Monday, January 31, 2022

အာဏာ 🍁


အသံတိတ်သပိတ်ကို တားဆီးဖို့ အစိုးရက ကြိုးပမ်းတော့ အနီတွေက အော်ပါတယ်။ 
"အိမ်ထဲနေတာတောင် လိုက်ဖမ်းနေတာ။ သိပ်ကြောက်နေလား..." တဲ့။ နည်းနည်းတော့ ရယ်ဖြစ်တယ်။ သူတို့ လက်ထက်ကရော ထိုင်သပိတ် ကိုယ်တော်တွေကို ဝင်ရိုက်ပြီး မဖမ်းခဲ့ကြဘူးလား။ ဒါ 'အာဏာ' ပဲ။ 'အာဏာ' ရဲ့ ပြယုဂ်ပဲ။ အာ‌ဏာရှိလို့ အာဏာသုံးတယ်။ ဒါပါပဲ။ အနီတွေလည်း အာ‌ဏာရှိရင်... သုံးလေ။ 

ဒေါ်စုကြည်လက်ထက် ရွေးကောက်ပွဲ အကြိုကာလမှာ ဖြစ်ခဲ့တာတွေကိုကြည့်ရင် NLD တွေလည်း အာဏာကို အရူးအမူးအသုံးကြမ်းခဲ့ကြတာပါပဲ။ တစ်နိုင်ငံလုံးကို Covid နဲ့ ပတ်သက်တဲ့ စည်းမျဉ်းတွေချထားပြီးမှ NLD တစ်ပါတီတည်းသက်သက် လှည့်လည်အင်အားပြခဲ့ကြတာတွေ၊ ဒါတွေကို ကန့်ကွက်ရင်တောင် အရေးယူတားဆီးဖို့ နေနေသာသာ "ထောက်ခံသူတွေမို့ တားလို့မရဘူး" လို့ ပြောခဲ့တာတွေ၊ ခါတော်မီဥပဒေတွေ၊ မဲဆွယ်မိန့်ခွန်းဆင်ဆာတွေ... ဆင်ဆာဖြတ်မခံချင်ရင် ရုပ်သံကနေ မိန့်ခွန်းမလွှင့်နဲ့... လို့ ပြောခဲ့ကြတာတွေ...

လော်ဘီတွေကို တရားစွဲလို့မရခဲ့တာတွေ၊ ဆန့်ကျင် ဆန္ဒပြရင် နိုင်ငံတော်အလံတွေကိုတောင် တက်နင်းမိကြတဲ့ထိ တရကြမ်း ဝင်ဖမ်းတာတွေ။ အခု နစက က ဆိုင်ပိတ်ဖို့ ပို့စ်တင်တဲ့လူတွေကို ဖမ်းဆွဲသလို NLD လည်း ငါးမင်းဆွေအပါအဝင် တခြား User တွေကို ဖမ်းဆွဲခဲ့တာတွေ။

ဒေါ်စုကြည်ရဲ့ ICJ ခရီးစဉ်ကို ထောက်ခံပွဲတွေလုပ်ခဲ့ကြသလို အခု တပ်ထောက်ခံပွဲလုပ်ကြမယ့်လူတွေ၊ အနီတွေရဲ့ သပိတ်ကို အာဏာနဲ့ဖြိုခွဲလိုက်တဲ့နောက် တစ်မြို့လုံးပတ် စစ်သီချင်းဖွင့်ပြီး တန်ပြန်မယ်လို့ ကြွေးကြော်ကြတဲ့... အဲဒီလူတွေ။ အာဏာရှိတဲ့လူဘက်မှာ ရှိနေတာကတော့ နည်းနည်းပို ဥပဒေနဲ့ ညီတာပေါ့။ စိတ်ချရတာပေါ့လေ။

အားလုံးဟာ အတူတူပါပဲ။ တကယ်ကို ထူးမခြားနားပဲ။ NLD အာ‌ဏာရတော့ သူ့လူတွေ၊ သူ့လော်ဘီတွေ TV ပေါ် ရောက်လာတယ်။ နစက လက်ထက်ရော...

အခုလည်း အသံတိတ်သပိတ် လုပ်မယ်၊ မလုပ်ရင် ဘာညာ ဆိုတာက တစ်ဖွဲ့၊ လုပ်ရဲလုပ်ကြည့် အကြမ်းဖက်အားပေး ပဲ ဆိုပြီး ပိုင်ဆိုင်မှုပါ ချိတ်ပိတ်မယ်လို့ ကြေညာတာက တစ်ဖက်...
အာဏာစက်ပြင်ပကို ထွက်ပြေးနေကြတဲ့လူတွေက တစ်ဖက်၊ အာဏာကိုင်ထားတဲ့လူတွေက တစ်ဖက်။ မြန်မာနိုင်ငံသားတွေဟာ သနားစရာကို ကောင်းလွန်းတယ်။ 

ဒီကြားထဲ ဘာလုပ်လုပ် ဥပဒေနဲ့အညီ လုပ်ပါမယ် ဆိုရင်းကပဲ အကြမ်းဖက် ပြည်ပြေးအစိုးရရဲ့ ထိပ်ပိုင်းရောက်နေတဲ့ NLD ပါတီဝင်တွေမှ အားမနာ၊ NLD ပါတီကြီးက အခုထိ မြဲနေတုန်း။ 
ကြောက်လို့ ဆိုင်ပိတ်မိတဲ့ နင်းပြားတစ်ယောက်က အကြမ်းဖက်အားပေးမှုနဲ့ မွဲပြာကျသွားနိုင်ပေမဲ့ ပါတီထိပ်သီးတွေနဲ့ အစိုးရဖွဲ့တမ်းကစားနေတဲ့ပါတီကျ အခုထိ လွတ်နေတာမျိုး...

ဘာဆက်ပြောရမှာလဲ....

အာဏာသာ လက်ထဲရှိရင် ဘာပဲလုပ်လုပ်တင့်တယ်တယ်။ ဒေါ်စုကြည်လက်ထက် သူ့ပါတီအသာရဖို့ သမ္မတရဲ့ အထူးရန်ပုံငွေက သန်းခြောက်ထောင်ကျော် သုံးပစ်လိုက်တာက ဥပဒေနဲ့ ညီတယ်။ အဲဒီလိုပဲ။ ဒေတာဖိုးတွေဈေးတက်ပစ်တဲ့ အဘရဲ့ လုပ်ပေါက်က မဟာဗျူဟာမြောက်တယ်။ 

တကယ်ပါ။ ခင်ဗျားတို့တွေထဲက တစ်ယောက်ယောက်ကများ သူ့အုပ်စုထက် ငါ့အုပ်စုက ပိုသာတယ် - လို့ ပြောလာခဲ့ရင် ကျွန်တော် ဟားတိုက်ရယ်ဖြစ်လိမ့်မယ်။ 

ကျွန်တော်တို့ရဲ့ဘဝတွေဟာ ဘာမှ ပြောင်းလဲမသွားပါဘူး။ 
တစ်ခုပဲ....
ခင်ဗျားတို့ဘာသာ ခင်ဗျားတို့ "အာဏာ" ကို လက်လွှဲယူလိုက်ကြတာပါ။ 

ဒါပါပဲ....

သန့်နေစိုး (29. Jan. 2022)
*
*
*

Related Posts: