စာမရေးဖြစ်တာလည်း ကြာပါပြီ .. ။
ယနေ့လက်ရှိ ရှမ်းမြောက်ဒေသရဲ့ ဖြစ်လာနိုင်စရာရှိတဲ့ စစ်ရေး တိမ်တိုက်တွေက စိတ်မကောင်းဖွယ်ရာ ပိုလို့ ပိုလို့ အုံဆိုင်းလာပါတယ် .. ။
ယနေ့လက်ရှိမှာ MNDAA ကိုးကန့်အဖွဲ့က မုန်းကိုးဒေသတဝိုက်ကို ရအောင်ယူဖို့ ရည်မှန်းချက်ထားပြီး မရမက ကြိုးစားနေတာ တွေ့ရတယ် .. ။ MNDAA အဖွဲ့ကို အခြား TNLA ပလောင်တပ်ဖွဲ့ ၊ AA ရခိုင်အဖွဲ့တွေကပါ (တနည်း မဟာမိတ် ၃ ဖွဲ့ကပါ ) အင်ပြည့်အားပြည့် အထောက်အကူပြု ဝန်းရံပေးလာတာကို တွေ့လာတယ် .. ။
တမူထူးခြားတာက KIA ကပါ လားရှိုးမြို့ အရှေ့ခြမ်း မုံးယော် မုံးယား ဒေသမှာ MNDAA ကိုးကန့်က တပ်မဟာ အသစ်တစ်ခု လာဖွင့်တာကို လိုလိုလားလား လက်ခံပေးခဲ့တာပဲ .. ။ ဒီဒေသတွေက အရင်က KIA ရော TNLA တပ်တွေ ထွေးရောယှက်တင် လှုပ်ရှားနေတဲ့ ဒေသတွေ ဖြစ်ပါတယ် ။
MNDAA ဟာ ယခင်က တပ်မဟာ (၂၁၁ / ၃၁၁ / ၅၁၁ ) ဆိုပြီး တပ်မဟာ ၃ ခုပဲ ရှိရာက တပ်မဟာ(၆၁၁) ဆိုပြီး တပ်မဟာ တိုးချဲ့ဖွဲ့စည်းလာပါတယ် .. ။ ထူးခြားမှုက အဲဒီ တပ်မဟာ အသစ်ဟာ ကိုးကန့်စစ်သားတွေနဲ့ချည်း ဖွဲ့စည်းထားတာ မဟုတ်ဘဲ ရခိုင်နဲ့ ပလောင် လူမျိုးတွေပါ အများအပြား ပါဝင်နေတာကို တွေ့ရတယ် .. ။ ပြောရရင် လူမျိုး ၃ ခုပေါင်းပြီး တပ်ပေါင်းစု သဘော ဖွဲ့ထားတာမျိုးပါပဲ ။ ဒါပေမဲ့ ကိုးကန့်+ပလောင်+ရခိုင် စစ်သားတွေအားလုံးဟာ MNDAA ယူနီဖောင်းနဲ့ လက်မောင်းဘက်ပဲ သူတို့ တပ်ဆင်ထားကြပါတယ် .. ။
အင်အား ရာနဲ့ချီတဲ့ ရခိုင် AA တွေ ဟာ MNDAA ယူနီဖောင်း+လက်မောင်းဘက်တွေနဲ့ ရှမ်းမြောက်မှာ လှုပ်ရှားနေကြပါတယ် .. ။ ( ဒီအချက်ကို AA ခေါင်းဆောင် ဦးထွန်းမြတ်နိုင်ကိုယ်တိုင်လည်း Media interview တစ်ခုမှာ ဖြေကြားထားပါတယ် ) .. ။
AA ရဲ့ Reserve Force (အရန်တပ်) တွေကို မိုင်းလား NDAA ဒေသမှာ လက်ရှိ လေ့ကျင့်ပေးထားပြီး စုဖွဲ့နေဆဲ ဖြစ်ပါတယ် ။ ဒီ AA အရန်အင်အားတွေဟာ လွန်ခဲ့တဲ့ ၄ နှစ်ခန့်က (NLD အစိုးရ လက်ထက် ) စစ်တွေ - ရန်ကုန်-ကျိုင်းတုံ လေကြောင်းလိုင်းတွေနဲ့ မိုင်းလားကို အလုပ်သွားလုပ်မယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ နိုင်ငံသားမှတ်ပုံတင်တွေကိုင်ပြီး တရားဝင် ခရီးသွားခဲ့ကြတဲ့ သူပုန်လျောင်းလျာလေး လူငယ်လေးတွေ ဖြစ်ပါတယ် ။
ဒါကို ကြိုသိတဲ့ တပ်မတော် (ဒေသဆိုင်ရာစစ်ဖက်အာဏာပိုင်တွေ) ဟာ ရခိုင်လူငယ်အများအပြား ရန်ကုန်ကနေ ကျိုင်းတုံကို လေကြောင်းခရီးသွားလာမှုကို တားဆီးဖို့ ကြိုးစားခဲ့ဖူးပေမဲ့ အဲဒီအချိန် အုပ်ချုပ်ရေးအာဏာက NLD အစိုးရလက်ထဲမှာမို့ တားဆီးဖို့ မအောင်မြင်ခဲ့ပါဘူး .. ။ ဒီ ရခိုင်လူငယ်အဖွဲ့တွေဟာ မိုင်းလားမှာ လေ့ကျင့်ရင်း ယခုအခါမှာ AA ရဲ့ အဝေးရောက် တပ်တွေ ဖြစ်လာတယ် .. ။
MNDAA ရဲ့ တပ်မဟာ အသစ်ဟာ လားရှိုး အရှေ့ဖက်ခြမ်း မုံးယော်၊မုံးယားဒေသမှာ လှုပ်ရှားရင်း လားရှိုးနဲ့ မူဆယ်ကြား၊ (နောက်)လားရှိုးနဲ့ ချင်းရွှေဟော် လောက်ကိုင် ကြားက တပ်မတော်ရဲ့ ဆက်သွယ်ရေးလမ်းကြောင်း( Line of Communication ) ကို ဖြတ်တောက်ဖို့ ကြိုးစားလာတယ် .. ။
နောက်ပြီး အဲဒီဒေသဟာ ဝ ဒေသကနေ ရှမ်းမြောက်အနှံအပြားမှာရှိတဲ့ TNLA နဲ့ ကိုးကန့် MNDAA တပ်တွေဆီကို လက်နက်နဲ့ ခဲယမ်း သယ်ပို့ပေးရာ အရေးပါတဲ့ Main Blood vessel ဖြစ်လာတယ် ။
တဖန် စိတ်ဝင်စားစရာ ကောင်းတဲ့ အပြောင်းအလဲတစ်ခုက ..
ယခင်က KIA လေ့ကျင့်ပေးခဲ့တဲ့ TNLA ဟာ နောက်ပိုင်းမှာ KIA နဲ့ ခွာပြဲစ ပြုလာပါတယ် ။ အကြောင်းရင်းတွေကတော့ အမျိုးမျိုးပါပဲ .. ။
TNLA နဲ့ KIA လှုပ်ရှားရာဒေသတွေဟာ ရှမ်းမြောက်တခွင် Overlap Area တွေ ဖြစ်နေတော့ စီးပွားရေး ၊ စစ်ရေး အကျိုးအမြတ် အဝေမတည့်မှုတွေ ဖြစ်လာတယ်လို့ ယူဆရပါတယ် ။
( ဥပမာ - မူဆယ်လို ၁၀၅ မိုင်လို ဒေသကြီးတွေဟာ TNLA အတွက်ရော ၊ KIA အတွက်ပါ ဆက်ကြေးကောက်စရာ သွားရေတမြားမြား နေရာတွေချည်းပါဘဲ ... ။ ဒါ့ကြောင့် KIA ကလည်း TNLA ကို သူ့တပည့်ပါဆိုတဲ့ အမြင်မျိုးရှိသလို TNLA ကလည်း ကချင်က ငါတို့ဒေသကို လူလည်ကျနေတာများပြီ ဆိုတဲ့ အမြင်မျိုး ဝင်လာပုံရပါတယ် .. ။
ဒါကြောင့် သူတို့ကြား အမြင်ချင်း ပွတ်တိုက်မှုတွေ ဖြစ်လာရင်းကနေ နောက်ဆုံး TNLA ဟာ UWSA ဝ တပ်ဖွဲ့ကို လုံးဝ ဝင်လုံးလိုက်ပါတော့တယ် .. ။
TNLA က KIA ကို ခွာပြီး UWSA ကို ဘယ်လောက်ထိ ဝင်လုံးလိုက်သလဲဆို သူတို့ လက်မောင်းဘက်ကို UWSA လက်မောင်းဘက်အတိုင်း ပြောင်းလဲလိုက်ပါတယ် .. ။ UWSA ဆိုတဲ့ အင်္ဂလိပ်စာတန်းနေရာမှာ TNLA ဆိုတဲ့ english စာတန်းပြောင်းလဲ လိုက်တဲ့အထိပဲ .. ။
အရင်က TNLA ရဲဘော်တွေရဲ့ ဦးထုပ်ကို KIA ပုံစံ ထိပ်ပွလျှာထိုး(အစား) ယခု UWSA ဝ တပ်ဖွဲ့စတိုင် လျှာထိုးအမာ အဖြစ် ပြောင်းလဲ ပစ်လိုက်ပါတယ် .. ။ ဒါက KIA နဲ့ TNLA ကြားက အများသိပ်သတိမထားမိသေးတဲ့ အက်ကြောင်းလေးတွေပါ .. ။
UWSA ဝ ကျတော့လည်း မဟာဗျူဟာအကျိုးအမြတ်အရ TNLA လို ၊ AA လို ၊ MNDAA လို တပ်ဖွဲ့တွေရဲ့ ခေါင်းကိုင်ဖခင်ကြီးနေရာ နေရခြင်းက မြန်မာပြည်နိုင်ငံရေးမှာ သူ့ရဲ့ Power ပိုတက်စေသလို ....
စီးပွားရေး အရရော .. ၊ စစ်ရေးအရပါ သူ့အတွက် အကျိုးအမြတ် သိပ်ကြီးစေပါတယ် .. ။ သူထုတ်လုပ်တဲ့ လက်နက်နဲ့ခဲယမ်း ဖောဖောသီသီ ရောင်းရသလို မြန်မာ့တပ်မတော်(အစိုးရတပ်မတော်)ကို ဒီအဖွဲ့တွေနဲ့ မဆုံးနိုင်သော တိုက်ပွဲတွေနဲ့ အချိန်ကုန်စေခြင်းနဲ့ သူ့အတွက်အင်အားတည်ဆောက်လို့ ရတယ် ။
နောက်ပြီး မဟာဗျူဟာအရ နောက်တစ်ချက် ရှိပါသေးတယ် ။
Great Tai အယူအဆအရ " ရှမ်းလူမျိုးရှိတဲ့နေရာမှာ RCSS ရှိရမယ် " ဆိုတဲ့ အယူအဆနဲ့ ရှမ်းမြောက်အထိ ထိုးဖောက်လာတဲ့ RCSS ( ဦးရွက်ဆစ်) တပ်ဖွဲ့တွေ ရှမ်းမြောက်ကို ရောက်လာခြင်းက UWSA ဝ တပ်ဖွဲ့ အတွက် တကယ့်ဆူးအကြီးကြီး တစ်ချောင်းပါပဲ ။
စေ့စေ့တွေးကြည့်ရင် အကြောင်းရင်းက ထိုင်းရဲ့ လူဖြစ်တဲ့ RCSS တပ်ဖွဲ့ကို တရုတ်ရဲ့ လူဖြစ်တဲ့ UWSA က မကြည်လင်တာ မထူးဆန်းပါဘူး ။
ဒီနေရာမှာ ထိုင်းရဲ့နောက်က သူ့ရဲ့မဟာမိတ် အမေရိကန်ထိပါ လှမ်းရှုမြင်ဖို့ လိုသလို .. UWSA နောက်က တရုတ်ကြီးအထိပါ တွဲစပ်မြင်ဖို့ လိုအပ်ပါတယ် .. တရုတ်က သူ့နယ်စပ်နားအထိ အမေရိကန် Link ဖြစ်နေတဲ့ သူပုန်တပ်ဖွဲ့တစ်ခု ရောက်လာခြင်းကို ဘယ်နည်းနဲ့မှ မနှစ်မြို့ပါဘူး .. ။
နောက်ပြီး RCSS ရှမ်းမြောက်အထိ ရောက်လာခြင်းက TNLA ပလောင်ကရော ၊ SSA ဝမ်ဟိုင်းအတွက်ပါ အကျိုးစီးပွားထိခိုက်လာစေတဲ့အခါ TNLA+SSPP SSA နဲ့ RCSS ကြားက မဆုံးနိုင်တဲ့ ယနေ့ဖြစ်ပွားနေဆဲ့ နယ်မြေလု တိုက်ပွဲတွေ ဖြစ်လာစေပါတယ် .. ။
ဒါ့ကြောင့် ဒီတိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေကြား နယ်မြေလုတိုက်ပွဲတွေဟာ ရှမ်းမြောက်တစ်ခွင် ကျယ်ပြန့်လာတဲ့အခါ RCSS အတွက်ကလည်း တပ်မတော်နဲ့ အဆင်ပြေဖို့ လိုအပ်လာပါတယ် .. ။ ဒါမှ RCSS အတွက် စစ်မျက်နှာ ၂ ဖက် မညှပ်မှာ ဖြစ်ပါတယ် ။
နောက်ပြီး ရှမ်း(တောင်) လွိုင်တိုင်းလျှံ ဌာနချုပ် ကနေ ရှမ်း(မြောက်) နမ့်ခမ်းအထိ Logistics လမ်းကြောင်း ဖြန့်ရတဲ့ RCSS အတွက် ရေရှည်စစ်တိုက်ဖို့ လက်နက်နဲ့ ခဲယမ်းဖြည့်တင်းမှု ခက်ခဲလာတာကိုလည်း တွေ့လာရပါတယ် .. ။ RCSS ဟာ ကိုယ်ပိုင် လက်နက် ခဲယမ်း ထုတ်လုပ်နိုင်သူ မဟုတ်လို့ UWSA ထောက်ပံ့ပေးထားတဲ့ TNLA လို SSPP SSA လို ခဲယမ်း မဖောသီပါဘူး .. ။ ဒီအချပ်က RCSS ကို ရှမ်းမြောက်မှာ ချိနဲ့လာစေပါတယ် .. ။
တနည်း ရှမ်းမြောက် စစ်မျက်နှာတွေမှာ RCSS ဟာ သူအရင် ထိန်းချုပ်ထားတဲ့ တောင်ကုန်းတွေ ၊ နယ်မြေတွေကို တစ်စ တစ်စ စွန့်လွှတ်လာရတာကိုလည်း တွေ့လာရပါတယ် .. ။ ဆိုလိုတာက TNLA+SSPP SSA တပ်တွေက RCSS အပေါ် စစ်ရေး အရေးသာလာပါတယ် .. ။
နောက်ဆုံးအခြေအနေအထိ သီပေါနဲ့ကျောက်မဲကြား ဒေသတွေမှာ RCSS တပ်ဖွဲ့တွေဟာ တပ်ခွဲလက်နက်၊ တပ်ရင်းလက်နက်တွေရဲ့ ခဲယမ်းတွေ ပြတ်လပ်လာတာကိုလည်း ကြားသိနေရပါတယ် .. ။
နောက် - ရှမ်းမြောက်မှာ RCSS အရေးနိမ့်လာတဲ့အကြောင်းတစ်ရပ်က UWSA ဝ တပ်ဖွဲ့ ၂၀၀၀ လောက်ဟာ SSPP SSA (ဝမ်ဟိုင်း) ယူနီဖောင်းတွေ ဝတ်ဆင်ပြီး ဝင်ရောက် တိုက်ခိုက်ပေးလာတာပါဘဲ ... (ကျနော့်ရဲ့ ကြားသတင်း သာ ဖြစ်ပါတယ် ၊ confirm မဖြစ်ပါ ) ။
လေ့ကျင့်သား ပြည့်ဝတဲ့ UWSA စနိုက်ပါတွေကြောင့် RCSS တပ်ဖွဲ့တွေ ကျဆုံးမှုတွေ ရှိနေကြောင်း မြေပြင်သတင်းတွေကို ကြားသိနေရပါတယ် .. ။
RCSS အတွက် လက်ရှိအချိန်အထိ အမြတ်ကျန်နေဆဲကတော့ ရှမ်းမြောက် ရှမ်းလူထုရဲ့ အားပေးထောက်ခံမှုကို ဆက်လက် ရရှိနေဆဲဖြစ်ပါတယ် .. ။ ဘာလို့လဲဆိုတော့ ၂၀၁၂ နောက်ပိုင်း ရှမ်းအမျိုးသားရေးဝါဒကို အခြေခံပြီး စည်းရုံးထိုးဖောက်လာတဲ့ RCSS ကို ရှမ်းလူထုက ပိုမိုနှစ်ခြိုက်ပြီး SSPP SSA (ဝမ်ဟိုင်း) ကိုတော့ ရှမ်းလူထုတွေက အခြားလူမျိုးတွေနဲ့ပေါင်းပြီး ရှမ်းအချင်းချင်း ပြန်တိုက်ရပါ့မလား ဆိုပြီး ကြိတ်ပုန်းဒေါသတွေနဲ့ ရှမ်းလူမျိုး အများအပြားက ယူဆနေကြလို့ပါဘဲ ... ။
ဆိုလိုတာကတော့ ရှမ်း ၂ ဖွဲ့ ချနေခြင်းမှာ RCSS ကို မင်းသားအဖြစ်မြင်ပြီး .. အခြားလူမျိုးတွေနဲ့ ပေါင်းတိုက်နေတဲ့ SSPP SSA ကို လူကြမ်းအဖြစ် ရှမ်းလူထုက ရှုမြင်ပါတယ် ... ။
ဒါကြောင့် TNLA + SSPP SSA ပူးပေါင်းတပ်တွေဟာ UWSA အကူအညီနဲ့ RCSS ကို ရှမ်းမြောက်က အပြီးတိုင် တိုက်ထုတ်ဖို့ ကြိုးစားနေတာကို တွေ့ရပေမဲ့ RCSS ဖက်က ရှမ်းလူထု ထောက်ခံမှု ကျန်နေသေးတာမို့ လွယ်ကူမယ်တော့ မထင်ပါဘူး ... ။
အဲ့တော့ .. ပြန်ချုပ်ရရင် MMDAA ဟာ သူ့ဌာနချုပ် ဟုန်အိုင်မှာ နေရတာနဲ့ မတင်းတိမ်တော့ဘဲ မုံးကိုး၊ ဖောင်ဆိုင်ဒေသ ကို သူ့ရဲ့အုပ်ချုပ်ရေးနယ်မြေအဖြစ်ထူထောင်ဖို့ အပြင်းအထန်ကြိုးစားလာနေပါတယ် ... ။ ဒီအချက်ကို ချိုးဖျက်မဲ့ တပ်မတော်ကို လားရှိုး အထွက်ကနေ စလို့ တပ်မတော်ရဲ့ LOC လမ်းကြောင်းကို ဖြတ်တောက် တိုက်ခိုက်ဖို့ အတွက် တပ်မဟာ အသစ်တစ်ခု ဖွဲ့ပြီး စနစ်တကျ လုပ်ဆောင်လာတာ တွေ့ရပါတယ် .... ။ MMDAA တပ်မဟာ အသစ် ၆၁၁ မှာ ကိုးကန့်၊ ပလောင်၊ရခိုင် လူမျိုးတွေ စုပေါင်းထားတာ တွေ့ရပါတယ် .... ။
TNLA ကတော့ သူ့ဆရာရင်း KIA ကို ခွာပြဲလာပြီး UWSA နဲ့ လုံးဝ ပေါင်းသွားတာ တွေ့ရပါတယ် .. ။ (ကျနော့်အမြင်အရ ဘယ်လောက်ထိ မှန်းတွေးထားလဲဆိုရင် နောင်အနာဂတ်မှာ KIA နဲ့ TNLA ကြား သေနတ်ပေါက်လိမ့်မယ် ဆိုတဲ့ အထိကို မှန်းပါတယ် ။ မှားကောင်းလည်း မှားနိုင်ပါတယ် ။ )
နောက်တချက်က TNLA လှုပ်ရှားရာ ဒေသတွေဟာ ရှမ်းလူမျိုး ၊ ပလောင်လူမျိုး ရောနှော နေထိုင်တဲ့ ဒေသတွေ များပါတယ် ။ TNLA အောက်ခြေတပ်တွေကြား ရှမ်းရွာကို ပုံစံတမျိုး ၊ ပလောင်ရွာကို ပုံစံတမျိုး ခွဲခြားဆက်ဆံတာမျိုးတွေ များပြားတာမိုလို့ .. အောက်ခြေ ရှမ်းလူထုကြား TNLA ကို ကြမ်းကြုတ်ကြောင်း လူပြောများလာတာ တွေ့ရပါတယ် ။ အနီးစပ်ဆုံး ဥပမာကတော့ နမ့်ခမ်းဈေးတဲ့လာတဲ့ TNLA တပ်ဖွဲ့ဝင် ၂ ယောက်ကို ဈေးထဲတင် ပစ်သတ်ခံလိုက်တာမျိုး မကြာသေးခင်က ဖြစ်ပျက်တာကို တွေ့ရပါတယ် .. ။ ဒါကြောင့် TNLA ဟာလည်း တချိန်မှာ ရှမ်းလူထုနဲ့ ဆက်ဆံရေး ပျက်စီးလာတာမျိုး ဖြစ်လာနိုင်စရာ ရှိပါတယ် .. ။
SSPP SSA (ဝမ်ဟိုင်း) အဖွဲ့ကတော့ TNLA နဲ့ ဝ တပ်ဖွဲ့တွေ ကူတိုက်ပေးလို့ ရှမ်းမြောက်မှာ RCSS ဆီက သူ့နယ်မြေတွေ ပြန်ထိန်းချုပ်လာနိုင်သော်လည်းပဲ .. ရှမ်းလူထုကြား ဗီလိန်ဘဝ တဖြည်းဖြည်း ရောက်လာနေပါတယ် .. ။ နောက်ဆုံး သူ့ခမျာ နမ့်ခမ်းမှာ SSPP ကို နမ့်ခမ်း ရှမ်းလုထုက သူ့ကို ဆန္ဒပြတဲ့အထိကို စည်းရုံးရေးပျက်သွားပါတယ် ။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ခုကို သူ့လူမျိုးတွေကပဲ ပြန်ဆန္ဒပြတယ်ဆိုတာ တကယ့် ရှားရှားပါးပါးပါးဖြစ်ရပ်မျိုးပါဘဲ ... ။
နောက်ပြီး TNLA တပ်ဖွဲ့အချို့ရဲ့ အနိုင်ကျင့်ခြင်းခံရတဲ့ ရှမ်းလူထုကြား SSPP SSA က ဝင်ရောက် ကာကွယ်မပေးနိုင်ပဲ RCSS ကပဲ ဝင်တိုက်ပေးတဲ့အခါ ရှမ်းလူထုရဲ့ favour က RCSS ဆီကို တိမ်းညွှတ်သွားတာကို လေ့လာတွေ့နေရပါတယ် .. ။
AA ကတော့ နိုင်ငံတဝှမ်းရဲ့ အလယ်ပိုင်း၊ မြောက်ပိုင်းနဲ့ အရှေ့ခြမ်း တကြောမှာ တိုက်ပွဲပေါင်းများစွာနဲ့ အလုပ်ရှုပ်နေတဲ့ မြန်မာ့တပ်မတော်ကို အနောက်ခြမ်းကနေ ဝမ်းမြောက်ဝမ်းသာ ထိုင်ကြည့်နေရင်း ရခိုင်ပြည်မှာ သူ့အင်အားကို ငြိမ်ငြိမ်လေး တည်ဆောက်နေပါတယ် ။
သူရဲ့ အဝေးရောက် AA တပ်ဖွဲ့တွေကိုလည်း အင်အား ၂၀၀၀ လောက် ရှမ်းမြောက်ဒေသနဲ့ မိုင်းလားမှာ စုဖွဲ့တည်ဆောက်ရင်း သူ့လူမျိုး အနာဂတ်ကို လွတ်လပ်ရေးအထိ မျှော်မှန်းနေတာကို တွေ့ရပါတယ် .. ။
UWSA ကတော့ ရှင်းပါတယ် .. ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား လုံးဝ ဆရာကြီး Level ရောက်သွားပြီ ဖြစ်တဲ့အတွက် သူကိုယ်တိုင် စစ်တိုက်တာမျိုး ၊ သူ့ဒေသ စစ်အဖြစ်ခံတာမျိုး လုံးဝ အဖြစ်မခံတော့ပါဘူး ။ စစ်တိုက်တဲ့အဖွဲ့တွေကို လက်နက်ရောင်းပေးတာ ၊ စီးပွားရေးအကူအညီပေးတာ စသဖြင့် ဒါမျိုးတွေနဲ့ Backup Supportor Role ကနေ သူ့ရဲ့ ဩဇာကို ပိုမိုတည်ဆောက်လာပါတယ် ... ။
သူ့ရဲ့ လက်နက်ရောင်းအားက SSA လို TNLA လို MNDAA လို အဖွဲ့တွေဆီတင် မကတော့ဘဲ မြန်မာပြည်တောင်းပိုင်းက KNPP နဲ့ KNU တပ်တွေဆီအထိပါ UWSA လက်နက်တွေ ပျံ့နှံ့လာတာကို တွေ့လာရပါတယ် ။ ဝ ဒေသထုတ် 7.62 mm :39 ကျည်ဆံတွေကို မြန်မာပြည်တကြော အနှံအပြား တွေ့လာရခြင်းဟာ အနာဂတ်ဆင်ခြင်ရမဲ့ ထူးခြားမှု တစ်ခုပါဘဲ .. ။
NDAA မိုင်းလားအဖွဲ့ကလည်း သာမန်အားဖြင့် ငြိမ်သက်နေတာ တွေ့ရပါတယ် ။ ဖွံ့ဖြိုးတိုးတက်ပြီးသား သူ့ဒေသကို စစ်အဖြစ်မခံတော့ဘဲ နောက်ကွယ်က အားပေးကူညီတဲ့ Support role နဲ့ ပဲ နေပါတော့တယ် ။
ပိုမိုထူးခြားတာက မိုင်းလား ခေါင်းဆောင် ဦးစိုင်းလင်းနဲ့ MNDAA ခေါင်းဆောင် ဖုန်တာရွှင်ဟာ သမီးယောက်ဖ အရင်းတွေ ဖြစ်တဲ့အတွက် .. မိုင်းလား NDAA ရဲ့ အားပေးကူညီမှုက MMDAA အပေါ် ပိုမိုနေပါလိမ့်မယ် ။
နောက်ဆုံး ထူးခြားချက်အနေနဲ့ သတိထားမိတာ တစ်ခုကတော့ ...
မြန်မာပြည် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကြား သက်ကြီးခေါင်းဆောင်တွေဟာ တဖြည်းဖြည်း အနားယူဖို့ ပြင်ဆင်လာကြပြီး လူငယ် ပညာတတ်ခေါင်းဆောင်တွေဆီကို သူတို့ လက်နက်ကိုင်တပ်ဖွဲ့တွေကို လွှဲပြောင်းအပ်နှံဖို့ ပြင်ဆင်လာကြပါတယ် .. ။
TNLA ပလောင်တပ်ဖွဲ့ရဲ့ ခေါင်းဆောင်မှုကို လူငယ်ပညာတတ်တွေကပဲ ဦးဆောင် စီမံပြင်ဆင်လာကြပါတယ် ။ UWSA ခေါင်းဆောင် ဦးပေါက်ယူချန်းဟာလည်း အိုမင်းမစွမ်း ဖြစ်လာပြီ ဖြစ်တဲ့အတွက် သူ့ရဲ့တူဖြစ်သူ အသက် ၃၀ ကျော်အရွယ် ပေါက်ချန်ဆီကို ခေါင်းဆောင်မှု လွှဲပြောင်းဖို့ ပြင်ဆင်လာတာကို တွေ့ရပါတယ် .. ။
MMDAA ကတော့ ဦးဖုန်ကြားရှင်ကြီးက အသက် ၁၀၀ နီးပါး အိုမင်းနေပြီ ဖြစ်တဲ့ အတွက် သူ့သား ဖုန်တာရွှင်ကပဲ ခေါင်းဆောင်နေတာ ကြာပါပြီ ။ ယခု ဖုန်တာရွှင်ဟာ သူကိုယ်တိုင်လည်း အသက်အရွယ် ရလာပြီမို့ သူ့သား ဆီကို ခေါင်းဆောင်မှု လွှဲပြောင်းဖို့ စီမံလာတာ တွေ့ရပါတယ် .. ။
AA ကတော့ စ ဖွဲ့လာကတည်းက ခေါင်းဆောင် ၂ ယောက်က လူငယ်ပညာတတ်တွေမို့ အထူးပြောစရာ မရှိပါဘူး ။ RCSS ကိုလည်း ဦးရွက်ဆစ်ကြီးဟာ အိုမင်းလာပြီ ဖြစ်လို့ လူငယ်ပညာတတ်တွေ အများအပြားကို ခေါင်းဆောင်မှု လေ့ကျင့်ပေးလာတာကို တွေ့ရပါတယ် ... ။ SSPP ခေါင်းဆောင် ဦးပန်ဖကြီးဟာလည်း အိုမင်းလာပြီး လူငယ်ပညာတတ်တွေ မွေးမြူလာတာ တွေ့ရပါတယ် .. ။
ကျနော် စုပေါင်းတင်ပြခဲ့တဲ့ ဒီအချက်တွေဟာ ကျနော့်ရဲ့ ကိုယ်တိုင်ပြင်ပလေ့လာမှုနဲ့ ဒေသပေါင်းစုံက မိတ်ဆွေတွေဆီက သတင်းစကားပေါင်းစုံအပေါ် စုပေါင်း သုံးသပ်ရေးသားထားခြင်းပဲ ဖြစ်ပါတယ် .. ။ ဗဟုသုတ အနေနဲ့ သာ စုပေါင်း သုံးသပ်ရေးသားခြင်း ဖြစ်ပါတယ် ။
မြန်မာပြည် လက်နက်ကိုင် အရေးကတော့ စေ့စေ့တွေးလေ ရင်လေးစရာပါဘဲ .. ။ မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ ၊ လက်နက်ကိုင် တိုက်ပွဲတွေ ပပျောက်ပါစေ ။ 🙏🙏🙏
လင်းထင်မောင်မောင်
30.1.2022 Sunday