Wednesday, October 6, 2021

အရိပ် 🍁


လူတစ်ယောက်အတွက် အခက်ခဲဆုံးက ကိုယ့်သမိုင်းကိုယ်ပြန် ရင်ဆိုင်ရတာပဲ။ တချို့လူတွေအတွက်တော့ ထင်ထားတာထက် ပိုခက်နိုင်ပါတယ်။ ဥပမာ - "ကျွန်မ ခွင့်မလွှတ်နိုင်တဲ့ ကိစ္စနှစ်ခုရှိတယ်။ အဲဒါက လူမှုရေးဖောက်ပြန်မှုနဲ့ အဂတိလိုက်စားမှုပဲ" လို့ မိန့်ဆိုခဲ့တဲ့ ဒေါ်စုကြည်က လာဘ်ယူမှုနဲ့ တရားရင်ဆိုင်နေတာမျိုးပေါ့။ 

ယခင်က သတင်းတစ်ပုဒ်မှာလည်း 
"ခရိုနီများထံမှ အလှူငွေလက်ခံခြင်းသည် မိမိ ယုံကြည်ချက်အတွက် ပြဿနာမရှိ ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား" ဆိုတဲ့ သတင်းတွေလည်း ရှိဖူးတော့ တစ်ကိုယ်စာ လာဘ်ယူမှုထက် ဖောင်ဒေးရှင်းဆီအလှူငွေစီးဆင်းမှုတွေက ပိုများနိုင်တယ် လို့ ကောက်ချက်ဆွဲလို့ရပါတယ်။ 

အာဏာရှိတဲ့လူတွေဆီ လုပ်ငန်းရှင်တွေက အလှူငွေတွေ လာပေးကြတာကို ဖြစ်ရိုးဖြစ်စဉ်တစ်ခုလို့ ဒေါ်စုကြည်က ရှုမြင်ပုံရပါတယ်။ ဒါဖြင့် ထောက်ပံ့ငွေယူပြီး တစ်ခုခုပြန်လုပ်ပေးရတာကိုရော သာမန်ကိစ္စလို့ပဲ သူမြင်သလား ဆိုတာက စိတ်ဝင်စားစရာပါ။ မေးစရာက ဒေါ်စုကြည်သည် "အကျင့်ပျက်ခြစားမှု (Corruption)" ဆိုတာကို တကယ်နားလည်ခဲ့ရဲ့လားပေါ့။  

အကျင့်ပျက်ခြစားမှု (Corruption) ဆိုတာ အတော်ကျယ်ပြန့်တဲ့အရာပါ။ Chr. Michelsen Institute က ထုတ်ဝေတဲ့ Corruption - Definition and Concepts ဆိုတဲ့ စာတမ်းမူကြမ်းတစ်စောင်မှာတော့ အကျင့်ပျက်ခြစားမှုနဲ့ ပတ်သက်ပြီး အတော် ထဲထဲဝင်ဝင်ဖော်ပြထားတာ တွေ့ရပါတယ်။ အဆိုပါ မူကြမ်းအရ အကျင့်ပျက်ခြစားမှုဆိုတာမှာ သာမန်အစိုးရဝန်ထမ်းတွေဆီ လာဘ်ငွေပေးတာကအစ ပြည်သူပိုင် ပိုင်ဆိုင်မှုတွေကို ခိုးတာအလယ် စီးပွားရေးနဲ့ နိုင်ငံရေးဆိုင်ရာ မူဝါဒတွေကိုသုံးပြီး တစ်ကိုယ်စာ ချမ်းသာအောင်လုပ်တာတွေထိ ပါဝင်ပါသတဲ့။ 

ပထမဆုံး သူပြောထားတာက လာဘ်ပေး/ လာဘ်ယူမှု (Bribery) ပါ။ 

Bribery is the payment (in money or kind) that is given or taken in a corrupt relationship. 
အကျင့်ပျက်နေတဲ့ ဆက်ဆံရေးတစ်ခုမှာ ငွေဖြစ်ဖြစ်၊ အရာဝတ္ထုဖြစ်ဖြစ် အပေးအယူလုပ်တာဟာ လာဘ်ပေး/လာဘ်ယူမှုပါပဲ တဲ့။ 
တကယ်လို့ ဒေါ်စုကြည်ကို ဖြိုးမင်းသိန်းပေးခဲ့ရတဲ့ ရွှေတွေဟာ ရာထူးတစ်စုံတရာ မြဲဖို့ လာဘ်ပေးခဲ့ရတယ်ဆိုရင် ဒါဟာ မသမာမှုမြောက်ပါတယ်။ 

စိတ်ဝင်စားစရာက The Chr. Michelsen Institute ရဲ့ အယူအဆအရ "ချစ်လို့ပေးတဲ့လက်ဆောင်တွေ" ကအစ မသမာတဲ့ လာဘ်ယူမှုပါပဲတဲ့။ 

"It is an extracted form of bribery when for instance a government minister or  party boss goes on a promotion tour and is able to fill the luggage compartment of his car with "donations" and "gifts" from his devoted followers.

လာဘ်ယူမှုဆိုရင် အစိုးရဝန်ကြီး (ဒါမှမဟုတ်) ပါတီခေါင်းဆောင်ကြီးရဲ့ ပရိုမိုးရှင်းခရီးစဉ်တွေမှာ ထောက်ခံသူတွေက ချစ်လို့ပေးတယ်ဆိုတဲ့ အလှူတွေနဲ့ လက်ဆောင်ပစ္စည်းတွေလည်း အပါအဝင်ပါပဲ။ ချစ်လို့ပေးတယ်ဆိုတာ မရှိပါဘူး။ သတ်မှတ်တဲ့ အတိုင်းအတာကျော်တာနဲ့ အမှုဖြစ်ပါပြီ။ 

ဒီမသမာမှုတွေထဲမှာ ပြည်သူပိုင် ဘဏ္ဍာငွေတွေနဲ့ ရံပုံငွေတွေကို တလွဲသုံးတဲ့ Embezzlement (ဥပမာ NLD လက်ထက်က ကယားဝန်ကြီးချုပ်အမှု) 

Fraud ဆိုတဲ့ လိမ်လည်မှု၊ Extortion ဆိုတဲ့ ခြိမ်းခြောက် ငွေညှစ်မှု၊ Favouritism ဆိုတဲ့ လက်သင့်ရာ စားတော်ခေါ်ပြီး ကိုယ့်လူကိုယ် လုပ်ပိုင်ခွင့်ပေးမှု၊ အဲဒီ Favouritism ရဲ့ မူကွဲ Nepotism လို့ခေါ်တဲ့ ဆွေမျိုးကောင်းစားရေးဝါဒတွေထိ ပါဝင်ပါတယ်။ 

NLD အာဏာရတဲ့ခေတ်မှာ NLD လော်ဘီတွေနဲ့ နီးစပ်ရာ အသိုင်းအဝိုင်းတွေ လူရာဝင်လာ၊ ချမ်းသာကြွယ်ဝလာပြီး ဥပဒေကို လက်တစ်လုံးခြားလုပ် ထင်တိုင်းကြဲခွင့်ရခဲ့တာကအစ အဆိုပါ အစိုးရရဲ့ အကျင့်ပျက်ခြစားမှု သက်သေဖြစ်ပါတယ်။ ငြင်းမရတဲ့ သက်သေဖြစ်ပါတယ်။ အဲဒီ အကျင့်ပျက်ခြစားမှုတွေ အားကောင်းခဲ့ရတာကလည်း မီဒီယာလွတ်လပ်ခွင့်မရှိတာနဲ့ ဆက်စပ်တယ်။ ဥပမာ - NLD လက်ထက်က မန္တလေးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့ စတုတ္ထမဏ္ဍိုင်ဆိုတာ မရှိဘူး - ဆိုတဲ့ အပြောတွေ၊ YBS အရှုပ်တော်ပုံနဲ့ ပတ်သက်ပြီး မီဒီယာတွေကို ဘာမှ ရေးသားခွင့်မပြုခဲ့တာတွေပေါ့။ 

မီဒီယာဆိုတဲ့နေရာမှာ သတင်းမှန် ပြန်ကြားပေးတဲ့ မီဒီယာတွေကိုသာ ဆိုလိုပါတယ်။ အိမ်စောင့်အစိုးရ လက်ထက်က လိုင်စင်ပိတ်ခံရပြီးသား ကျင့်ဝတ်မဲ့ မီဒီယာတွေ မပါပါဘူး။ 

ဒီတော့ ကျွန်တော် အဓိက ပြောချင်တာက - 

- ဒီမိုကရေစီ အမည်ခံ NLD အစိုးရရဲ့ ငါးနှစ်သက်တမ်းဟာ တကယ်ကို အကျင့်ပျက် ခြစားမှုတွေနဲ့ ပြည့်နှက်နေတာပါ။ 

- ပြည်သူတွေ သူ့ကိုချစ်ရင် ဘာလုပ်လုပ် တင့်တယ် တယ် လို့ သာယာနေတဲ့ ဒေါ်စုကြည်ဟာလည်း Corruption သဘောတရားကို နားမလည်ပါဘူး။ 

- ပြည်သူက အမေစုကို ချစ်လို့ ပေးတာ ဆိုတဲ့ နီပိတ်တွေကလည်း ပြဿနာပါ။ အဲဒီ ချစ်လို့ပေးတာတွေကလည်း သူတို့ခေါင်းဆောင်ကို ကြိုးကွင်းစွပ်စေတာပါပဲ။ 

- အဲဒီတော့ အကျိုးဆက်က ဘာဖြစ်လဲ။ နိုင်ငံရေးပညာ ဝမ်းစာမပြည့်ဘဲ တက်အုပ်ချုပ်တော့ တိုင်းပြည်တစ်ခုလုံး မွစာတက်သွားပါတယ်။ 

ဒီလိုနဲ့ ပေးတာတွေ အကုန်ယူ၊ ကျွေးတာတွေ အကုန်စား သာယာပြီး အသက်ကြီးမှ အမှုတွေ တက်တော့တာပါပဲ။ အရင်က သူ့ကို မျက်နှာချိုသွေးခဲ့ရသူတွေက အခု သူ့အမှုခွင်မှာ သက်သေတွေ လာဖြစ်ကုန်ပါတယ်။ သူ့ ထောက်ခံသူတွေလည်း ဆက်ပြီး ဖာထေး ထောက်ခံရမလား၊ ခြိမ်းခြောက်ရမလား လမ်းတွေပျောက်ကုန်တယ်။ တရားခွင်မှာ အမှုရင်ဆိုင်တယ်ဆိုတာ မဲဆွယ်ခရီးစဉ်တွေလို ကော်ဇောနီမခင်းလေတော့ ပင်ပန်းပါတယ်။ တံခါးဖွင့် ခရီးဦးကြိုသူမရှိတဲ့အခါ ကားမူးပါတယ်။ ရင်ဆိုင်ရခက်ပါတယ်။ 

သံဝေဂ ယူစရာပါ။ 

ထောက်ခံသူတွေရဲ့ လက်တစ်လုံးခြားအပြောတွေ၊ ချစ်လို့ပေးတာတွေကိုသာ သာယာမနေခဲ့ရင် အသက်ကြီးမှ အရှက်ကွဲရတာမျိုး ဘယ်ရှိမလဲ။ အခုတော့ "All absurd." ပါပဲ။ 

DW ကတော့ ဒီတရားခွင်တွေဟာ ဒေါ်စုကြည်ကို နိုင်ငံရေးဇာတ်ခုံဆီ ပြန်လာလို့မရအောင် ရည်ရွယ်တယ် လို့ သုံးသပ်တယ်။ ဆီကိုင်တဲ့လက် ဆီပေတာ ဘာဆန်းလဲပေါ့။ 

ဒီတော့လည်း အာနန်ကော်မရှင်ခေါ်ပြီး အိုင်စီဂျေမှာ ဖက်ရှင်သွားလျှောက်တာကို စိတ်ရှုပ်ခံပြီး ကြည့်နေစရာ မလိုတော့ဘူးပေါ့။ မသမာမှုတွေ၊ သစ္စာမဲ့မှုတွေဟာ ပေါ်တာရှိမယ်၊ မပေါ်တာရှိမယ်။ 

"အရိပ်" လိုတော့ လိုက်နေပါလိမ့်မယ်။ 

သန့်နေစိုး (5. Oct. 2021)
*
*
*
#Notice to Facebook Myanmar Team, this article is about Bribery and Corruption of Myanmar based on the definition and concepts denoted on the draft of The Chr. Michelsen Institute. 
It is a kind of case study and only for educational purpose. It violates none of the community standards of Facebook. 

For details, please check the following, 

https://www.independent.co.uk/topic/myanmar

https://etico.iiep.unesco.org/sites/default/files/corruption_definitions_and_concepts.pdf