Tuesday, January 4, 2022

လွတ်လပ်ရေးအဓွန့်ရှည်ရေးနှင့် ခေတ်သစ်ကိုလိုနီ

**********************************
နိုင်ငံ၏ ရေသောက်မြစ်
----------------
ယနေ့ဆိုလျှင် မြန်မာ့လွတ်လပ်ရေးသည်ပင် ၇၄ နှစ် ပြည့်မြောက်လေပြီ။ နောင်နှစ်ဆိုလျှင် စိန်ရတုပင် တိုင်ပေတော့မည်။

နှစ်ပေါင်း ၇၄ နှစ်သည် နိုင်ငံ၏ လွတ်လပ်ရေး မှတ်တိုင်တစ်ခု၊ နိုင်ငံတစ်ခု၏ အချုပ်အခြာ အာဏာပိုင်ချုပ်မှု၏ ခိုင်မာမှုတစ်ခုပင် ဖြစ်၏။ လွတ်လပ်ရေး ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံအတွက် ပင်မရေသောက်မြစ်ဖြစ်သည်။ အချုပ် အခြာအာဏာပိုင်ဆိုင်မှုလည်း ဖြစ်၏။ တိုင်းရင်းသားများဖြင့် စုစည်းနေထိုင်ကြသော မြန်မာနိုင်ငံအတွက်မူ လွတ်လပ်ရေးဆိုသည်က သူတစ်ပါး လက်အောက်ခံမဟုတ်ခြင်း၊ လွတ်လပ်ခြင်းဆိုသည်ထက်ပို၍ပင် အဓိပ္ပာယ်နက်နဲကျယ်ဝန်း လှပါသည်။ လွတ်လပ်ရေး၏ နောက်ကွယ်တွင် စုစည်းခြင်း၊ စည်းလုံးခြင်းတို့ ပါဝင်နေပါသည်။

လွန်ခဲ့သော ၇၄ နှစ် မတိုင်မီက မြန်မာနိုင်ငံသည် နယ်ချဲ့တို့၏ သိမ်းပိုက်ခံ၊ အုပ်ချုပ်ခံ နိုင်ငံတစ်ခု ဖြစ်ခဲ့သည်။ ပြည်သူများဆိုသည်က သူ့ကျွန်ဘဝတွင် နေခဲ့ရသည်။ နှစ်ပေါင်း ၁၀၀ ကျော် သူ့ကျွန်ဘဝအား ပြန်လည်ခံစားကြည့်လျှင် လွတ်လပ်ရေး၏ အနှစ်သာရ၊ လွတ်လပ်ရေး၏ အရသာ၊ လွတ်လပ်ရေး၏အဓိပ္ပာယ်တို့ကို နှိုင်းယှဉ် ခံစားနိုင်ကြပါလိမ့်မည်။ ကိုယ့်မြေ၊ ကိုယ့်လူမျိုးတို့ကို လာရောက်သိမ်းပိုက်အုပ်ချုပ်သည့် နယ်ချဲ့တို့ကို ဘုရားထူးခဲ့ရသည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုသည်က ဆိုဖွယ်ရာမရှိ။ လက်ဝေခံ အဆင့်တွင်ပင် မရှိခဲ့။ ကျွန်သပေါက်ဟုပင် ဆိုခဲ့ကြသည်။ ယင်းမှာ လွတ်လပ်ရေးဆုံးရှုံးရသည့် အကျိုးဆက်များ ဖြစ်သည်။ ထိုအကျိုးဆက် များသည် မျိုးဆက်တစ်ဆက်ကျော်သည့်တိုင် ဂယက်ရိုက်ခတ်နေဆဲ ဖြစ်သည်။

နိုင်ငံတစ်နိုင်ငံအတွက် လွတ်လပ်ရေးနှင့်အတူ အချုပ်အခြာအာဏာပိုင်ဆိုင်ခြင်းဖြင့် နိုင်ငံတကာ အလယ်တွင် တန်းတူညီမျှတင့်တယ်စွာ ရပ်တည်နိုင် မည်ဖြစ်သည်။ ထို့အတူ လွတ်လပ်ရေးသည် နိုင်ငံတစ်နိုင်ငံအတွက် ရေသောက်မြစ်ပမာ ရှင်သန်ရပ်တည်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အခြေခံလည်း ဖြစ်ပါသည်။ ရေသောက်မြစ်မရှိပါက အပင်တစ်ပင် မရှင်သန်နိုင်သကဲ့သို့ပင် ဖြစ်သည်။ လူတစ်ဦးအတွက်ဆိုလျှင် နှလုံးဖြစ်သည်။ အသက်ရှင်ရပ်တည်ရေး၊ လှုပ်ရှားရုန်းကန်ရေးနှင့် ဖွံ့ဖြိုးရေး တို့အတွက် မရှိမဖြစ်လိုအပ်ချက်ဖြစ်ပေသည်။ နိုင်ငံအတွက် ဤသို့အရေးပါလှသည့် လွတ်လပ်ရေးကို တန်ဖိုးထားတတ်၊ လေးစားတတ်၊ အဆင့်ဆင့် တာဝန်ယူထိန်းသိမ်းတတ်ကြမှသာ ဆက်လက် ရှင်သန်ရပ်တည်နိုင်ပေလိမ့်မည်။ 

လွတ်လပ်ရေး၏ အနှစ်သာရ 
--------------------
နိုင်ငံတစ်နိုင်ငံရပ်တည်ရေးအတွက် လွတ်လပ်ရေးသည် များစွာအရေးကြီးပါသည်။ လွတ်လပ်သော နိုင်ငံဖြစ်မှသာ ကိုယ့်ကံကြမ္မာဆုံးဖြတ်ပိုင်ခွင့် ရရှိမည်ဖြစ်သည်။ လွတ်လပ်သောနိုင်ငံ တစ်နိုင်ငံဖြစ်သည်နှင့် နယ်နိမိတ်ပြဿနာများ ရှိသည့်တိုင် နယ်မြေနှင့် နယ်နိမိတ်များကို နိုင်ငံတကာ အသိအမှတ်ပြုမှု ရရှိမည်ဖြစ်သည်။ နယ်မြေပိုင်ဆိုင်မှု ဖြစ်သည်။ အမြဲတမ်းအခြေချနေထိုင်သော လူထုရှိမည်ဖြစ်သည်။ အချုပ်အခြာအာဏာ ပိုင်ဆိုင်ခြင်းကြောင့် မိမိနယ်မြေအပေါ်တွင် အခြားနိုင်ငံများက ဝင်ရောက်သြဇာလွှမ်းမိုး စွက်ဖက်ခွင့်မရှိချေ။ လွတ်လပ်သော အခြား နိုင်ငံများ၏ အသိအမှတ်ပြုမှုရရှိမည် ဖြစ်သည်။ ထို့အပြင် ပြည်တွင်း ပြည်ပ ကုန်သွယ်ရေး၊ စီးပွားရေး လွတ်လပ်စွာ လုပ်ဆောင်နိုင်ခြင်း၊ ငွေကြေး ထုတ်ဝေနိုင်ခြင်းစသည့် လက္ခဏာများသည် လွတ်လပ်သော နိုင်ငံတစ်နိုင်ငံ၏ သွင်ပြင်များ ဖြစ်ပါသည်။

ဆန့်ကျင်ဘက်အနေဖြင့် လွတ်လပ်ရေးဆုံး ရှုံးသည်နှင့် အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊ နယ်မြေပိုင်ဆိုင်မှုတို့ ဆုံးရှုံးမည့်အပြင် ပြင်ပ နိုင်ငံများ၏ ဝင်ရောက်စွက်ဖက်ခြင်း၊ ဩဇာလွှမ်းမိုးခြင်းတို့လည်း ရှိလာမည်ဖြစ်သည်။ နောက်ဆက်တွဲအနေဖြင့် ကိုယ့်ကံကြမ္မာကိုယ် ဆုံးဖြတ်ခွင့် ဆုံးရှုံးသွားမည်ဖြစ်ကာ သူတစ်ပါးလက်အောက်ခံ ဘဝ၊ ဩဇာခံဘဝ၊ ချုပ်ကိုင်ခံရသည့်ဘဝ ရောက်ရှိသွားမည် ဖြစ်သည်။ ထို့အပြင် နိုင်ငံ၏ စရိုက်လက္ခဏာများ၊ ယဉ်ကျေးမှု၊ အမျိုးဘာသာသာသနာ တို့သည်လည်း လျော့နည်းပျောက်ဆုံးသွားနိုင်ပါသည်။ သို့ဖြစ်ရာ လွတ်လပ်ရေးသည် နိုင်ငံ၏ အမျိုးသားအကျိုးစီးပွား၊ ပြည်သူလူထု၏ အကျိုး စီးပွားဖြစ်ပေသည်။ လွတ်လပ်ရေး ဆုံးရှုံးသွားလျှင်မူ နိုင်ငံနှင့် ပြည်သူတို့၏ အကျိုးစီးပွားများလည်း ပျောက်ဆုံးသွားမည် ဖြစ်သည်။ 

ခေတ်သစ်ကိုလိုနီ
-------------
ယခင်က နယ်ချဲ့စနစ်သည် အခြားနိုင်ငံ တစ်နိုင်ငံကို တိုက်ခိုက်သိမ်းပိုက်၍ ကိုယ်ပိုင် နယ်မြေအဖြစ် သတ်မှတ်ကာ အုပ်ချုပ်သွေးစုပ်ကြသည်။ သို့သော်လည်း ဒုတိယကမ္ဘာစစ်အလွန် ၁၉၆၀ ပြည့်နှစ်များတွင် နယ်မြေသိမ်းပိုက် အုပ်ချုပ်သည့် ကိုလိုနီစနစ်အစား ခေတ်သစ်ကိုလိုနီစနစ် ထွန်းကားလာသည်။ ခေတ်သစ်ကိုလိုနီစနစ်သည် ကိုလိုနီစနစ်၏ အမျိုးအစား အသစ်တစ်ခုဖြစ်သည်။

ယနေ့အခါ နယ်ချဲ့ကိုလိုနီစနစ်အစား မိမိ ဩဇာခံအစိုးရ၊ ရုပ်သေးအစိုးရအာဏာရရှိစေခြင်းဖြင့် ယင်းနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးတို့ကို လွှမ်းမိုးချုပ်ကိုင်ထားသည့် ခေတ်သစ်ကိုလိုစနစ် ဖြစ်လာသည်။ ထို့အတူ အခြားနည်းလမ်းအမျိုးမျိုးဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် နိုင်ငံငယ်များကို လွှမ်းမိုးရန် ကြိုးပမ်းခြင်းမှာလည်း ခေတ်သစ်ကိုလိုနီ လက္ခဏာ ဖြစ်သည်။ ခေတ်သစ်ကိုလိုနီစနစ်တွင် အထူးသဖြင့် စစ်ရေးမဟုတ်သည့် နည်းလမ်းများဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံများအပေါ် လွှမ်းမိုးရန် ကြိုးပမ်းလေ့ရှိကြသည်။

အလားတူပင် အခြားနိုင်ငံများအပေါ် လွှမ်းမိုးနိုင်ရန် နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု သို့မဟုတ်အခြားသော ဖိအားပေးသည့် နည်းလမ်းများကို အသုံးပြုလေ့ရှိကြသည်။ အင်အားကြီးနိုင်ငံများသည် မိမိတို့နိုင်ငံအကျိုးစီးပွားအတွက် အခြားနိုင်ငံများအပေါ် စီးပွားရေးအရ လွှမ်းမိုးနိုင်ရန် သာမက နိုင်ငံရေးအရ ချုပ်ကိုင်နိုင်ရန် ကြိုးပမ်းလာကြသည်ကို တွေ့ရပါသည်။ ဥပမာအားဖြင့် မိမိတို့နိုင်ငံ၏ အကျိုးစီးပွားနှင့် ဆက်စပ်နေသည့် နိုင်ငံများတွင် မိမိတို့အလိုကျ အစိုးရတစ်ရပ် အာဏာရရှိရေး ဝင်ရောက်စွက်ဖက်မှုများ၊ ဖိအားပေးမှုများ၊ ထောက်ပံ့မှုများ ပြုလုပ်လာကြသည်။ နှောင်ကြိုးပါသော အကူအညီများပေး၍ လွှမ်းမိုးခြင်း၊ ရွေးကောက်ပွဲများတွင် ဝင်ရောက် စွက်ဖက်ခြင်း၊ နိုင်ငံတကာအဖွဲ့ အစည်းများကိုအသုံးချ၍ ဖိအားပေးခြင်း၊ စီးပွားရေး ကုန်သွယ်ရေး ပိတ်ဆို့အရေးယူခြင်းကဲ့သို့သော နည်းလမ်းများကို ယနေ့အခါ တွင်တွင်ကျယ်ကျယ် အသုံးပြု နေသည်ကို တွေ့မြင်နိုင်ပါသည်။

အချို့နိုင်ငံများသည် လွတ်လပ်သောနိုင်ငံဟု ဆိုသော်လည်း အင်အားကြီးနိုင်ငံများ၏ ဝင်ရောက် စွက်ဖက်ခံရခြင်း၊ လွှမ်းမိုးခံရခြင်း၊ နိုင်ငံရေး၊ စီးပွားရေးထိန်းချုပ်ခံရခြင်းများ ရှိနေပါသည်။ ယနေ့ကာလ လွတ်လပ်ရေးဆုံးရှုံး သည်ဆိုရာတွင်လုံးလုံးလျားလျား လွတ်လပ်ရေး ဆုံးရှုံးသွားခြင်း၊ နယ်မြေ သိမ်းပိုက်ခံရခြင်း မဟုတ်ဘဲ အင်အားကြီးနိုင်ငံများ၏ ဩဇာခံဘဝ ရောက်ရှိသွားခြင်း၊ အင်အားကြီးနိုင်ငံများက လွှမ်းမိုးထားခြင်း၊ နိုင်ငံရေး၊ စီးပွားရေးတို့တွင် သူတို့အလိုကျ လုပ်ဆောင်ရခြင်းသည်လည်း လွတ်လပ်ရေး တစ်စိတ်တစ်ပိုင်း ဆုံးရှုံးခြင်း၊ အချုပ်အခြာအာဏာ ထိပါးခံရခြင်းဖြစ်သည်။ ထိုမှတစ်ဆင့် ခေတ်သစ်ကိုလိုနီဘဝ ရောက်မှန်းမသိ ရောက်ရှိသွားမည် ဖြစ်သည်။ 

လွတ်လပ်ရေး ထိန်းသိမ်းစောင့်ရှောက်ရမည့် တာဝန်
-------------------------
ဂလိုဘယ်လိုက်ဇေးရှင်းဆော်တွင် လွတ်လပ်ရေးနှင့် ခေတ်သစ်ကိုလိုနီသည် ဖွံ့ဖြိုးဆဲနိုင်ငံငယ် များအတွက် သတိပြုစရာ ဖြစ်လာပါသည်။ ဂလိုဘယ်လိုက်ဇေးရှင်းနှင့်အတူ စီးလာသည့် အင်အားကြီးနိုင်ငံများ၏ နိုင်ငံရေး၊ စီးပွားရေး လွှမ်းမိုးလာမှုများသည် တစ်ခါတစ်ရံ နိုင်ငံတစ်နိုင်ငံ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ထိခိုက်စေလျက်ရှိနေသည်။ မြန်မာ နိုင်ငံအနေဖြင့်မူ ပထဝီနိုင်ငံရေးအရအင်အားကြီး နိုင်ငံများအကြား အင်အားပြိုင်ဆိုင်မှု၊ အိမ်နီးချင်းနိုင်ငံ၏ လူမျိုးရေးဆိုင်ရာတို့သည် သမားရိုးကျ ဖြစ်စဉ်များထက် ပိုပါသည်။ ယင်းကို အကြောင်းပြု၍ ပြည်တွင်းနိုင်ငံရေးအပေါ် နည်းလမ်းအမျိုးမျိုးဖြင့် စွက်ဖက်မှုနှင့် ဖိအားပေးမှုများ ရှိနေပါ သည်။ ယင်းတို့သည် မြန်မာနိုင်ငံ၏ လွတ်လပ် ရေးနှင့် အချုပ်အခြာအာဏာကို ထိပါးစေလျက် ရှိပါသည်။ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း၊ အချပ်ပို (ဃ) သို့ဖိအားပေးခြင်းတို့သည် လွတ်လပ်၍ အချုပ်အခြာအာဏာပိုင်နိုင်ငံ များအကြား လိုက်နာရမည့် ကျင့်ဝတ်ဖောက်ဖျက်ခြင်း၊ နိုင်ငံတကာ ဥပဒေများကို မလေးစား၊ မလိုက်နာခြင်း ဖြစ်ပါသည်။

ထို့အတူ အင်အားကြီးနိုင်ငံများသည် နိုင်ငံငယ်များအား လွှမ်းမိုးနိုင်ရန် နှောင်ကြိုးပါသော အကူအညီ အထောက်အပံ့များ နောက်ကွယ်တွင် အပေးအယူနှင့် တောင်းဆိုမှုများ ရှိနေကြသည်။ ယင်းတောင်းဆိုမှုများသည် တစ်ခါတစ်ရံ အပြန်အလှန် အကျိုးစီးပွားအတွက် တောင်းဆိုမှုဆိုသည်ထက် ပြည်တွင်းရေးအား စွက်ဖက်လိုခြင်း၊ ဖိအားပေးခြင်းသဘော သက်ရောက်လာပါသည်။ သို့ဖြစ်ရာ မုန့်သာမြင်၍ တုတ်ကိုမမြင်ပါက ဖြစ်လာမည့်အကျိုးဆက်သည် မိမိနိုင်ငံ၏ လွတ်လပ်ရေးအနှစ်သာရနှင့် အချုပ်အခြာအာဏာ ဆုံးရှုံးရမည် ဖြစ်သည်။

ယနေ့မြန်မာ့နိုင်ငံရေးအခြေအနေတွင် နိုင်ငံ၏ ပြည်တွင်းရေး နောက်ကွယ်၌ ခေတ်သစ်ကိုလိုနီများ ခြေရှုပ်နေကြပါသည်။ နည်းလမ်းအမျိုးမျိုး၊ ဖိအားအမျိုးမျိုး၊ အပေးအယူအမျိုးမျိုးနှင့် စွက်ဖက်နေကြသည်မှာ အထင်အရှားဖြစ်ပါသည်။ စစ်မှန်သော မိတ်ဆွေနိုင်ငံများရှိသကဲ့သို့ အကျိုးအမြတ်ထုတ်လိုသော နိုင်ငံများလည်း ရှိနေပါသည်။ ထိုသို့ အမျိုးမျိုးသော ရည်ရွယ်ချက်ရှိကြသည့် နိုင်ငံများအကြားတွင် မိမိတို့နိုင်ငံ၏ လွတ်လပ်ရေး၊ အချုပ် အခြာအာဏာနှင့် အမျိုးသားအကျိုးစီးပွားများကို မျက်ခြည်မပြတ်ရန်မှာ အဓိကတာဝန် ဖြစ်ပါသည်။ ထိုတာဝန်မှာ နိုင်ငံသားတိုင်းအတွက် နိုင်ငံသားတစ်ယောက်တာဝန်ဖြစ်ပါသည်။ အစဉ်အဆက် ထိန်းသိမ်းစောင့်ရှောက်လာခဲ့သည့် လွတ်လပ်ရေး၏ အရသာကို ခံစားနေကြရသည့် ပစ္စုပ္ပန်မျိုးဆက်မှသည် နောင်မျိုးဆက် များအဆင့်ဆင့်သို့ လွတ်လပ်ရေးကို လက်ဆင့်ကမ်းနိုင်ရန်မှာ ပစ္စုပ္ပန် မျိုးဆက်များအားလုံး၏ တာဝန်ဖြစ်ပါသည်။

စိန်ရတုမှသည် ကမ္ဘာတည်သရွေ့
-----------------------
မြန်မာ့လွတ်လပ်ရေးသမိုင်းကြောင်း ဆိုသည်က အားလုံးသိရှိ နားလည်ပြီးဖြစ်သည်။ အသက်၊ သွေး၊ ချွေးပေါင်းများစွာ ပေးဆပ်ခဲ့ရသည်။ ဒုက္ခများ ခါးစည်းခံခဲ့ကြရသည်။ မြန်မာ့လွတ်လပ်ရေးကို လွယ်လွယ်ကူကူရခဲ့သည်မဟုတ်ဘဲ ကိုလိုနီလက်အောက် နှစ်ပေါင်း ၁၀၀ ကျော်အတွင်း နည်းမျိုးစုံဖြင့် တိုက်ခိုက်ယူခဲ့ရသည်။ ထိုလွတ်လပ်ရေးကြီး လွယ်လွယ်ကူကူနှင့် ခေတ်သစ်ကိုလိုနီလက်အောက် ရောက်သွားနိုင်သည်ကို သတိပြုထိန်းသိမ်းကြမှသာ အဓွန့်ရှည်သောလွတ်လပ်ရေးနှင့် လွတ်လပ်ရေးအနှစ်သာရကို ခံစားကြရမည် ဖြစ်သည်။

ခေတ်သစ်ကိုလိုနီစနစ်တွင် သူတစ်ပါးတိုက်ရိုက် အုပ်ချုပ်မှုအောက် မရောက်ရှိသော်လည်း နိုင်ငံရေး၊ စီးပွားရေးမှအစ သွယ်ဝိုက်၍ လွှမ်းမိုးမှု၊ ချုပ်ကိုင်မှုမှသည် သူတစ်ပါးအလိုကျ အစိုးရတစ်ရပ်ပြောင်းလဲရေးအထိ အကျုံးဝင်နေသည်ကို သတိပြုကြရပါမည်။ ထိုသို့ ခေတ်သစ်ကိုလိုနီဝါဒအောက်တွင် မိမိတို့နိုင်ငံ၏ လွတ်လပ်ရေးနှင့် လွတ်လပ်ရေးအနှစ်သာရသည် မည်သို့အဓိပ္ပာယ်ရှိတော့မည်နည်း။ ကမ္ဘာတွင် ခေတ်သစ်ကိုလိုနီစနစ်အောက် ရောက်နေသော နိုင်ငံများကို သင်ခန်းစာယူကြရပါမည်။ နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေး မတည်မငြိမ်မှုကို အခွင့်ကောင်းယူကာ သူတို့အလိုကျ အစိုးရများ၊ ရုပ်သေးအစိုးရများအာဏာရရှိစေရန် ကြိုးစား နေကြသည်။ စီးပွားရေးနှင့် သယံဇာတရင်းမြစ်များကို ချုပ်ကိုင်ကြသည်။ အီရတ်နိုင်ငံ၊ အာဖဂန်နိုင်ငံတို့ကို သင်ခန်းစာ ယူကြရပါမည်။ နည်းလမ်းအမျိုးမျိုးနှင့် လွှမ်းမိုးခံနေရသည့် နိုင်ငံများစွာလည်း ရှိနေပါသည်။

ဂလိုဘယ်လိုက်ဇေးရှင်းခေတ်တွင် ခေတ်သစ်ကိုလိုနီဝါဒသည် မင်းသားမျက်နှာဖုံးစွပ်ထားသော ဘီလူးများ ဖြစ်သည်။ သူခိုးကို ဓားရိုးကမ်းသလို မဖြစ်ရန် လိုအပ်ပါသည်။ ထိုသို့ဆိုခြင်းသည် နိုင်ငံ တကာဆက်ဆံရေးနှင့် ကမ္ဘာ့နိုင်ငံရေးတွင် သီးခြားနေရန်ဟု ဆိုလိုသည်မဟုတ်ဘဲ မိမိတို့နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို မျက်ခြည်မပြတ်ဖော်ဆောင်ရန်နှင့် လွတ်လပ်ရေး၏အနှစ်သာရကို မပျောက်မပျက် ထိန်းသိမ်းစောင့်ရှောက်ရန် ဖြစ်ပါသည်။ သို့မှသာ ဘိုးဘွားတို့အသက် သွေးချွေးတို့ဖြင့် ရယူခဲ့သော လွတ်လပ်ရေးသည် ကမ္ဘာတည်သရွေ့ အဓွန့်ရှည်နေမည် ဖြစ်ပါသည်။ လွတ်လပ်ရေး အဓွန့်ရှည်မှသာ ယနေ့နိုင်ငံသားအားလုံး မျှော်မှန်းကြသည့် နိုင်ငံတော်ကြီးကို တည်ဆောက်နိုင်မည် ဖြစ်ပါသည်။ ။

မျိုးငြိမ်းငယ်

https://t.me/myanmarnewspaper/16642