Tuesday, November 2, 2021

စိတ်ကူးရေစီး နဲ့ ကျနော်လူညံ့


         ကျနော်ငယ်စဥ်က ကလေးတွေ စုပြီး ဘောလုံးကစားတဲ့ အခါ ကိုယ့်စိတ်ကူးပေါက်ရာ ကစားတတ်တယ် ၊ ဘောလုံးလိမ်တာ လူပေးတာပေါ့ ။ သူ့ဟာနဲ့သူတော့ အဆင်ပြေနေတာပဲ နိုင်တာများသဗျ ။ 

      တနေ့တော့ ရပ်ကွက် လက်ရွေးစင် ရောက်လာပြီး နည်းစနစ်တွေ ပြောပါရောလား ။ ခေါင်းထဲမှာ သူ့နည်းတွေ နဲ့ ကစားလိုက်တာ အထစ်ထစ် အငေါ့ငေါ့ နဲ့ နိုင်နေကျ အဖွဲ့ကို ရှုံးပါရောလား ဗျာ ။ 

         ကိုယ့်အစုအဖွဲ့ ရဲ့ ကိုယ့်အထာနဲ့ကိုယ် အဆင်ပြေနေတာကို ပြင်ပက ဆရာကြီး စကားနားထောင်လိုက်တာ ရှုံးတော့တာပါပဲ ။ သူ့နည်းစနစ်တွေက လူကြီး အသင်းခြင်းဆို အဆင်ပြေချင် ပြေပါလိမ့်မယ် သူလိုကိုယ်လို ပေါက်ကရ ကန်တတ်တဲ့ ကလေးအသင်းခြင်းကျတော့ အဆင်မပြေတာ လက်တွေ့ပါပဲ ဗျာ ။ 

            ဒါက ငယ်စဥ်က အတွေ့အကြုံလေးပါ ။ အခု ကျနော် fb မှာ စာတွေရေးလာတော့ ကိုယ့်ဘာသာ တွေးချင်သလိုတွေး ရေးချင်သလိုရေးနေတာပါပဲ ။ 

        ရေးနေတဲ့ အကြောင်းအရာတွေကလည်း အစုံပဲဗျ ။ ငယ်ငယ်က ကမြင်းကျော ထခဲ့တာတွေ ခိုးခဲ့ ဝှက်ခဲ့တာတွေ အစ နောက်ပြောင်ကျီတာတွေ အလည် လုပ်ငန်းခွင် အတွေ့အကြုံ အဆုံး အကုန်ရေးတာပါပဲ ။ 

       နိုင်ငံရေးနဲ့ပတ်သက်တာတွေလည်း ဘယ်ပါတီ ဘယ်အသင်းအဖွဲ့ မှ မရှောင်ပဲ ဝေဖန်ရေးသားလေ့ ရှိပါတယ် ။ လူပုဂ္ဂိုလ်ကို ဝေဖန်ရင်လည်း အဲဒီလူ နဲ့ ထိုက်တန်တဲ့ အရေးအသား နဲ့ တုန့်ပြန်လေ့ ရှိပါတယ် ။ 

         ကျနော်တို့က ငယ်စဥ်ကတည်းက အဆဲနဲ့ ယဥ်ပါးလာတဲ့ လူတွေ ဖြစ်ပါတယ် ။ မြင်းခြံသားတွေ အကြောင်း အချို့သိကြပါတယ် နှုတ်ဆက်တာတောင် အဆဲလေး နဲ့ ခင်ဗျ 😁😁😁

        ဟာသ (ရီရလား မရီရလား မသိဘူး) တွေရေးတယ် ၊ ပြည်သူအတွက် စိတ်တိုရင် အစိုးရကို ဆဲတယ် ၊ အစိုးရအတွက် စိတ်တိုရင် နီပိတ်ကို ဆဲတယ် ၊ ဒီလိုနဲ့ ဆယ့်နှစ်မျိုးဂျင်းသုပ် မျိုးဝင်းလည်း အချို့အကြောင်းမသိတဲ့ fri တွေ မျက်စိလည်စရာ ဖြစ်နေရပါတယ် ။ 

        ကျနော် ယဥ်ကျေးစွာ ဝေဖန်တဲ့ ပို့စ်တွေ သဘောကျတဲ့ လူတွေက အဆဲပို့စ် တက်လာရင် ဘယ်လိုလူပါလိမ့်ဆိုပြီး ဖြစ်သွားရပါတယ် ။ 

        နောက်ပြီး ကျနော့် အကျင့်ဆိုးက စာရေးပြီဆိုရင် အပျင်းကြီးတော့ တခါတည်း လက်တန်းရေးလေ့ ရှိပါတယ် ။ ဒီတော့ စိတ်ထဲပေါ်လာတာ တောက်လျှောက်ရေးနေရင် အဆင်ပြေပါတယ် ။ သို့သော် အခြား ဗာရီယ ကိစ္စ အတွေးထဲ ရောက်လာရင် ကျနော့်စာ ရေစီးအလျှင် ပြတ်သွားသလို အထစ်အငေါ့တွေနဲ့ မနည်းပြန်ချိတ်ရပါတယ် ။ 

      ဥပမာဗျာ ကျနော်စာရေးတာကို စာရေးဆရာမတဦးက ပြောတယ်ဗျ ၊ စာလုံးပေါင်း သတ်ပုံတွေကို သတိထားစေချင်ကြောင်း အကြောင်းအရာ ကောင်းနေလည်း သူမအတွက် စိတ်အနှောက်အယှက် ဖြစ်ရကြောင်း ဆုံးမသဗျ ။ 

      သူပြောတဲ့ ဥပမာက ဖူး နဲ့ ဘူး အသုံးမှာ မသိဖူး ၊ မစားဖူး လို့ ရေးရမယ်ပေါ့ ဒီလို ဆိုသဗျ ။ ကိုယ်သိထားခဲ့တာ
 ''မနောက်ဘဲလိုက်'' ဆိုတာလေ ။ မသိဘူး မစားဘူး က အမှန်ပေါ့ ။ ဒါပေမယ့် စာရေးဆရာမကြီးက မေတ္တာနဲ့ လမ်းညွှန်တော့ ဖူး နဲ့ပဲ ရေးမိပါတော့တယ် ။ 

       မကြာပါဖူးဗျာ ဆရာကြီးတယောက်က ရေးတာ မှားကြောင်း အငြင်းဝါကျကို ဘူး နဲ့ ရေးရကြောင်း သွန်သင်ပါတယ် ။ ကိုင်း ကျနော်လည်း စာရေးတိုင်း အဲဒီ ဖူး နဲ့ ဘူး အသုံးရောက်တိုင်း ဘာနဲ့ ရေးရမလဲ တွေးနေရတာနဲ့ ကျနော်ရဲ့စာ ရှေ့မရောက်တော့ပဲ စိတ်ကူးရေစီးလေး ရပ်တန့်ခဲ့တာ အကြိမ်ကြိမ်ပါ ဗျာ ။ 

        နောက်တမျိုးက သံဃာတပါးက ကျနော့်ကို ဆုံးမပါတယ် ။ ဒကာကြီးရေ ကြမ်းတမ်းခက်ထန်တဲ့ ဝါကျတွေကြောင့် မိမိဆိုလိုရင်း တန်ဖိုးကျတတ်တာမို့ သတိထားရေးပါတဲ့ ။ 

      အဲဒါနဲ့ ကျနော်ပို့စ်ရေးတော့ ဆရာတော်ရဲ့ ဆုံးမစကား နာခံပြီး ကြိုးစားရေးပါတယ် ၊ သို့သော် ကျနော်စာတွေဟာ ခွန်အားမဲ့နေသလို ဖြစ်နေတာ ခံစားမိပါတယ် ။

          ဒါနဲ့ ကျနော် ကိုယ့်ဘာသာ ပြန်သုံးသပ်ပါတယ် ။ ငါ ဘာစာတွေ ရေးနေတာလဲ.... ?

- စာလုံးပေါင်း သတ်ပုံကျမ်းလား 

- ယဥ်ကျေးလိမ္မာ သင်တန်းလား

- မြန်မာစာရေးထုံးလား 

       ဟုတ်ကဲ့ တခုမှ မဟုတ်ဖူးခင်ဗျာ ။ ပေါ့ပေါ့ပါးပါး ဟာသ ၊ သရော်စာ ၊ ကိုယ်တွေ့မှတ်တမ်း ၊ နိုင်ငံရေးဝေဖန်မှု သုံးသပ်မှု ဒါတွေ ရေးနေတာ ပါ ။ 

       ပုံနှိပ်စာအုပ်လို မှတ်တမ်းလမ်း မဟုတ်ဖူး လူမှုကွန်ယက်ပေါ်မှာ ရေးနေမိတာဖြစ်တယ် ။ ဒီလို တွေးမိလာတယ် ခင်ဗျ ။ 

       အထက်က ကျနော့်ကို ဆိုဆုံးမခဲ့တဲ့ ဆရာတွေကလည်း ကျနော့်ကို မေတ္တာထားပြီး ဆုံးမကြတာ သေချာပါတယ် ။ စင်းလုံးချော သူတပါးအပြစ်မတင်နိုင်တဲ့ သူအဖြစ် သူတို့က ပြည့်စုံတဲ့သူ ဖြစ်အောင် လမ်းညွှန်ကြတာပါပဲ ။ 

      သို့သော် ကျနော် မျိုးဝင်းက 
- စာမူကြမ်းချရေးရန် ငပျင်း ၊ 

- စာလုံးပေါင်းသတ်ပုံကြမ်းနဲ့ တိုက်စစ်ရန် ငပျင်း ၊

- စိတ်မပါပဲ ဟန်ဆောင် လိမ္မာပြရန် မလုပ်ချင်သူ 

- မိမိအား သူတပါး ကဲ့ရဲ့မည်ကို ထည့်မစဥ်းစားပဲ စိတ်ထဲရှိရာ ပြောချင် ရေးချင်သော ငစနူ

        အဲသလို ဖြစ်ပါသောကြောင့် အချို့ ကြမ်းတမ်းသွားသော ပို့စ် များအတွက် စိတ်အနှောက်အယှက် ဖြစ်သွားစေပါက လူကြီးလူကောင်းများ နဲ့ သံဃာများ အမျိုးသမီးများကို ဒီနေရာကနေ တောင်းပန်လိုက်ပါတယ် ။

      နောက်တခါ ကျနော့်အပေါ် ကောင်းစေလိုသော ဆန္ဒဖြင့် လမ်းညွှန်ပြသသော ပုဂ္ဂိုလ်များကိုလည်း စိတ်ထဲပေါ်လာသမျှ ဖီလင်ကိုသာ ဦးစားပေး ရေးတတ်ပြီး ကျယ်ပြန့်များပြားလှတဲ့ မြန်မာစာ စာလုံးပေါင်း အမှားအမှန် အပေါ် မခွဲခြားနိုင်သော လူညံ့ ကျနော့်အား ခွင့်လွှတ်သည်းခံပါတော့ဗျာ ။ 

         လောကမှာ ပြီးပြည့်စုံတဲ့ လူမရှိဆိုတဲ့ လူညံ့တွေရဲ့ အကိုးအကား စကားလုံးနဲ့ပဲ ကျနော် နိဂုံးချုပ် လိုက်ရပါတယ် ဗျာ ။ 

       ကိုရွှေမျိုးဝင်း

(တခါတရံ ဒါလေးများ ညံ့လိုက်တာလို့ ရုတ်ချည်းတွေးမိရင် ဒီ messenger ကို သတိရလိုက်ပါ)