နိုဝင်ဘာ ၁၁ ရက်
မကွေးတိုင်း၊ အောင်လံမြို့မှ စစ်သားစုဆောင်းရေးလုပ်နေသည့် တပ်ကြပ်ကြီး တင်မောင်ဆွေအား PDF ထံသို့လက်နက်များ ရောင်းချသည်သဖြင့် နိုဝင်ဘာလ ၉ ရက်နေ့ ညနေပိုင်းက တပ်များမှ ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။
တပ်မှ ၄င်း၏အောင်လံမြို့ နေအိမ်တွင်ဝင်ရောက် ရှာဖွေဖမ်းဆီးခဲ့ပြီး နေအိမ်အတွင်းမှ စနိုက်ဘာအပါအဝင် သေနတ်များသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် တပ်ကြပ်ကြီး တင်မောင်ဆွေနှင့်အတူ ၎င်းဇနီး၊ သားသမီး ၂ ဦးကိုပါ ဖမ်းဆီးခေါ်ဆောင်သွားပြီး အိမ်ရှိ မော်တော်ကားတချို့ကိုလည်း သိမ်းယူသွားကာ နေအိမ်ကိုလည်း ချိပ်ပိတ်ခဲ့ကြောင်း သိရသည်။
"သူက PDF ကို လက်နက် တိုက်ရိုက်ရောင်းတာမဟုတ်ဘူး။ စစချင်းမိတဲ့သေနတ်က ၂၀၀၈ ခုနှစ်လောက်ထဲကရောင်းထားတဲ့သေနတ်။ သူရောင်းလိုက်တဲ့လူက အဲ့ဒီသေနတ်ကို အခုကာလကျမှ PDF ကို တဆင့်ပြန်ရောင်းတာ။ အဲ့ဒါနဲ့ဆက်စပ်ပြီး သူ့ကိုဖမ်းပြီးစစ်တော့ သူ့အိမ်က စနိုက်ဘာတွေရော၊ သေနတ်အတိုအရှည်တွေပါထပ်မိတာ။ သေနတ်တွေကတော့ ကပစ ထုတ် (မြန်မာစစ်တပ်ထုတ်) သေနတ်တွေမဟုတ်ဘူး။ တခြားကမှောင်ခိုသွင်းတဲ့ သေနတ်တွေ"ဟု အောင်လံမြို့ စုဆောင်းရေးတပ်နှင့် နီးစပ်သည့် တပ်တွင်းသတင်းရင်းမြစ်တဦးက ပြော သည်။
အဆိုပါ တပ်ဖွဲ့ဝင်တပ်ကြပ်ကြီး တင် မောင်ဆွေသည် ယခင်ကပင် လက်နက်/ကျည်ဆံရောင်းဝယ်မှုများပြုလုပ်နေသည်ဟုသိရပြီး မကွေးမြို့ အမှတ်(၃) စစ်သားစုဆောင်းရေးတပ် လက်အောက်ခံ သရက်တပ်ဆွယ်တွင် တာဝန်ထမ်းဆောင်နေသူဖြစ်ကာ သရက်မြို့နှင့် အောင် လံမြို့တို့တွင်အခြေစိုက်၍ စစ်တပ် အတွက် လူသစ်(တပ်သားသစ်)များ စုဆောင်းနေသူဖြစ်ကြောင်း သိရသည်။
''သူက စစ်သားဆိုပေမယ့် လူသစ်စုတဲ့တာဝန်ဆိုတော့ အရပ်သားလိုဖြစ်နေတာ။ အငြိမ်းစားယူဖို့တောင်သိပ်မလိုတော့ဘူး။ စီးပွားရေးလည်း ကောင်းတယ်၊ ပိုက်ဆံရှိတယ်။ သူ့အိမ်ကိုဝင်စီးတော့ လက်နက်တွေနဲ့မိတာ။ မိန်းမနဲ့ကလေးတွေပါ ဖမ်းသွားတယ်။ ကားကိုလည်းသိမ်းသွားတယ်။ အိမ်ကိုလည်းချိတ်ပိတ်သွားတယ်"ဟု အောင်လံမြို့ဒေသခံတဦးက ပြောသည်
Credit