Monday, November 1, 2021

ဖင်ကျယ် & ဖယ်ကြဥ်


           ကျနော့် ပို့စ် ရဲ့ မန့်ထဲမှာ မိတ်ဆွေကြီး U Zaw Lunn က လာမန့်သွားတာလေးပါ ။ ဖင်ကျယ်ရင် ဖယ်ကြဥ် ကြမှာပါ ဆိုတဲ့ စကားလေးကို သဘောကျလို့ပါ ။ 

          ဟုတ်ပါရဲ့ မိတ်ဆွေကြီး မန့် ထားသလိုပါပဲ ကျနော်တို့ ဝန်းကျင်မှာ တွေ့ခဲ့ရတဲ့ သင်ခန်းစာတွေ ပြန်တွေးကြည့်လိုက်ပါ ။ လူအများ နဲ့ အဆင်မပြေတော့ဖူး ဆိုရင် ဒီလူစားမှာ အစွန်း နှစ်ပါး တပါးပါးရောက်ရမယ် နောက်ဆုံးအမျိုးအစားက မာနကြီး လွန်းသူ ​​ဖြစ်နေတတ်တာ သေချာတယ် ဗျ ။ 

        အလွန်ဖြောင့်မတ် မှန်ကန်ပြီး သူမတူအောင် အမှန်တရားကို မြတ်နိုးသူ ဖြစ်နေရင်လည်း ပတ်ဝန်းကျင် နဲ့ အဆင်မပြေဘူး ဗျ ။ သူက သူ့အခြေအနေ သူ့ဘဝပေး နဲ့ အဆင်ပြေလို့ ဖြောင့်မှန်စွာ နေနိုင်ပေမယ့် အခြားသူတွေကျတော့ အဲလောက် ဘဝက အဲလောက် မရိုးစင်းပါဘူး ။ 

      ကျနော့်အတွေ့အကြုံ အရတော့ လူမူစီးပွားပူးပေါင်းဆောင်ရွက် လာကြရတာနဲ့ ကျနော်တို့ 100 % မှန်နေလို့ကို မရတဲ့ အနေအထားတွေ ကြုံရပါတယ် ။ ငွေကြေး ကတိကဝတ် အချိန်ပိုင်းမျှ လွဲချော်ခြင်း ၊ နိုင်ငံရေးမူဝါဒ အပြောင်းအလဲကြောင့် လိမ်ညာသကဲ့သို့ ဖြစ်ရခြင်း နဲ့ အနည်းဆုံး အချိန်လောက်တော့ မုသားပြော ချွေးသိပ်ရတာမျိုးတွေ မလွဲမသေကြုံရမှာပါပဲ ။ 

       ဒါတွေကို တစက်လေးမှ သည်းမခံနိုင်တဲ့ အထက်ပါ လူရိုးလူဖြောင့်မျိုးနဲ့ အဆင်မပြေ ဖြစ်ရပါပြီ ။ ဒီလို နားလည် သည်းခံ ခွင့်လွှတ်ခြင်း မရှိရင်လည်း သူ့ဘာသာ ဘာ်လောက်ဖြောင့်ဖြောင့် ဖယ်ကြဥ်လိုက်ရတာပါပဲ ။ 

       နောက်တဦးကတော့ အလွန် ဆိုသွမ်းပြီး ဝန်းကျင်ကို အမြဲဒုက္ခပေးလေ့ ရှိသူဆိုရင်တော့ ပြောစရာမလိုပါဘူး ဝန်ကျင်က ဖယ်ကြဥ်ပြီးသားပါပဲ ။ 

            နောက်ဆုံးတခုဖြစ်တဲ့ မာနကြောင့် ဖယ်ကြဥ်ခံရတာကတော့ နိဒါန်းပါ ဖင်ကျယ်လို့ ဖယ်ကြဥ် ခံရတာမို့ လူတိုင်းနီးပါးနဲ့ သက်ဆိုင်လာတတ်ပါတယ် ။ 

            လူတိုင်းဟာ မိမိဘဝမှာ မိမိသာလျှင် ဇတ်လိုက်ပဲ ဖြစ်ပါတယ် ။ ဒီတော့ ငါ ဆိုတဲ့ စိတ်ကတော့ တရားရှင်များမှအပ ရှိနေမှာ သေချာပါတယ် ။ 

         လူတိုင်းမှာလည်း အစွမ်းကိုယ်စီ ရှိကြတာ သေချာပါတယ် ။ ဗုဒ္ဓရဲ့ တရားသဘောအရ အတိတ်ကံ ဖေးမမှုကွာခြားလို့ အစွမ်းအစ အမျိုးအစား အနည်းအများ တော့ ရှိနေမှာပါပဲ ။ 

        ဒီနေရာမှာ ပါရမီရှင်လို့ ဆိုရမယ့် သူတပါးထက် ထူးချွန်သူတွေဟာ မိမိကျွမ်းကြင်ရာ ပညာရပ်အပေါ် မာနတံခွန် စိုက်ထူတော့ပါပဲ ။ ငါလောက် တော်သလား ၊ ငါ လောက်သိသလား ဆိုတဲ့ အတ္တတွေ များလွန်းလာရင် မိမိအပေါ် ဝန်းကျင်က ခပ်ခွာခွာနေရင်း ဖယ်ကြဥ်လာပါလိမ့်မယ် ။

     အနုပညာရှင်များ ၊ အာဏာပါဝါ ရထားသူများ ပညာတတ်ထူးချွန်သူများ မှာ အဆိုပါ အတ္တမာန အနည်းနဲ့အများ ရှိကြပါတယ် ။ လူသိများပြီး အထင်ကြီးခံရပြီဆိုရင် ဒီရောဂါ အခံရှိပြီးသူများ ထိမ်းမရ သိမ်းမရ မာန တံခွန်ထူပါတော့တယ် ။ 

       ဖြစ် ပျက် လောကကြီးရဲ့ သခ်ါရ တရားသဘောကိုပင် မေ့သွားလောက်သည်အထိ ငါ နဲ့ ငါသာ နှိုင်းစရာဟု ဘဝင်မြင့်သွားတတ်ပါတယ် ။ ထိုအခါ ဖယ်ကြဥ်ခြင်း လမ်းစသို့ ရောက်သွားပါပြီ ။ 

        တကယ်တမ်းတော့ မာနတံခွန်ကြောင့် ဖယ်ကြဥ်ကြရာမှာ အဓိက အချက်က တဖက်လူရဲ့ ထင်မြင်ယူဆချက်ကို တဖက်သတ် အမြင်နဲ့ လက်မခံပဲ အပြင်းအထန် ငြင်းဆန်ရာက စကြတာ များပါတယ် ။ 

       ကျနော်လည်း သိပ်မထူးပါဘူး ဗျာ ကိုယ့်ဖက်က မှန်တယ်လို့ သိထားရင် မနားတမ်း ငြင်းရမှ စိတ်ကျေနပ်တဲ့ အစားထဲ ပါခဲ့တယ် ဗျ ။ မှတ်မှတ်ရရ ကျနော် ၂၀၁၆. ဒီဇင်ဘာလလောက်တုန်းက နီပိတ်တွေ နဲ့ စံချိန်တင် ငြင်းခဲ့ဖူးတယ် ဗျ ။ 

        သူတို့က ဝန်ကြီးဌာန သုံးခု တပ်က ချုပ်ကိုင်ထားလို့ NLD လုပ်ပိုင်ခွင့် မရှိဘူး ရက် ၁၀၀ စီမံကိန်း အဲဒါကြောင့် မအောင်မြင်တာ တဲ့ ။ ကျနော်က ဒါဆိုရင် အဲဒီဝန်ကြီးဌာန သုံးခုသည် သမ္မတ အမိန့်နာခံရန်မလိုပဲ တပ်ချုပ်ကြီး၏ အမိန့်ကိုသာ နာခံရမယ် လို့ ပြဌာန်းထားတာ ပါသလား ဆိုပြီး ပို့စ် တင် မေးလိုက်တာပါ ။ 

       အဲဒီကာလတုန်းက ရီစရာပါပဲ ကျနော့်မှာ fri ဆိုလို့ ကာလာစုံ ၅၀၀ လောက်ပဲ ရှိပါတယ် ။ မှတ်မှတ်ရရ like 200 ရတယ် ၊ အဲဒီအချိန်က အများဆုံးပါပဲ ။ comment ကျတော့ 1300 ကျော်တယ် ။ တကယ့်ဟာသ ပဲ ဗျ ။ 

       နီပိတ်တွေ လာငြင်းကြ ဆဲကြ နဲ့ ပွဲဆူချက်ကတော့ ကျနော် တယောက်ထဲနဲ့ မနိုင်မနင်း reply ပြန် ငြင်းတာပေါ့ ။ နီပိတ် ၅၀၀ လောက်နဲ့ ကျနော် တယောက်ထဲ ပြန်ငြင်းခဲ့တာ တွေးပြီး အခုချိန်မှာ ရီချင်မိပါရဲ့ ။ 

        fb လောကမှာ 2016 ကာလတုန်းက တလောကလုံး နီတွတ်နေတာကိုးဗျ ၊ ကျနော်က ပျားအုံ တုတ်နဲ့ ထိုးမိတာကိုး ။ ထားပါဗျာ ပြောချင်တာက ကျနော်က အငြင်းသန်တယ် လို့ ဆိုလိုချင်တာပါ ။ 

        နောက်မှ ဆရာကြီး ဦးရွှေအောင်ရဲ့ကိစ္စတခုအပေါ် မိမိ ခိုင်ခိုင်မာမာ မသိလေ ငြင်းလေပဲ တဲ့ ။ သေချာပေါက် မိမိမှန်တာ သိနေရင် မငြင်းတော့ဘူး တဲ့ ။ ဥပမာ အနောက်က နေထွက်တာပါလို့ လာငြင်းနေရင် သူနဲ့ ပြိုင်မငြင်းတော့ဖူး တဲ့ ။ အရူးစာရင်း သွင်းပြီး ရှောင်ကြမှာပဲ တဲ့ ။ 

      အဲဒါ သဘော​ပေါက်ပြီး နောက်ပိုင်း သိပ်မငြင်းတော့ဖူး ၊ တခါတရံ အပြင်းပြေ ခနဲ့ တဲ့ reply ပဲ ပြန်ပေးလိုက်တယ် ။ လူအထင်ကြီး ခံရပြီးရင် အဲဒါကို စွန့်လွတ်ရမှာ ကြောက်ပြီး ဟန်ဆောင် နေပြတတ်ကြတယ် ။ ဒီလိုနဲ့ မိမိအမှားကို ထောက်ပြသူတွေ ဆိုရင် ပြဿနာရှာကြရင်း ဖယ်ကြဥ်ခံရတတ်လာပါတယ် ။ 

       ဒီပို့စ်ကို ကျနော့် မိတ်ဆွေတွေထဲက သား သမီး တူ တူမ များ အတွက် ရည်ညွှန်းပြီး ရေးလိုက်တာပါ ။ 

- အတတ်ပညာ အသိပညာ ထူးချွန်တာနဲ့ ဖင်မကျယ်နဲ့ ဖယ်ကြဥ်ကြလိမ့်မယ် ။ 

- ထင်ရှားကျော်ကြားတာနဲ့ ဖင်မကျယ်နဲ့ ဖယ်ကြဥ်ကြလိမ့်မယ် ။

- ငွေကြေးဥစ္စာ ကြွယ်ဝတာနဲ့ ဖင်မကျယ်နဲ့ ဖယ်ကြဥ်ခံရမယ် ။ 

- ကိုယ်ဖက်က သေချာပေါက် မှန်နေရင် ပြိုင်မငြင်းပါနဲ့တော့ ၊ ဇွတ်ငြင်းနေမိလျှင် ငါ သိထားတာ သေချာရဲ့လား ခိုင်မာရဲ့လားလို့ ပြန်လည်ဆင်ခြင်ကြည့်ပါ ။

အကယ်၍သာ.......

- အသိပညာ အတတ်ပညာ ထူးချွန်လို့ ဖင်ခေါင်းကျယ်ချင်လာရင် အိုင်းစတိုင်းကို သတိရပြီး သူ့လောက် တော်နေပြီလား တွေးဆ​ပြီး ကိုယ်ရှိန်သတ်နိုင်ပါစေ ။

- ထင်ရှားကျော်ကြားလို့ ဖင်ခေါင်းကျယ်ချင်လာရင် ကမ္ဘာ့လူဦးရေ သန်း ၇၀၀၀ ကျော်မှာ ငါ့ကို လူဦးရေ ဘယ်လောက်သိနေပြီလဲလို့ ပြန်တွေးပါ ။

- ငွေကြေးကြွယ်ဝလို့ ဖင်ခေါင်းကျယ်ချင်လာရင် စက္ကန့်တိုင်းမှာ ဒေါ်လာသန်းချီ ( ကျပ်သိန်းပေါင်း ၂၀၀၀၀)ဝင်နေတဲ့ ဘီလ်ဂိတ်ကို သတိရပြီး အရှိန်သပ်ပါ ။

- ငြင်းခုန်ချင်လာပြီးလား လူ ၅၀၀ လောက်နဲ့ တပြိုင်နက်ထဲ ငြင်းခဲ့တဲ့ ဦးမျိုးဝင်းကို သတိရပါ သူ့လောက် ငြင်းနိုင်ပြီလား လို့ ဆိုပြီး ရန်မီးမပွားအောင် ကိုယ်ရှိန်သပ်ပါ ။

       သူတပါးရဲ့ အားနည်းချက်ကို မကဲ့ရဲ့ပါနဲ့ မိမိမှာလည်း အားနည်းချက် အနည်းဆုံး တချက်တော့ ရှိနေတာ သတိရပါ ။

         မလိုအပ်ပဲ ရိုင်းစိုင်းတာကို လူများမကြိုက်တာ သတိထားပါ ။ 

        အနှစ်ချုပ် ပြောချင်တာက ဖယ်ကြဥ်ခြင်း ခံရတတ်တဲ့ အကျင့် သုံးမျိုးအနက်

 - ဖြောင့်လွန်းလို့ ဖယ်ကြဥ်ခံရသူဟာ ဂုဏ်ယူစရာ ရှိပါသေးတယ်။ သို့သော် ဤအမျိုးအစားသည် လောက၌ ရှားပါးပါတယ် ။ 

- ဆိုးလွန်းလို့ ဖယ်ကြဥ်ခံရတာက ကိုယ့်အပြစ်နဲ့ကိုမို့ သဘာဝကျပါ၏ ။ သူလည်း မရှားပေမယ့် မများပါဘူး ။ 

- ဖင်ကျယ်လို့ ဖယ်ကြဥ် ခံရသူကတော့ မျက်မှောက်လောကမှာ များပြားလှပါတယ် ။ သတိထား ထိမ်းချုပ်နိုင်သော အသိပညာ အတတ်ပညာ တို့ဖြင့် ပြည့်စုံသော လူကောင်း လူတော်များ ဖြစ်ကြပါစေ ဗျာ ။ 

       ကိုရွှေမျိုးဝင်း  

(ဒီလိုလူစားများ မဖြစ်ကြစေချင်ပါဘူး)