Thursday, October 28, 2021

သိပ္ပံ နဲ့ နည်းပညာဌာနကြီးရှက်ဖို့


          ကျနော့်စိတ်ထဲမှာ အစာမကျေတဲ့ ဌာနဆိုင်ရာတွေထဲမှာ အဲဒီ သိပ္ပံနဲ့နည်းပညာဌာန နဲ့ သုတေသန ဌာနဆိုတဲ့ ဘာဖြစ်ထွန်းမှုမှ မပြနိုင်ပဲ တိုင်းပြည်ဘဏ္ဍာဖြုံးနေတဲ့ လူလိမ်ဌာနကြီး နှစ်ခုအကြောင်း ရေးချင်နေတာ ကြာပါပြီ ။ 

       ကိုခန့် (နည်းပညာ)ရဲ့ ပို့စ် ကို မန့်မှာ လာပြလို့ ဖတ်ပြီး သဘောကျပါတယ် ။ သူပြောတာ အားလုံး အမှန်တွေချည်း ဖြစ်ပါတယ် ။ 

       ဝန်ကြီးဌာနတွေ ဖွဲ့စည်းထားပြီး ပြည်သူ့ဘဏ္ဍာတွေ ဖြုန်းနေတဲ့ အဆိုပါ ဝန်ကြီးဌာနတွေဟာ တိုင်းပြည်အတွက် ဘာတခုမှ ဖန်တီးမပြနိုင်ပဲ လိမ်ညာနေတာကို အစိုးရအဆက်ဆက် ဖိအားပေး မခိုင်းတာကိုက စောက်သုံးမကျတဲ့ လူတွေ အုပ်ချုပ်ခဲ့တဲ့ သက်သေတွေပါပဲ ။ 

        မြန်မာပြည်မှာ လူသုံးကုန်ကနေ စားသောက်ကုန်အထိ ပြည်ပကိုမှီနေကြရတယ် ။ အဲဒီဌာနတွေက ဘာတခုမှ ပြည်တွင်းမှာ တီထွင်ဖန်တီးထုတ်လုပ် အစားထိုးနိုင်ခြင်း မရှိကြဘူး ။ 

      နှစ်ပေါင်းများစွာ ဆိုင်းပုဒ်ထောင် လစာစားပြီး အရှက်မရှိ မျက်နှာပြောင်တိုက်နေတာ နည်းတဲ့ အကုသိုလ်မဟုတ်ဖူး ။ ပြည်သူသန်း ၅၀ ကျော်ရဲ့ ချွေးနည်းစာတွေကို 420 ရိုက်နေတဲ့ အကုသိုလ်လေ တွက်ကြည့်ပေါ့ ။

           အဲဒီ ဌာနတွေက တီထွင်ထားတဲ့ လူသုံးကုန် ဘာရှိသလဲ ပြောကြည့်ပါအုံး ။ NLD လက်ထက်မှာ အရှက်မရှိ ကြေညာသေးတယ် အိမ်သာသုံး စက္ကူတီထွင်ထားသတဲ့ ။ တကယ်အရှက်မရှိတဲ့ ဌာနတွေပါပဲ ။ 

      ဘက်ဂျက်မရှိတာတို့ ၊ ဝန်ထမ်းအင်အားမရှိတာတို့ အရှက်မရှိ အကြောင်းပြဖို့ မကြိုးစားပါနဲ့ အဓိက ကတော့ အစွမ်းအစမရှိတဲ့ လူတွေ ရေသာခိုနေတာပါ ။ 

       သုတေသနတွေ နှစ်ပေါင် ဆယ်ချီလုပ်သတဲ့ စိုက်ပျိုးရေးတိုင်းပြည် မျိုးစေ့ပြည်ပက ဝယ်နေရတုန်း ၊ ဖိနပ်ကနေ ဦးထုပ်ထိ ပြည်ပက ဝယ်နေရတုန်း ဘယ်မလဲ ခင်ဗျားတို့ စွမ်းဆောင်ရည် ။ 

       ကိုခန့်ရေးသလိုပဲ ဆိုလာပြားဆိုတာ သဲ ရှိရင် လုပ်လို့ရနေတာတောင် သိပ္ပံနဲ့နည်းပညာဌာနကြီးက မလုပ်နိုင်ဘူး ။ 

       သံယံဇာတပေါတယ် ဖင်ခေါင်းကျယ်ရင်း မွဲသထက်မွဲနေကြတာ အဲဒီ နည်းပညာတွေ မတတ်လို့ ဖြစ်ပါတယ် ။ ရတနာထွက်သတဲ့ လား ။ 

         ကဲ သိန်းထောင်ချီတဲ့ ပတ္တမြားတလုံးရပြီ ။ ပိုင်ရှင်က သုံးလိုက်ဖြုန်းလိုက်နဲ့ ပြုလုပ်ရာမှာ ဇိမ်ခံပစ္စည်းအားလုံး ပြည်ပကချည်းဝယ်ကြရတယ် ။ ခဏနေ ကုန်ပြီ ကဲ နောက်ထပ် ပတ္တမြားထပ်တွေ့ဖို့ နှစ် ဆယ်ချီ ထပ်ရှာပေတော့ ပဲ ။ 

        ဖုန်းတလုံးကို မြန်မာငွေ ကျပ် သုံးသိန်းတန် ဆိုပါစို့ ။ အရင်းက တလုံး တသိန်းထက် မပိုပါဘူး ။ ဖုန်းစက်ရုံက နေ့စဉ် အလုံးရေ တထောင်ပဲ ထုတ်နိုင်ရင်တောင် သူ့အမြတ်က နေ့စဉ် သိန်း နှစ်ထောင်ဗျာ ။ 

       ဆယ်နှစ်မှ ပတ္တမြားသိန်းထောင်ချီတန် တလုံးထွက်နေတဲ့ တိုင်းပြည်နဲ့ နေ့စဉ် သိန်း ထောင်ချီဝင်နေတဲ့ ဖုန်းထုတ်တဲ့ နည်းပညာ ဘယ်ဟာက အဖိုးတန်မယ် ထင်နေလဲ ဗျ ။ 

         တိုင်းပြည်အတွက် လူသားအရင်းအမြစ် ဆိုတာ အဲဒီ ဌာနတွေက စကြရမှာဗျ ။ ရုံးထဲမှာ စောက်လုပ်မရှိ ဖုန်းပွတ် ၊ ကျားထိုး အချိန်တန် လစာညာထုတ် နဲ့ မရှက်ကြဖူးလား မသိပါဘူး ဗျာ ။ 

       ပြင်ပက ပုဂ္ဂလိက လုပ်ငန်းရှင်တွေတောင် တီထွင်ကြံဆမှုမှာ အစိုးရဲ့ သိပ္ပံနဲ့ နည်းပညာ ဝန်ကြီးဌာနထက် သာပါလိမ့်မယ် ။ 

       ဖြစ်ရမှာက မြန်မာလူကယ်တွေကို ပညာတော်သက်လွှတ်ရမယ် ။ ဖုန်း ၊ တက်ဘလက် ၊ ကွနိပြူတာ ပြုလုပ်နည်းတွေ ၊ အဆင့်မြင့် ပလက်စတစ် ၊ စက္ကူ ၊ လူသုံးပစ္စည်း ကုန်ကြမ်းထုတ်နည်း ဒါတွေ သင်ခိုင်းရမယ် ။ 

        အနည်းဆုံး တလကို တမျိုး ပြည်တွင်းရှိကုန်ကြမ်းများနဲ့ ထုတ်ပြနိုင်မယ့် အဆင့်မှီ လူသုံးကုန် တီထွင်နိုင်ရမယ် ။ မလုပ်နိုင်ရင် အလုပ်က ထုတ်ပယ်ပစ်ဗျာ ။ အင်တာနက်ခေတ်မှာ နည်းပညာ ပေါက်ကွဲနေတာ အဲလောက်မှ တီထွင်ဥာဏ်မရှိတဲ့ စောက်တုံးတွေကို တာဝန်ဆက်ပေးလည်း တိုင်းပြည်နာတာပဲ အဖက်တင်မယ် ။ 

       ဆိုင်ရာ သုတေသန ဌာနတွေလည်း အဲသလိုပဲ ဖိအားပေးခိုင်းရမယ် ဗျ ။ အခုတော့ အဲဒီ အချိုအချောင် ဌာနတွေက ဘာစောက်လုပ်မှ မလုပ်ပဲ သားစဉ်မျိုးဆက် ၊ ဆွေစဉ်မျိုးဆက် ဝန်ထမ်းပြန်ခန့်ပြီး လက်တွေ့မပါတဲ့ စာရွက်ပေါ် လုပ်ပြပြီး လိမ်စားနေကြတာ ကြာခဲ့ပါပြီ ။ 

       သုတေသနမှာ လစဉ် လက်တွေ့ တိုးတက်အောင် မလုပ်ပြနိုင်ရင် ထုတ်ပစ်ပါတော့ ။ ဆိုင်းပုဒ်တွေ ဆောင်ပုဒ်တွေ နဲ့ အလုပ်မဖြစ်တဲ့ ဌာနတွေ ဖွဲ့စည်းပြီး ဟန်ရေးပြနေရုံနဲ့ အလုပ်မဖြစ်တော့ပါဘူး ။ 

        တပ်ချုပ်ကြီး ဖြစ်စေချင်တဲ့ ခေတ်မှီသော နိုင်ငံတော်တည်ဆောက်ရေး ၊ ပြည်ပအမှီအခိုကင်းရေး အတွက် အရေးကြီးတဲ့ အစားထိုး ထုတ်ကုန်တွေ တီထွင်ကြံဆဖန်တီးဖို့ အခုလူတွေ နဲ့ အလုပ်မဖြစ်တော့ပါဘူး ။ 

        ကျနော် ပြောဖူးတဲ့ ပုံပြင်လေး ထပ်ပြောချင်ပါတယ် ။ 

       ဆပ်ကပ်တခုမှာ ဒါးပစ်ဝိဇ္ဇာ နဲ့ အပစ်ခံတဲ့ မိန်းမချောလေးက လင်မယားဖြစ်ပါတယ် ။ တနေ့ ဆင်ထိန်းနဲ့ ဖောက်ပြန်နေတဲ့ မိန်းမကို ဒါးပစ်ဝိဇ္ဇာ မျက်စိနဲ့ တပ်အပ်မြင်ခဲ့ပြီး သူ့မိန်းမကို သတ်ဖို့ ကြံစည်ပါတယ် ။ 

      တပည့်ဖြစ်သူကို အကျိုးအကြောင်းပြောပြီး တိုင်ပင်တော့ တပည့်က ဒီအတိုင်းသတ်ရင် ကိုယ်လည်း သေဒဏ်ပေးခံရလိမ့်မယ် ၊ ဒါးပစ် ပြကွက်ထဲမှာ မတော်တဆ ဖြစ်ဟန်နဲ့ လည်မျို ပစ်သတ်ရင် အမှုပေါ့မယ်လို့ အကြံပေးတယ် ။ 

       အဲဒီအတိုင်းလုပ်မယ်လို့ တိုင်ပင်ဆုံးဖြတ်ကြတယ် ။ ည ပြပွဲမှာ ပွဲသာပြီးသွားတယ် သစ္စာဖောက်တဲ့ မိန်းမလည်း ဘာမှ မဖြစ်သွားဘူး ။ အကြံပေးတဲ့ တပည့်က ဆရာ့ကို အပြစ်တင်တယ် ဘာလို့ သစ္စာမဲ့တဲ့ မယားကို မသတ်တာလဲပေါ့ ။ 

       ဆရာက ပြန်ပြောလေရဲ့ 

"ဟကောင် မနေ့ညက ငါလည်း ဒီကောင်မ လည်မျိုကို မှန်အောင်ပစ်တာပဲ ကွ ''

"လိမ်မပြောပါနဲ့ ဆရာရယ် ဆရာလို ဒါးပစ်ဝိဇ္ဇာက ဒီလောက် ပစ်မှတ်ကို မှန်အောင် မပစ်နိုင်တာ ယုံကြည်စရာလား ဗျ ''

"ဟကောင် ငါက နှစ်ပေါင်းများစွာ မမှန်အောင် ပစ်ခဲ့ရတဲ့ အကျင့်က စွဲပြီး လက်အံသေသွားပြီကွ မနေ့ညက တကယ်မှန်အောင် ပစ်တာတောင် မမှန်တော့ဖူးဟေ့ ''

       အဲဒီ ဆပ်ကပ်ဒါးဝိဇ္ဇာ နဲ့ ယခုဖော်ပြပါ သိပ္ပံနဲ့နည်းပညာဝန်ကြီးဌာန အပါအဝင် သုတေသန ဌာနအသီးသီးရှိ ဝန်ထမ်းတွေဟာ ဘယ်လောက်ပဲ ကျွမ်းကျင်ပါတယ်လို့ ထင်မြင်နေပါစေ မမှန်အောင် ပစ်ခဲ့ကြတဲ့ နှစ်တွေ များနေပါပြီ ။ 

       ဒီတော့ အစိုးရအနေနဲ့ မှန်အောင်ပစ်နိုင်မယ့် လူသစ်တွေကို ရဲရဲ လဲပစ်ဖို့ လိုအပ်နေပါပြီ ။ အဲဒီ အချောင်ခို ဌာနဆိုင်ရာ ဝန်ထမ်းတွေကို ထုတ်ပယ်ရမှာ သနားနေရင်လည်း ဌာနပြောင်း အမှုထမ်းစေဖို့ စီစဉ်သင့်ပါပြီ ။ ယခုလို CDM ကာလမှာ ဒီလိုလုပ်ဖို့ အခွင့်သာနေတယ်လို့ ယူဆမိပါတယ် ။ 

       ကိုရွှေမျိုးဝင်း

(ဒီလို စွမ်းရည်နဲ့ ကြွားဝါနေသူယာဉ်မောင်း နဲ့ တာဝေးခရီး ဆက်လျှောက်နေရင်ဖြင့်......)