Tuesday, January 25, 2022

P.P.P နှင့် နိုင်ငံရေး ရေချိန်


          ဒီကနေ့ ဒီစာကိုရေးနေတဲ့အချိန်အထိဆိုရင်တော့ ပြည်သူရှေ့ဆောင်ပါတီ (P.P.P)ဟာ တနှစ်သားကျော်လို့ နှစ်နှစ်ပြည့်လုဆဲအချိန်ရောက်ခဲ့ပါပြီ ။ ဒေါ်သက်သက်ခိုင် က ဥက္ကဌ တာဝန်ယူပြီး ဖွဲ့စည်းခဲ့တဲ့ ကျနော်တို့ပါတီဟာ စတင်ဖွဲ့စည်းချိန်မှာ အင်အား ၄၀၀၀ကျော်သာရှိခဲ့ပေမယ့် ကနေ့အချိန်မှာ တနိုင်ငံလုံးအင်အားနဲ့တွက်ဆရင် သိန်းကျော်နေပြီဖြစ်ပါတယ် ။ Programmatic Partyဖြစ်ရမယ်ဆိုတဲ့ ရည်မှန်းချက်နဲ့အညီ ပါတီရဲ့ ကိုယ်ပိုင်မူဝါဒ ကိုယ်ပိုင်လမ်းစဥ် ဦးတည်ချက်တွေနဲ့ စတင်လှုပ်ရှားခဲ့ကြပါတယ် ။

          ပြည်သူ့ရှေ့ဆောင်ပါတီ စတင်ဖွဲ့စည်းချိန်မှာ ရေးဆွဲခဲ့တဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် ကဏ္ဍအလိုက်မူဝါဒများစွာရှိပါတယ်။ ထို များစွာသောမူဝါဒများမှ တခုအပါအဝင်ဖြစ်တဲ့ တပ်မတော်နှင့်ပြည်သူအကြားရင်ကြားစေ့နိုင်အောင် ဆောင်ရွက်ရေး သည်လဲတခုအပါအဝင်ဖြစ်ပါတယ် ။ နိုင်ငံရေးနဲ့ပတ်သက်လို့ပြောကြမယ်ဆိုရင် institution ကိုချန်ထားခဲ့လို့မရပါဘူး ။
မြန်မာနိုင်ငံရဲ့ institution သုံးရပ်က...
(၁) အုပ်ချုပ်သူ ပြည်ထောင်စုအစိုးရ
(၂) ကာကွယ်စောင့်ရှောက်သူ တပ်မတော် နဲ့
(၃) အုပ်ချုပ်ခံ ပြည်သူလူထု ပဲဖြစ်ပါတယ် ။

          နိုင်ငံတခုတည်ဆောက်တဲ့အခါ တပ်မတော်ဟာ မရှိမဖြစ် အခန်းကဏ္ဍတရပ်ကနေပါဝင်နေပြီး ကမ္ဘာပေါ်ရှိ မည်သည့်နိုင်ငံမှာမဆို တပ်မတော်ရဲ့အခန်းကဏ္ဍဟာ အရေးပါတဲ့ အစိတ်အပိုင်းတခု အဖြစ်ရှိနေခဲ့ပါတယ် ။ ယခုအခါ မြန်မာနိုင်ငံဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၁၇အရ တပ်မတော်မှ အာဏာကိုမဖြစ်မနေဝင်ရောက် ထိန်းကျောင်းပေးခဲ့ရပါတယ် ။ ထို့နောက်တော့ နိုင်ငံတော် စစ်ကောင်စီအစိုးရ လို့ဖွဲ့စည်းပြီး အာဏာကိုတည့်မတ် ထိန်းကျောင်းပေးခဲ့တာ အားလုံးအသိပင်ဖြစ်ပါတယ် ။

          ထိုသို့ဖွဲ့စည်းရာမှာ ဖက်ဒရယ်ပြည်ထောင်စုကို ဖေါ်ဆောင်လို့တဲ့ဦးတည်ချက်ကိုရှေးရှူပြီး စစ်ဖက် အရပ်ဖက် တိုင်းရင်းသား အဖွဲ့အစည်းများမှ ကျွမ်းကျင် အရည်အချင်းရှိသူတွေကို ခေါ်ယူနေရာပေးခဲ့တာ အားလုံးအသိပင်ဖြစ်ပါတယ် ။ ကျွန်တော်များ ပြည်သူ့ရှေ့ဆောင်ပါတီရဲ့ ဥက္ကဌကြီး ဒေါ်သက်သက်ခိုင်ကိုလည်း သဘောထားမေးမြန်းပြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီးအဖြစ် ခေါ်ယူတာဝန်ပေးခဲ့ပါတယ် ။ တကယ့်ကိုလူမှန်နေရာမှန်ရွေးချယ်မှုတစ်ရပ်ဖြစ်ခဲ့ပါတယ် ။

          ဘာကြောင့်တာဝန်ယူခဲ့သလဲ...?

           ကျွန်တော်တို့ ပြည်သူရှေ့ဆောင်ပါတီ ဟာ နိုင်ငံ့အရေးအတွက် စွမ်းစွမ်းတမံကြိုးပမ်းလိုတဲ့ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းခဲ့တဲ့ပါတီကြီးတခုဖြစ်ပါတယ် ။ အထက်မှာဖေါ်ပြခဲ့ပြီးဖြစ်တဲ့ တပ်မတော်နဲ့ပြည်သူအကြား ရင်ကြားစေ့ရေး မူဝါဒကို ဖေါ်ကျူးပြီး နိုင်ငံအတွက်ကျရာနေရာကတာဝန်ယူမယ်ဆိုတဲ့ ဥက္ကဌကြီးရဲ့ သဘောထားကို နားလည်သဘောပေါက်ဖို့လိုပါတယ် ။ ဥက္ကဌကြီး ဒေါ်သက်သက်ခိုင်လို လူစားအနေနဲ့ သူမရဲ့ ကိုယ်ပိုင်စီးပွားရေးနဲ့ လုပ်ငန်းဆောင်တာတွေဟာ များပြားလှသော်လည်း နိုင်ငံအရေးအတွက် တစ်ထောင့်တစ်နေရာက စွမ်းဆောင်လိုစိတ်ကို သိနားလည်ဖို့ လိုအပ်ပါလိမ့်မယ် ။

          တကယ်တမ်းတော့ ယနေ့တပ်မတော်ဆိုတာ institution သုံးရပ်အရ မရှိမဖြစ် အဖွဲ့အစည်းတစ်ရပ်ဖြစ်ပြီး မိမိနိုင်ငံသား ဆွေမျိုးသားချင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ရပ်ဖြစ်တယ်ဆိုတာ ပညာညဏ်မျက်စိနဲ့မြင်တတ်ဖို့လိုပါတယ် ။ ပြည်ပ ပယောဂအမှောင့်အဖျက်များကြောင့် တပ်မတော်အပေါ် အမြင်မှားနေတဲ့ ပြည်သူများ အဖို့ မိမိတို့ပညာ ညဏ်မျက်စိနဲ့ အမှန်တရားကို မြင်အောင် ကြည်နိုင်ပါစေလို့ဆန္ဒပြုရင်း တိုးတက်သော ဖက်ဒရယ်ပြည်ထောင်စုကြီးအဖြစ် ရှေ့ဆက်နိုင်ပါစေရန် တင်ပြလိုက်ရပါတယ် ။

Credit##ကိုရင်ချက်ကြီး