Wednesday, November 3, 2021

မမင်းဖြူမှန်မှန်ပြော


လိုင်းပေါ်တွင် ပီဒီအက်အဖွဲ့ ခေါင်းဆောင်က သူ့တပ်ဖွဲ့တည်းခိုခဲ့သည့် အိမ်ရှင်ကို ပေးထားခဲ့သည် ဆိုသော စာတစောင် ပြန့်နှံ့လျက်ရှိပြီး ထိုစာအား ကရုဏာချီးကျုးသံများ ဝေဆာလျက်ရှိသည်။ သို့သော် ကျနော် ငယ်ငယ်က မိမိအကိုတော်တို့ ကျေးဇူးဖြင့် အကောင်းဆုံး စုံထောက်စာပေတို့ကို လက်လှမ်းမီခဲ့လေရာ “မမင်းဖြူမှန်မှန်ပြော” ထဲက စဉ်းစားပုံတခုဟာ သည်နေရာတွင် အသုံးတည့်မည် ထင်ပါသည်။ သြရဟု နာမည်ရသူတဦး ထောင်ကျလာလေရာ ထောင်ထဲတွင် သူသည် မိုးသီး (နာမည်ရင်း ကိုအင်္ဂါ) နှင့် သေတ္တာ (နာမည်ရင်း ကိုညိုသစ်) ဟူသော ထောင်သားတို့နှင့် မိတ်ဆွေဖြစ်ခဲ့သည်။ ကိုသြရက သူ့ဖခင်သည် အဂ္ဂရ်ိတ်ရွှေလမ်းငွေလမ်း ပေါက်ကာ မိသားစုကို လစဉ် ရွှေတိုရွှေစကလေးများ ထုတ်ပေးပြီး ကျွေးမွေးခဲ့သည်ဟု ဆိုလေရာ မိုးသီး နှင့် သေတ္တာတို့က (ဖြစ်ပုံဖြစ်နည်း အဆန်းအပြားတွေထက်) လက်တွေ့ မှာ ယျေဘုယျအားဖြင့် ဘာဖြစ်နိုင်သလဲဟု နှစ်ယောက်သား အပြန်အလှန် မေးခွန်းတွေမေးကြလာရာ သြရ၏ ဖခင်သည် ထွက်ရပ်ပေါက်ဝိဇ္ဇာတော့ဖြင့် မဟုတ်နိုင်၊ တိုက်ရာပါ ရတနာပစ္စည်းတွေကို အဖွဲ့နှင့် ခွဲထွက်ကာ သယ်ယူလာခဲ့သော ပင်လယ်ဓားပြ ဖြစ်ရမည်၊ အိမ်တွင်းအောင်း အဂ္ဂရိတ်ထိုးနေသည် ဆိုသည်မှာလည်း သူ ခွဲထွက်ခဲ့သည့် ပင်လယ်ဓားပြအဖွဲ့က သူ့ကို သတ်ဖို့လိုက်နေသည့်အတွက် အိမ်ပြင်မထွက်ဘဲ ရှောင်ရှားနေခြင်း ဖြစ်သည်ဟု မှန်ကန်သော ကောက်ချက်များ ထွက်ပေါ်လာလေသည်။

‘လက်တွေ့မှာ ယျေဘုယျအားဖြင့် ဘာဖြစ်နိုင်သလဲ’ ကို ကျနော်သည် အလွန်တရာ ငယ်ရွယ်ကတည်းက အသုံးချနိုင်ခဲ့ကာ လူပြောသူပြောများသော သာမန်မဟုတ် အထူးအဆန်း အကြောင်းချင်းရာဆိုသည်ထက် သာမန်ပုံမှန်ဟာ ဘာလဲဟု ကျနော်သည် မိုးသီး သေတ္တာတို့၏ အကြံဥာဏ်ကို ရယူကာ အမြဲပင် တိုက်ပြီး စစ်နေတတ်သည်။ မှတ်မိသည်မှာ ငယ်စဉ်က ဘာသာရေးစာပေများကို ဖတ်လေရာ တောင်တန်းသာသနာပြုဆရာတော်ကြီး ရှိရာ တောင်ထိပ်ကို အချိန်မတော် ဝိဇ္ဇာဓိုရ်တဦး ချည်းကပ်လာလေရာ ၄င်းဝိဇ္ဇာဓိုရ်သည် ရဟတ်ယာဉ်ပေါ်က ဆင်းသက်လာခဲ့သည် ဆို၏။ ကျနော်ကတော့ ရဟတ်ယာဉ် နဲ့ ဆင်းလာတာဆို ဆရာတော်ကြီး ထင်သလို ဝိဇ္ဇာဓိုရ်တော့ မဟုတ်နိုင်၊ စစ်သားတယောက် ဖြစ်ရမည်ဟု ယူဆခဲ့လေ၏။ ထို့အတူပင် ငယ်စဉ်က မိသားစုနှင့် အတူ သာမညဆရာတော်ကြီး ကို သွားဖူးမြင်လေရာ ဆရာတော်ကြီးက ‘ထားထားတဲ့ ဆန်အိတ်တွေ ကုန်တယ်လို့ မရှိဘူး၊ ညညကျရင် ဘယ်သူတွေလဲ မသိဘူး လာလာပြီး ဆန်အိတ်တွေ ဆီပုံးတွေ ချသွားပေးတာ’ ဟု မိန့်လေရာ ကျနော့်အား ကိုအင်္ဂါ နှင့် ညိုသစ်တို့က အကြံပြုနေသည်မှာ ဝိဇ္ဇာဓိုရ်တွေတော့ မဟုတ်နိုင်ဘူး မောင်ရင်၊ ဆန်အိတ်ဆီအိတ်တွေ လူအင်အားနဲ့ အလွတ်လာချနိုင်တယ် ဆိုတာ အလွတ်လာချနိုင်တယ်ဆိုတာ လူအင်အားနဲ့ အလွတ်လာချနိုင်တဲ့ အင်အားရှိတဲ့သူတွေပဲ ဟု အကြံပြုလျက် ရှိလေသည်။

အဲသလို အမြဲ ‘အတွန့်တက်’ စဉ်းစားနေတတ်သော ညိုအေးသည် ပီဒီအက်ဖ် စစ်ဗိုလ်၏ အလွန်တရာ ထူးခြားကောင်းမွန်သော ကျေးဇူးသိစိတ်ကို ဖော်ပြထားသော စာဆိုတာထက် ပီဒီအက်၏ ထူးခြားကောင်းမွန်မှုကို ဖော်ပြလိုတာလားဟု သာမန်ဖြစ်ရိုးဖြစ်စဉ်ကို အရင်စဉ်းစားပါသည်။ အလွန်တရာ ထူးခြား - ဝိဇ္ဇာ ပြကွက် တွေဟာ တကယ်က သိပ်တော့ဖြင့် မဟုတ်နိုင် ဟု မိုးသီး သေတ္တာတို့က ပယ်ထားသည့်အတိုင်း အရင် ပယ်ထားပါသည်။ ထို့ကြောင့် စာထဲမှ ‘ထူးခြားစွာ ကျေးဇူးသိတတ်သော ပီဒီအက်ဖ် တပ်ဖွဲ့ဝင် ဖြစ်သူတို့၏ ကိုယ်ရည်ကိုယ်သွေး’ ဖော်ပြချက်တွေနောက်သို့ သည်လောက် မလိုက်လျှင် ကျနော့်အား ကိုအင်္ဂါနှင့် ကိုညိုသစ်တို့သည် အမြီးအမောက် မတည့်သော အချက်လေးချက်ကို ကျနော့်အား ပြောပြလျက်ရှိ၏

(၁) စာသားအရ ရှောင်တခင်တည်းခိုမှု အဖြစ် အဓိပ္ပာယ်ပေါက်လေရာ အိမ်ရှင်နှင့် တည်းခဲ့သော တပ်ဖွဲ့သည် သိကျွမ်းမှု မရှိ။ ၄င်းတို့နှစ်ဖက်ကြားမှာ ဆက်သွယ်သူ ကြားခံအဖွဲ့မရှိ။ သို့ဆိုလျှင် သည်စာကို လိုင်းပေါ်တွင် ဖြန့်သူသည် ‘အိမ်ရှင်’ ပဲ ဖြစ်ရမည်။ ပီဒီအက်ဖ် က သူ့ဟာသူစာရေးပြီး (အိမ်ရှင် ဖတ်မိလား မဖတ်မိလား မသိဘဲ) လိုင်းပေါ်တွင် ဖြန့်သည် ဆိုလျှင် ထို ပီဒီအက်ဖ် ဗိုလ်သည် အင်မတန်မှပင် ကျေးဇူးသိတတ်ကြောင်း ကိုယ့်ဟာကိုယ် ကြေငြာချင်လှသည့် သဘော ဖြစ်လိမ့်မည် ဖြစ်ရာ ၄င်းစာကို ဖြန့်သူသည် အိမ်ရှင်ဖြစ်မှသာ သဘာဝကျပေမည်။

သို့ဆိုလျှင် အိမ်ရှင်တဦးသည် ဤသို့သော စာမျိုးကို ဖြန့်ပါ့မလားဟု စဉ်းစားရပါတော့မည်။ လွိုင်ကော်ဟု အရပ်ကို ဖော်ပြထားသည်၊ နေ့ရက်ကို ဖော်ပြထားသည်၊ ‘ရှောင်တခင်’ ဟု ပြောထားသောကြောင့် တောက်လျှောက်ကို ခြေရာထပ် တောနင်းလိုက်ခံနေရသည့် သဘောလည်းပါဝင်သည်။ ယခုအခါ အကြမ်းဖက် ဆက်စပ်သူ များ၏ အိမ်ကို ချိတ်ပိတ်ပစ်သည် ဟု လူအများသိကြသည် ဖြစ်ရာ အိမ်ကို ခြေရာခံလိုက်နိုင်သော လွိုင်ကော်လို နေရာဒေသ သေးသေးလေးတခုတွင် ‘ဆက်စပ်မှု’ လက်ပူးလက်ကြပ်သက်သေခံပစ္စည်း ဖြစ်နိုင်သော အရာမျိုးကို အိမ်ရှင်ကိုယ်တိုင်က လိုင်းပေါ်တင်ဖို့ဆိုတာ တော်တော်ပင် ခဲ့ယဉ်းသော သဘောတခု ဖြစ်သည်။

သာမန် လူမနေသော အိမ်ရှင်တဦးသည် မိမိအိမ်အား မိမိမသိဘဲ အဖွဲ့တဖွဲ့က တည်းခိုသွားလျှင် သူစစဉ်းစားမည်မှာ ‘ပီဒီအက်အဖွဲ့ဝင်’ ဆိုသူ၏ ‘ကျေးဇူးသိတတ်ပါသည်’ ဆိုသော ဂုဏ်ရည်ဂုဏ်သွေးထက် သူ့့အိမ်၏ တွင်းဖောက်ဖို့ရန် လွယ်ကူသော လုံခြုံမှု ကင်းမဲ့နေပုံကို ဖြစ်သည်။ အထိတ်တလန့် ဖြစ်ဖို့က ပိုများသည်၊ လွိုင်ကော် ဒီမောဆိုလို ဒေသမျိုးတွင် လက်နက်ကြီးကျည် သူ့အိမ်ထဲ ကျရောက်လာမလားပင် တွေးလိမ့်မည်။ အဲဒီ ထိတ်လန့်မှုများကြားမှ ပီဒီအက် အဖွဲ့၏ ကျေးဇူးသိတတ်မှုအပေါ်မှာ ဂုဏ်ယူဝင့်ကြွား လိုင်းပေါ်တင်ဖို့မှာ ‘အင်း..ဝိဇ္ဇာဓိုရ် ပေါက်တာလဲ ပေါက်မှာပဲလေ’ ဟု လွယ်လွယ်ကူကူ လက်ခံစဉ်းစားမှုတွေပဲ ဖြစ်သည်။

(၂) ဆက်နွယ်မှု မရှိသော အိမ်ရှင်ကို ပီဒီအက် ဗိုလ်က ရေးထားသည်မှာ မိမိတို့ကို ထောက်ခံသူအလား ရေးသားထားသည် (‘အရေးတော်ပုံအောင်ရမည်’)။ မိမိမသိသော အိမ်ရှင်သည် အရေးတော်ပုံကို ထောက်ခံနေပါသည်ဟု ဘယ်လိုများ တန်းပြီးယူဆနိုင်ပါသနည်း။ ပီဒီအက် ဗိုလ် အကြားအမြင်ရနေသည် ဆိုသည်ထက် စာ၏ ရှေ့နှင့်နောက် ပါဝင်မှုများ အမြီးမတည့်မှု ဖြစ်သည်။

(၃) တစုံတဦးသည် သေးသေးကလေးသော ကျေးဇူးတွေကို တုံ့ပြန်ပေးဆပ်ဖို့ သိတတ်လောက်အောင် သတိဝီရိယကောင်းခဲ့သည် ဆိုလျှင် အရွယ်အစားကြီးမားသော ကျေးဇူးကိုလည်း သတိမမေ့ မချန်လပ်ဘဲ ဖော်ပြနိုင်ရပါမည်။ ခုက အုန်းဆီဖိုး၊ ခေါက်ဆွဲခြောက်ဖိုး နှင့် ရေသန့်ဖိုးတို့အကြောင်း ဖြစ်သည်။ ၄င်းတို့ထက် အပုံကြီး ကြီးမားသည်မှာ ညအိပ်ညနေ နေထိုင်မှုဟူသော တည်းခိုခန်းခ ဖြစ်သည်။ အကယ်၍ မပေးနိုင်လျှင်သော်မှ ၄င်းကို မပေးနိုင်သေးလို့ မတတ်နိုင်၊ ကျနော်တို့ တတ်နိုင်သမျှ ‘အုန်းဆီဖိုး၊ ခေါက်ဆွဲခြောက်ဖိုး နှင့် ရေသန့်ဖိုး’ တော့ ပေးခဲ့ပါသည် ဟု စာရင်းနှင့် အင်းနှင့် အတိအကျ ဖော်ပြကာ အမှတ်အသားကောင်းသော ပီဒီအက်ဖ် ဗိုလ်ဟာ ဖော်ပြပါရှိရမည် ဖြစ်သည်။ တကယ်တည်းခိုမှု ဖြစ်ခဲ့လျှင် ပီဒီအက်ဖ် ဗိုလ်ဟာ ဒါကို မေ့ကျန်ဖို့ မရှိ၊ အုန်းဆီဖိုး၊ ခေါက်ဆွဲခြောက်ဖိုး နှင့် ရေသန့်ဖိုး တို့ကို စာရင်းစူးစိုက်ရေးပြလိုသော စာဆင်သမားမို့လို့သာ ထည့်သွင်းဖို့ မေ့သွားတာ ဖြစ်သည်။

(၄) ‘ပီဒီအက်ဖ် အဖွဲ့ဝင်’ ဘုန်းတော်ဘွဲ့များ လျှံဝေနေသလောက် ကျနော် အပေါ်မှာ ပြောသည့် အချက်သုံးချက်ကို တော်တော်များများသည် (ကျနော်မပြောလည်း) မြင်ကြမည်သာ ဖြစ်သည်။ သို့သော် အားလုံးထက် ကျနော်က ကျော်၍ မြင်သောတချက်ကို ဖော်ပြလိုပါသည်။ ရက်စွဲ ၁၀လ ၂၈ ရက် ကို နှစ်နေရာ ထိုးထားရာတွင် အပေါ်ဒေါင့်က Date ကွက် စာလုံးဟာ စာသားတွေနှင့် အရွယ်မတူ၊ အရွယ်အစား တမင်ကြီးမားပြီး ရေးသားထားတာ ဖြစ်သည်။ မည်သည့် ဆိုဒ် နဲ့ တူသလဲ ဆို ဆိုင်းထိုးထားသော နေရာက လွိုင်ကော် ပီဒီအက်ဖ်ကိုလဲ သည်အတိုင်း တခြားစာသားတွေထက် အရွယ် တဆခွဲနီးပါး ကြီးမားပြီးရေးသားထားတာပဲ ဖြစ်သည်။ အဲဒီတော့ ပေါ်လွင်စေချင်လှသော သဘောမှာ လွိုင်ကော် ပီဒီအက်ဖ် (ပီဒီအက်ဖ်) နှင့် ရက်စွဲက အဓိက ဖြစ်သည်။ ဘယ်သူမဆိုဟာ ယျေဘုယျအားဖြင့် ရက်စွဲကို ကြီးပြီး ရေးလေ့ရေးထမရှိ၊ ဘာလို့ ကြီးပြီးရေးမိသလဲဆို လွိုင်ကော် ပီဒီအက်ဖ် အောက်တွင် ရက်စွဲသေးသေးလေး ထိုးထားသည်။ ပြီးတော့မှ စာရေးသူသည် ရက်စွဲကို ပေါ်လွင်စေချင်ရာ နောက်ထပ် အပေါ်က Date နေရာတွင် ရက်စွဲ သွားထိုးလေရာ သူပေါ်လွင်ထားသော ပီဒီအက်ဖ်စာသားအတိုင်း ဆိုဒ်ကြီးရေးပြီး ထိုးမိတာ ဖြစ်သည်။ တကယ်တည်းခိုသူ စစ်ဗိုလ်ဆိုပါလျှင် -- ကျေးဇူးတရားကို အမှန်တကယ် ဖော်ပြလိုသူ ဆိုပါလျှင် -- ရက်စွဲသည် အဓိကအကြောင်းချင်းရာ မဟုတ်လေရာ ဆိုင်းထိုးထားသော နေရာက တစောင်းရေးခြစ်ထားသော ရက်စွဲသေးသေး ကလေးသည် လုံလောက်ပြီ ဖြစ်သည်။

ကျနော်တို့သည် ‘မမင်းဖြူ’ ဟူကာ နာမည်ကို ကြည့်ရုံနှင့် ထူးပေ့ဆန်းပေ့တလူ ထင်မိတတ်ကြပါသည်။ သို့သော် ‘မှန်မှန်ပြော’ ဟု နောက်က လိုက်ခဲ့လျှင်မူကား၊ ကျနော်တို့တွေ ဆန်းစစ်မှု အလေ့အကျင့်ကို လူ့ဘောင်တွင် အခြေကျ ထူထောင်ခဲ့လျှင် ခုထူးဆန်းနေကြသလောက် လူထူးလူဆန်းတို့ဟူသည် ဆန်းစစ်စုံစမ်းမှု ထွန်းကားသော လူ့ဘောင်တခုတွင် ဘာမှ ထူးလှသည်လို့လည်း မဟုတ်တတ်ပါလေ။

Nyo Tun