Tuesday, November 23, 2021

မင်းတုန်းမင်းဟာ မိန်းမလှလှ မြင်ရင်သိမ်းပိုက်လေ့ရှိတယ်။


သိမ်းပိုက်ပြီးရင်လည်း
အဲဒီမိန်းမရဲ့ ဦးလေးတွေ 
အစ်ကိုတွေ မောင်တွေကိုပါ
ရောပြီး မြှောက်စားတဲ့အနေနဲ့ 
ဟိုနယ်စားစေ.. ဒီနယ်စားစေဆိုပြီး 
နယ်စားတွေ လျှောက်ပေးပစ်တာ။

ဟိုသကောင့်သားတွေကလည်း
အုပ်ချုပ်ရေးဆိုလို့
နကန်းတစ်လုံးမှ နားမလည်တဲ့ 
စာမတတ် ပေမတတ် လယ်သမား 
ထန်းတက်သမား တောသားတွေ။

ရှင်ဘုရင်နဲ့ 
အမျိုးတော်ပြီဟေ့လည်းဆိုရော 
အော်တိုမက်တစ် 
မြို့စားနယ်စားတွေ ဖြစ်ကုန်ရော..

ဘုမသိ ဘမသိ အုပ်ချုပ်တော့ 
စနစ်တကျ ဖြစ်မလာဘဲ 
အကုန် ကစဉ့်ကလျားတွေ 
ဖြစ်ကုန်ပြီး မြို့ခံနယ်ခံ လူထုခမျာ 
အတော် ဒုက္ခရောက်ရှာကြရတယ်။

အဲဒါကို အမြင်မတော်တဲ့ပုဂ္ဂိုလ် 
တစ်ယောက် ရှိခဲ့တယ်။ 
သူကတော့ တခြားသူ မဟုတ်ဘူး..

မြန်မာ့သမိုင်းမှာ 
အထင်ကရ မှူးမတ်ကြီး
ယောအတွင်းဝန် ဦးဘိုးလှိုင်..

ရှင်ဘုရင် နှာဘူးထလို့ 
ကို့ရို့ကားရား ဖြစ်နေတဲ့ 
နိုင်ငံ့အရေးမှာ မလွှဲမရှောင်သာ 
ဝင်ပြောရတော့တယ်..

အစ်မ နှမ၊ သမီးကကို၊ စ၍ဆက်နှင်း၊ 
လက်ဆောင်သွင်း၍၊ စိုးမင်းချစ်မြတ်၊ 
ထိုအမတ်သည်၊ အတတ်မရှိ၊
တတ်သိကင်းကွာ၊ ဘုန်းကြီးလာမူ၊ 
ပြည်ရွာပျက်ကြောင်း၊ တစ်ပါးတည်း..
ရယ်လို့ စာစပ်ပြီး သံတော်ဦးတင်လိုက်တယ်..

အဲဒီမှာ မင်းတုန်းက 
ရှက်ရမ်းရမ်းပြီး 
သူ့ရဲ့လက်စွဲတော် လှံကို 
ဆွဲထုတ်လိုက်တယ်..
တကယ်တော့ အဲဒါ မိုက်ကြေးခွဲတဲ့ 
လမ်းဘေးကွက်ပဲ..

ကိုယ့်မှာ 
အင်အားရှိလို့ကတော့ 
ဘယ်သူမဆို အဲဒီလို 
ခြိမ်းခြောက်ရဲတယ်..

မင်းတုန်းလည်း 
ဦးဘိုးလှိုင်ကို 
သွေးတိုးစမ်းကြည့်တယ်..

မောင်မင်း.. ဒီလှံကို သိလား
မှန်ပါ.. သိကြောင်းပါ
ဒီလှံနဲ့ ဘယ်သူ အစီရင်ခံရဖူးလဲ
ကျွန်တော်မျိုးရဲ့ဖခင် 
ရင်းတောဝန်ကြီးပါဘုရား"

မင်းတုန်းမင်းက 
ခေါင်းတဆတ်ဆတ်ငြိမ့်နေတယ်..
ဘိုးလှိုင်တစ်ယောက်တော့ 
ကြောက်နေရှာပြီပေါ့..

အဲဒါနဲ့ ဆက်ပြီး ဖြဲခြောက်လိုက်တယ်..
ဒီလှံနဲ့ အစီရင်ခံလိုသလား"

အဲဒီမှာ ဦးဘိုးလှိုင်က ထပြီး 
ရင်ကော့ပေးလိုက်တယ်..
"ထိုးတော်မူပါဘုရား"

မင်းတုန်းလည်း ရှက်ရမ်းရမ်းကာမှ 
တကယ့်သတ္တိခဲနဲ့ လာတိုးနေတော့ 
ဘာလုပ်လို့လုပ်ရမှန်းမသိဘဲ
ပလ္လင်ပေါ်ကထပြီး 
အတွင်းဆောင်ကို ပြန်သွားတယ်..

တစ်ချိန်လုံး ငြိမ်ဝပ်နေတဲ့ 
တခြားအမတ်တွေက အဲဒီတော့မှ 
ဦးဘိုးလှိုင်ကို ဝိုင်းပြောကြတယ်..

ဝန်မင်းရာ.. တင်းတင်းမာမာ
ရဲပဲရဲလွန်းလှတယ်ဗျာ ..

ဦးဘိုးလှိုင်က အိ‌နြေ္ဒမပျက် 
ပြန်ပြောလိုက်တယ်..

ကျုပ်ဟာ အမတ်
တစ်ယောက် ဖြစ်တယ်..
အမတ်ဆိုတဲ့အတိုင်း 
လွဲနေတာတွေ့ရင်
တည့်တည့်မတ်မတ်ဖြစ်အောင် 
ထိန်းမတ်ပေးရမှာပဲ...တဲ့

ဦးဘိုးလှိုင်လို 
သမာသမတ်ကျပြီး 
သတ္တိရှိတဲ့ ဝန်ထမ်းကောင်းတွေ 
များများ ပေါ်ထွက်လာမှ 
ဒီတိုင်းပြည် နလန်ထူနိုင်ပါလိမ့်မယ်..

#Credit