုင်သန်း၊ အောင်ကြည်ညွန့်၊ လွင်ကိုလတ်၊ ဝင်းမြတ်အေး၊ ထင်လင်းအောင်၊ မိုးဇော်ဦး၊ ဖြူဖြူသင်း၊ မင်းကိုနိုင်၊ ဂျင်မီတို့သည် အပတ်စဉ် Zoom Meeting ဖြင့် ဆွေးနွေးတိုင်ပင်ခဲ့ကြကြောင်း သိရှိရပါသည်။ 
 
သို့ဖြစ်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း အပြစ်မဲ့ပြည်သူများအား ရက်စက်စွာ သတ်ဖြတ်ခဲ့ခြင်း၊ အကြမ်းဖက်တိုက်ခိုက်မှုများအား အနီးကပ်စီစဉ်ညွှန်ကြားခဲ့ခြင်း၊ အကြမ်းဖက် NUG/CRPH/NUCC တို့နှင့် အဆိုပါ အကြမ်းဖက်တိုက်ခိုက်မှုများအတွက် ပူးပေါင်းကြံစည်ခဲ့ခြင်းတို့ကို ပြစ်မှုထင်ရှားကျူးလွန်ခဲ့သည့် တရားခံ ကျော်မင်းယု(ခ) ဂျင်မီအား ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-က အပြင် ၂၀၁၄ ခုနှစ် အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေ၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄၊ မတရားအသင်းအက်ဥပဒေ၊စသည့်
တို့ဖြင့် အရေးယူဆောင်ရွက်လျက်ရှိ။

#သတင်းစဥ်