Tuesday, November 23, 2021

ဆရာ၊ ဆရာမများ ဘေးကင်းရေး ဝိုင်းဝန်းကူညီ


     မြန်မာ့ယဉ်ကျေးမှုနယ်တွင် ဆရာ၊ ဆရာမများအပေါ် အနန္တောအနန္တဂိုဏ်းဝင်အဖြစ် ရိုသေလေးစား အစဉ်တန်ဖိုးထား အလေးဂရုပြုကြသည်မှာ ရှေးယခင်ကတည်းကပင်ဖြစ်သည်။ ဆရာ၊ ဆရာမများကိုတွေ့လျှင် လက်အုပ်ချီ အရိုအသေပြု၍ နှုတ်ခွန်းဆက်ခြင်းကလည်း မြန်မာတို့၏ဒြပ်မဲ့ ယဉ်ကျေးမှုတစ်ရပ်ပင်ဖြစ်ပေသည်။
     သက်ဆိုင်ရာနယ်ပယ်အသီးသီးရှိ အတတ်ပညာ၊ အသိပညာတို့ကို လေ့လာသင်ယူရာတွင် ဆရာသည် အခရာကျသည်။ ပညာသင်ယူမှုနယ်ပယ်တွင်သာမက လုပ်ငန်းခွင်နယ်ပယ်၌ပင် လုပ်ငန်းသဘောကို စနစ်တကျသင်ကြားပေးသူကိုပင် မိမိ၏ဆရာအဖြစ် သတ်မှတ်သည်။ ယုတ်စွအဆုံး မိမိအား နည်းပေးလမ်းပြသင်ကြားပေးသူသည် မိမိထက် အသက်ပင်ငယ်လင့်ကစား ထိုသူ၏ကျေးဇူးတရားကို အောက်မေ့တန်ဖိုးထားကြသည်။
     လူ့အဖွဲ့အစည်းတစ်ရပ်၏ ယဉ်ကျေးမှုအဆင့်အတန်း မြင့်မားရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် ပညာတတ်မြောက်မှုသည် အခြေခံဖြစ်သည်။ ပညာတတ်မြောက်ရန်အတွက် သင်ကြားပြသပေးသည့် ဆရာ၊ ဆရာမများ၏ အခန်းကဏ္ဍသည် မဖြစ်မနေလိုအပ်လာသည်။ အနန္တောအနန္တဂိုဏ်းဝင် ဆရာ၊ ဆရာမများသည် စေတနာကိုအရင်းခံပြီး ဝါသနာနှင့်အတူ အနစ်နာခံကာ တပည့်များကို ရင်ဝယ်သားသဖွယ် သင်ကြားပို့ချပေးသူများဖြစ်သည်။
     လက်ရှိတွင် အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် NUG ၊ CRPH နှင့် နိုင်ငံရေးအစွန်းရောက်သူများက အနန္တောအနန္တဂိုဏ်းဝင် ဆရာ၊ ဆရာမများကို သတ်ဖြတ်မှုများပြုလုပ်လာကြသည်။ အစောပိုင်းတွင် နိုင်ငံရေးအစွန်းရောက်သူများက ပညာရေးဝန်ထမ်းတို့ကို CDM လှုပ်ရှားမှုတွင် ပါဝင်လာစေရန် စည်းရုံးခြင်း၊ လှုံ့ဆော်ခြင်းတို့ကို ပြုလုပ်သည့်အပြင် Social Punishment ပြုလုပ်သည်ဟုဆိုကာ ခြိမ်းခြောက်အကျပ်ကိုင်ခြင်း ပြုလုပ်ကြသည်။
     ထို့ပြင် ကလေးငယ်များ ပညာသင်ကြားရေးကို အခက်အခဲဖြစ်စေရန်ရည်ရွယ်၍ စာသင်ကျောင်းများကို မိုင်းများ၊ လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲဖျက်ဆီးခြင်း၊ မီးရှို့ဖျက်ဆီးခြင်း လုပ်ဆောင်ကြသည့်အပြင် ကျောင်းသွားနေသည့် ဆရာ၊ ဆရာမများကို ခြိမ်းခြောက်ခြင်း၊ တိုက်ခိုက်ခြင်းများ ပြုလုပ်ကြသည်။ တချို့ဆိုလျှင် ထိခိုက်ဒဏ်ရာရကြသည်သာမက အသက်သေဆုံးရသည်ထိ ဖြစ်ကြရသည်။ 
     လောကတွင် ပညာနှင့်တူသော အလင်းရောင်မရှိ ဟု မြတ်ဗုဒ္ဓ မြွက်ကြားထားသည်။ ဉာဏ်အလင်းရောင်ထွန်းလင်းစေရန် သင်ကြားပေးနေသော ဆရာ၊ ဆရာမတိုင်းတွင် ကောင်းမြတ်သောအရင်းခံစေတနာရှိပြီးဖြစ်သည်။ အကြမ်းဖက်သူများ၏ တစ်ဖက်သတ်ဆန်သော အယူအဆဖြင့်လုပ်ကြံသတ်ဖြတ်ခြင်းခံရသည့် ဆရာ၊ ဆရာမများအတွက် အထူးပင်စိတ်မချမ်းမြေ့ဖြစ်ကြရသည်။ အဟိတ်တိရစ္ဆာန်တို့ပင် ဇာတ်တူအချင်းချင်း ထိုမျှလောက်ရက်စက်စွာ ပြုမူမည် မထင်ပေ။
     သို့ဖြစ်ရာ အနန္တောအနန္တဂိုဏ်းဝင် ဆရာ၊ ဆရာမများသည် တပည့်ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်သိက္ခာပြည့်ဝစွာဖြင့် အတတ်ပညာသင်ကြားပို့ချရုံသာမက ဆရာ့ကျင့်ဝတ်ငါးသွယ်ကို ကျေပွန်စွာထမ်းဆောင်နေသူများဖြစ်ကြသည်။ အကြမ်းဖက်သမားတို့၏ လူသားမဆန်သောလုပ်ရပ်ဖြင့် ဆရာ၊ ဆရာမများအား အကြမ်းဖက်သတ်ဖြတ်နေမှုကို ရင်ထဲတွင် နှလုံးနာဖွယ်အဖြစ် သတ်မှတ်နေရုံဖြင့်မပြီးဘဲ ပြည်သူလူထုတစ်ရပ်လုံးက ဝိုင်းဝန်းပူးပေါင်းကာကွယ် ဖော်ထုတ်ကြရမည်ဖြစ်ပါကြောင်း ရေးသားအပ်ပေသည်။
(၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်ထုတ် ရတနာပုံသတင်းစာမှ အယ်ဒီတာ့အာဘော်အား ကူးယူဖော်ပြပါသည်။ )