Tuesday, November 23, 2021

လျှပ်စစ်အတွက် သတင်းကောင်း


         အခုတလော မီးပျက်နေရခြင်း အကြောင်းက လောပိတလျှပ်စစ်ထုတ်စက်ရုံက ပြဿနာအနည်းကြောင့် ဖြစ်ပါတယ် ။ သူက မိုးဗြဲဆည် ရေစုချိန်ရောက်တာ နဲ့ ရေကိုထိမ်းထားတဲ့အတွက် ဘီလူးချောင်းမှာ ရေနည်းသွားပြီး လျှပ်စစ်စွမ်းအင် အပြည့်ထုတ်မရတဲ့ အနေအထား ရှိပါတယ် ။ 

       နောက်တချက်က ရွှေမြို့လိုင်းကြိုးတွေကနေ ပို့နေရာမှာ ယခု တိုင်လဲနေလို့ ပို့မရဖြစ်နေတာကြောင့်လည်း လျှပ်စစ်ထုတ်နိုင်စွမ်း လျှော့ကျနေလို့ မီးပြတ်နေတာပါ ။ 

         လျှပ်စစ်ပြဿနာ နဲ့ ပတ်သက်ပြီး ခေါင်းခဲနေရတဲ့ တိုင်းပြည်မှာ fb မိတ်ဆွေတယောက်က ဆက်သွယ်လာပါတယ် ။ လျှပ်စစ်ကို တနှစ်ပတ်လုံး လောင်စာမလိုပဲ ထုတ်နိုင်မယ့် နည်းပညာ သူတွေ့ထားပြီတဲ့ ။ အဲဒီအတွက် သူအကူအညီလိုနေလို့ ဆက်သွယ်လာပါတယ် ။ 

          စိတ်ဝင်စားတဲ့ လုပ်ငန်းရှင် ဘော့စ် နဲ့ ချိတ်ဆက်ထားပြီးပါပြီ ။ ပညာရှင်မိတ်ဆွေပြောသကဲ့သို့ အမှန်တကယ် ဖြစ်မဖြစ် စမ်းသပ်ကြည့်ကြပါမယ် ။ အမှန်တကယ် ဖြစ်ပြီဆိုတာ နဲ့ နိုင်ငံတော်လူကြီးမင်းများထံသို့ ပညာရှင်မိတ်ဆွေအား ချိတ်ဆက်ပေးပြီး တိုင်းပြည် နဲ့ ပြည်သူအားလုံးအတွက် လက်တွေ့ ထုတ်လုပ် အသုံးချနိုင်အောင် ပြုလုပ်ကြပါမယ် ။ 

      မီတာခကြောင့် ရတက်ပွေနေရတဲ့ ပြည်သူတွေအတွက် ဝမ်းသာစရာ သတင်းကောင်းမို့ ကြိုတင်တင်ပြလိုက်ရတာပါ ။ 

        ပညာရှင်မိတ်ဆွေကြီး ပြောထားသကဲ့သို့ (အသက်နဲ့ရင်းပြီး အာမခံထားလေတော့) ဖြစ်မယ်လို့လည်း ယုံကြည်ပါတယ် ။ ကျနော်တို့ နည်းပညာလည်း တွေ့ထားပြီလို့ ဆိုနိုင်သလို အကူညီပေးနိုင်မယ့် ငွေရှင်လည်း အဆင်သင့် ဖြစ်နေပြီမို့ အောင်မြင်မယ်လို့ ယုံကြည်မိပါတယ် ။ 

        ဒီနည်းပညာသာ အောင်မြင်ခဲ့ပါက ကမ္ဘာ့စွမ်းအင်သမိုင်းကို မြန်မာပြည်က ပြောင်းပြန်လှန်ပစ်နိုင်မှာ ဖြစ်လို့ တမျိုးသားလုံး ဂုဏ်ယူဖွယ် ကိစ္စကြီး ဖြစ်နေပါတယ် ။ လူသားအားလုံး အကျိုးရှိမှာ ဖြစ်လို့ အောင်မြင်ပါစေလို့သာ အားလုံး ဆုတောင်းပေးကြပါဗျာ ။ 

        လူခြင်း မသိ မမြင်ဘူးပါပဲနဲ့ ကျနော့်အား ယုံကြည်စွာ နဲ့ ရှာဖွေဆက်သွယ်လာသော မိတ်ဆွေပညာရှင်ကြီးကိုလည်း ကျေးဇူးများစွာ တင်ရှိသလို ၊

 '' ကိုမျိုးဝင်းရေ ဒါ အမျိုးသားအကျိုးစီးပွား ခင်ဗျ လုပ်ကို လုပ်ရမှာ ကျနော်တာဝန်ယူတယ်'' 

.....ဆိုတဲ့ လုပ်ငန်းရှင်ကြီးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ် ။ 

        ကျနော် အာမခံနိုင်တာကတော့ ဤသို့ စမ်းသပ်အောင်မြင်ပြီးတာ နဲ့ ချက်ခြင်းအချိန်မဆိုင်းပဲ နိုင်ငံတော်လူကြီးမင်းများထံ ပညာရှင်မိတ်ဆွေအား ပို့ဆောင်ဆက်သွယ်ပေးပါ့မယ် ဗျာ ။ 

       ကိုရွှေမျိုးဝင်း

(စိတ်ကောင်းရှိတဲ့ ဥာဏ်ကြီးသူဆိုတာ ထိုးထွင်းဥာဏ်သုံးပြီး မျှဝေသုံးစွဲတတ်ရပါမယ်)