Saturday, October 30, 2021

သံချောင်းခေါက်သံ ကြားရပြီ


          မနေ့က သတင်းတွေ အရ နစက ဘာလုပ်မယ် ဆိုတာ အသိပေးသံချောင်းခေါက်သလို တွေးမိပါတယ် ။ 

        ပထမ သတင်းက ဦးဝင်းထိန်ကို ထောင်ဒဏ် နှစ် ၂၀ ချလိုက်တဲ့ သတင်းပါ ။ တကယ်ဆိုရင် ဦးဝင်းထိန်ဟာ အသက် ၈၀ ကျော်ပြီး NLD မှာ အိမ်နိမ့်စံဖြစ်နေတဲ့ အာချောင်သော အဖိုးကြီးတဦး အဆင့်ပဲ ရှိတော့တာပါ ။ 

      ပုဒ်မ ၁၂၄ အရ ဆားမင်းဆွေ ထောင် ၇ နှစ် ချမှတ်ခဲ့ပေမယ့် ၊ ၈၀ ကျော် သက်ကြားအိုကြီးကို နစက အနေနဲ့ အနှစ် နှစ်ဆယ် ချလိုက်တာ ဟာ ကျန်နေသေးတဲ့ တပ်မတော်ကို ရန်စွယ်ငေါငေါ ပြုခဲ့သော NLD ထိပ်သီးတွေအတွက် ရင်ခုန်စရာ အချက်ပြမှု ဖြစ်နေပါပြီ ။ 

       တပ်မတော်ဟာ ၈၈ ကနေ ၂၀၁၀ အထိ ဖြေလျှော့မှုတွေ များစွာပေးပြီး နားလည်မှု ပေးခဲ့ပေမယ့် ဘယ်လိုမှ ရန်ငြိုးပြေခြင်း မရှိတဲ့ NLD အကြောင်း သိသွားလို့ ဒီတခါတော့ ကျားသေ အသက်ပြန်မသွင်းတော့ဘူးလို့ စိတ်ပိုင်းဖြတ်ထားဟန် ရှိပါတယ် ။

        ဒီနေရာမှာ ပြောစရာရှိတာက ကျနော်အပါအဝင် အမျိုးသားရေးသမား အများစု မကျေနပ်ခဲ့ရတဲ့ နောက်ဆုံးအကြိမ် လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တဲ့ ကိစ္စကို ပြောချင်လာပါတယ် ။ 

       ကျနော်လည်း ပြင်းပြင်းထန်ထန် ဝေဖန်ပြီး မကျေနပ်လွန်းလို့ နစက အတွက် မရေးတော့ဖူးလို့ ဆုံးဖြတ်ဖူးပါတယ် ။ ကျနော့်ပို့စ်ကို ဖတ်ပြီး လူကြီးတယောက်က ဖုန်းဆက်လာပါတယ် ။ ကိုမျိုးဝင်း ဆက်ရေးပေးပါ မြေပြင်သတင်းတွေလည်း သိရအောင် ထောက်ပြဝေဖန်ပါ တဲ့ ။ 

      ကျနော်လည်း အခွင့်ရတုန်း မကျေနပ်တာတွေ တွန်းပြောပြီး အဆိုးဖက် ရလာဒ်တွေ ပြောတော့ သူလက်ခံပါတယ် ။ ဒီလို ကိစ္စအတွက် ဆွေးနွေးပေးပါ့မယ်လို့ ပြောပါတယ် ။ 

           မနေ့က နိုင်ငံရေးဆရာ တဦးနဲ့ ဖုန်းပြောဖြစ်တော့ သူပြောပြတဲ့ သတင်းကြောင့် အံ့သြရပြန်ပါတယ် ။ 

        သူကပြောပါတယ် အခု နောက်ဆုံး လွတ်ငြိမ်းကိစ္စရဲ့ တရားခံ အစစ်က တပ်ချုပ်ကြီး မဟုတ်ဖူး တဲ့ ။ နစက အဖွဲ့ဝင် ဦးခင်မောင်ဆွေ ဆီကို ညိုထွန်းတို့ တောင်းဆိုကြလို့ ဦးခင်မောင်ဆွေ နဲ့ ဦးသိန်းညွှန့် တို့ကပူးပေါင်းပြီး တပ်ချုပ်ကြီးဆီ တောင်းဆိုလို့ လိုက်လျှောခဲ့တာ တဲ့ဗျာ ။ 

         သူကပြောတယ် ကိုမျိုးရေ ကျနော်လည်း ပိုးစိုးပက်စက် ဆဲခဲ့မိတယ် ဗျာ တရားခံအစစ်က ဦးခင်မောင်ဆွေ လို့ ပြောပါတယ် ။ 

      ဟုတ်ကဲ့ ကျနော်တို့လည်း ဆဲကြတာပါပဲ ။ ဆဲပြီး ပြီးရော ဥပေက္ခာပြုထားလည်း နစက အနေနဲ့ ဘာမှ မဖြစ်ပေမယ့် ကျနော်အနေနဲ့တော့ ရရှိခဲ့တဲ့ သတင်းကို ပြန်လည်တင်ပြဖို့ တာဝန်ရှိတယ်လို့ ယူဆမိတဲ့ အတွက် ယခုလို အကြောင်းဆက်စပ်တုန်း တင်ပြလိုက်ရပါတယ် ။ 

         နောက်လူပြောများလှတဲ့ PDF သောင်းကျန်းမှု နှိမ်နင်းရေး အတွက် ဘာတွေ လုပ်နေကြသလဲ နည်းနည်းလေ့လာကြည့်ပါမယ် ။ 

         ကစထ မှူး (၁) ဒုတိယ ဗိုလ်ချုပ်ကြီး တေဇကျော် (ကချင် ၊ စစ်ကိုင်း ၊ ချင်း) စစ်ဆင်ရေး တာဝန်ခံ ။ နမခ စစ်နယ်မြေတခုလုံးရဲ့ ကြည်း လေ ရေ တပ်အားလုံးကို တာဝန်ယူ ကြီးကြပ် ကွပ်ကဲနေရတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ဖြစ်ပါတယ် ။ 

           လူသိများတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး သန်းလှိုင် ကတော့ နဲနဲ ထူးခြားပါတယ် ။ သူ့တာဝန်က စစ်ဖက်မှာ ကစထမှူး (၆) ၊ ရဲချုပ် ၊ ပြည်ထဲရေး ဒုဝန်ကြီး ဆိုပြီး ရာထူး သုံးမျိုး ရယူထားတဲ့ တဦးတည်းသော ပုဂ္ဂိုလ်ဖြစ်ပါတယ် ။ 

         ဒုတိယ ဗိုလ်ချုပ်ကြီး သန်းလှိုင်ရဲ့ တာဝန်က စစ်ဆင်ရေးနဲ့ မဆိုင်ပဲ ရဲ နဲ့ ထွေအုပ် ကိစ္စပိုင်းဆိုင်ရာတွေကို ဆောင်ရွက်ဖို့ပဲ ဖြစ်ပါတယ် ။ 

        ကျနော့်အထင်တော့ မြန်မာပြည်မှာ ကစထမှူး နှစ်ယောက် ပူးတွဲ လုပ်ဆောင်ကြရတာ ပထမဆုံး ထင်တာပါပဲ ။ ဒါကလည်း ရာထူး သုံးမျိုး ရထားတဲ့ ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်ကြောင့်လည်း ဖြစ်ပါတယ် ။ 

       ပြောချင်တာက စစ်ဆင်ရေးတာဝန်ခံ ဗိုလ်ချုပ်ကြီး တေဇကျော် ရဲ့ စစ်ဆင်မှုအကြောင်း အကျဉ်းချုပ်ပါ ။ မူလက ပုသိမ်မှာ တာဝန်ကျနေတဲ့ တိုင်းမှူးဘဝ မှာပဲ ကချင်ဖက်မှာ KIA သောင်းကျန်းလို့ တိုင်းမှူး နဲ့ တပ်မမှူး နှစ်ယောက် ပြုတ်သွားတဲ့ အထိ ဖြစ်ရတဲ့ အချိန်မှာ ဇောင်းထတဲ့ KIA ကို နှိမ်နင်းဖို့ သူ့ကို By name နဲ့ ဆင့်ခေါ် တာဝန်ပေးခဲ့ရပါတယ် ။ 

         သူ့လက်ထက်မှာ ကချင်ဟာ လှုပ်မရပဲ ငြိမ်ဝပ်သွားပါတယ် ။ ယခု ဆိုရင် KIA ရဲ့ အထောက်ပံ့ခံ နမခ နယ်အား ရှင်းလင်းဖို့ တာဝန်ထပ်ယူရပါတယ် ။ 

        အင်မတန် သုံးခဲတဲ့ လေကြောင်းချီတပ်ကိုပါ သုံးစွဲပါပြီ ။ ရေကြောင်းအတွက်လည်း မြစ်တွင်းသွား တိုက်ရေယာဉ်တွေ သုံးပါပြီ ။ သူတို့အတွက် အကွက်ပြည့်သုံးပြီး နှိမ်နင်းနေပါပြီ ။ 

          မြို့ပေါ်မှာ ပေါက်ကွဲမှုတွေ စိပ်လာနေတာ အဲဒီဖက်ကို ဖိအားလျော့စေရေးအတွက် အားသွန် လုပ်နေကြတာပါ ။ အမြစ်ပြတ်ချေမှုံးနိုင်ရန် ဖြတ်လေးဖြတ် စနစ်သုံး ၊ ဝန်းရံပိတ်ဆို့ ဖြတ်တောက် ချေမှုံး ဆိုတာ မြန်မာ့တပ်မတော်အတွက် အပိုင်နိုင်ဆုံး ကစားကွက်ဖြစ်ပါတယ် ။ 

          လူမြင်မကောင်းတဲ့ DB တွေကို တင်ပြခွင့် မပြုတဲ့ အတွက် သတင်းဌာနတွေမှာ မမြင်ကြရတာပါ ။ ဒါက စစ်ဆင်ရေး ဗိုလ်ချုပ်ကြီးရဲ့ အက်ရှင်ယူနေပုံ ဖြစ်ပါတယ် ။ 

        မြို့ပေါ်မှာတော့ ပြည်ထဲရေး ဒုဝန်ကြီး နဲ့ ရဲချုပ် တာဝန်ယူထားရတဲ့ ကစထမှူး (၆) ဗိုလ်ချုပ်ကြီးသန်းလှိုင်ကတော့ ဥပဒေအရ သက်သေခိုင်မာတဲ့ PDF နဲ့ ထောက်ပံ့သူတွေပါ မကျန် ပိုင်ဆိုင်မှုတွေ ချိတ်ပိတ်သိမ်းဆည်းတဲ့ အထိ ပြင်းထန်စွာ အရေးယူနေပါပြီ ။ 

        ယနေ့ ဖြစ်စဉ်များအရ နစက ရဲ့ ကမ်းလှမ်းမှု ကာလ ကုန်သွားပြီး ချေမှုံးရေးရာသီ စတင်ပြီလို့ သိရပါတယ် ။ 

           နိုင်ငံရေးအရ ကျားသေ အသက်သွင်းအုံးမလားဆိုတဲ့ စိုးရိမ်မှုတွေလည်း စောက်ရူး ခြောက်ခါ ကြီးကို ထောင်ဒဏ် နှစ် ၂၀ ချပြလိုက်တာ ကြည့်ခြင်းအားဖြင့် စိုးရိမ်မှု လျော့ပါးသွားရပါပြီ ။ 

       ကိုရွှေမျိုးဝင်း

(ဒီလို ခရီးသွားနေရတဲ့ ကာလမှာ နောက်ကနေ ဇိမ်နဲ့ ထိုင်လိုက်ပြီး နှေးလိုက်တာခရီးမတွင်ဖူးလို့ ဝေဖန်နေမယ့် အစား ခရီးတွင်ဖို့ ဆင်းတွန်းသင့်ရင် တွန်းပေးကြရပါမယ် )