Sunday, January 16, 2022

အလွှာ... 🍁


PR စနစ်နဲ့ ပတ်သက်ပြီး လူမျိုးခြားတွေ လွှတ်တော်ထဲရောက်လာမှာကို ဘယ်လိုကြိုပြင်မလဲ - ဆိုတာနဲ့ ပတ်သက်ပြီး ဒါကပေးကို ပေးရမယ့် အခွင့်အရေးလို့ ဖြေသွားကြောင်း သိလိုက်ရပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးအရ အပြုသဘောဆောင်တဲ့ဘက်က ရေးတဲ့ အရေးအသားတချို့လည်း တွေ့ရတယ်။ 

NLD လွှတ်တော်သက်တမ်းကာလမှာလည်း လူမျိုးခြားတွေ လွှတ်တော်ထဲဝင်လာတော့မယ့်ထိ ဖြစ်ခဲ့ပြီး (NLD ထောက်ခံသူတွေက ကြိုဆိုခဲ့တာကလွဲလို့) အမျိုးသားရေးအင်အားစုတွေက ဝေဖန်ခဲ့ကြတာတွေရှိတော့ ဒါကိုသာ အတည်ပြုရင် အဘတို့လည်း မြွေဖမ်းတာပါ။ သို့သော် အစွမ်းအစသာ ရှိရင် မြွေသာမက နဂါးလည်းဖမ်းပါ။ ကိစ္စမရှိပါဘူး။ 

ကျွန်တော်ကတော့ စိတ်ဝင်စားပါတယ်။ ဒီအရွေ့ကနေတဆင့် ဘာတွေဆက်ဖြစ်လာမလဲပေါ့။ 

ပထမဆုံး တွေးဖြစ်တာက... The Glass Ceiling ပါ။ 

The Glass Ceiling - တိုက်ရိုက်ဘာသာပြန်ရင်တော့ ဖန်သားမျက်နှာကြက်ပေါ့။ မမြင်ရပေမဲ့ ရှိနေတဲ့ အတားအဆီး။ လူ့အဖွဲ့အစည်းမှာ ဥပဒေတစ်ခုလို ချရေးမထားပေမဲ့ အများက အလိုအလျောက် လက်ခံနားလည်ထားပြီးဖြစ်နေတဲ့ အတားအဆီးကို ဆိုလိုတယ်။ အမျိုးသမီးတွေနဲ့ လူနည်းစု အုပ်စုဝင်တွေကြုံရတတ်တယ်။ 
ဥပမာ - ယောက်ျားလေးရော၊ မိန်းကလေးပါ ဆေးတက္ကသိုလ်တက်ခွင့်ရှိတာချင်း တူပေမဲ့ အမှတ်ဖြတ်တဲ့အခါ အခွင့်အရေးမတူတော့သလိုပေါ့။ 
ဒီလို အတားအဆီးတွေရှိတယ်။ အပေါ်ယံမှာ အခွင့်အရေးတူသလိုနဲ့ တကယ်တမ်းမတူဘူး။ 

အဲဒါက လူနည်းစုအုပ်စုဝင်တွေအပေါ်ကိုပါ သက်ရောက်တယ်။ ဥပဒေအရ အခွင့်အရေးပေးသည့်တိုင်အောင် မဲရနိုင်ခြေနည်းတဲ့အခါ ဘာရလဒ် ရလာမလဲ။ စိတ်ဝင်စားစရာပါ။ 

နောက်တစ်ခုက အမေရိကန်စနစ်... Deep State.. 
အမေရိကန်ပြည်ထောင်စုက အများအမြင်မှာ ဒီမိုဘိုးအေကြီးလို ဟန်ဆောင်နေတယ်။ အမေရိကန်နိုင်ငံသားတွေဟာ ဘယ်လိုအခွင့်အရေးရတယ်။ အိုဘားမားလို လူမည်းလည်း သမ္မတဖြစ်တယ် ပေါ့။ 

သို့သော် အမေရိကန်မှာ လူအများက ကြိုက်တိုင်း Popular Vote နဲ့ သမ္မတမဖြစ်ပါဘူး။ Electoral College ကို ကျော်ဖြတ်ရပါတယ်။ အမေရိကန်သမ္မတရွေးကောက်ပွဲတိုင်းမှာ သူတို့ဘာသာသူတို့ မဲ ဘယ်နှသန်းရလဲ ကျွန်တော်တို့ စိတ်မဝင်စားဘူး။ Electoral College ကိုပဲ ကြည့်ပါတယ်။ 

ဒီလို အထိန်းအကွပ်တွေများ ဆက်ရှိလာမလား ပေါ့။ ဒီထက်ပိုစိတ်ဝင်စားတာက Deep State...
အခု PR စနစ်နဲ့ ရွေးကောက်ပွဲမှာ လူမျိုးခြားတွေကိုပါ ပါဝင်ခွင့်ပြုမှာထက် အဲဒါကို သဘောတူလိုက်တာက အာဏာထိန်းကာလကြီးမှာဖြစ်နေတာက ပို ထူးခြားပါတယ်။ အမျိုးသားအကျိုးစီးပွားကို ထိပါးမခံတဲ့ တပ်မတော်က ဒါကိုမတားဘူးဆိုတော့ကာ အသွင်သစ်နဲ့ ထိန်းကျောင်းမှာမို့ဖြစ်တယ်လို့ ယူဆတယ်။ 

NLD ပါတီက ရွေးကောက်ပွဲကို သပိတ်မှောက်လို့ဖြစ်စေ၊ ပါတီဖျက်ခံရလို့ဖြစ်စေ မပါဝင်တော့တဲ့အခါ အဲဒါကို အစားထိုးနိုင်မယ့် အာရုံလှည့်စားမှုတစ်ခုလည်း ဖြစ်နိုင်ပါတယ်။ လာမယ့်ရွေးကောက်ပွဲဟာ လူ့အခွင့်အရေးစံနှုန်းနဲ့ ပိုမိုညီညွတ်ပါတယ်ပေါ့။ 

ဒီတော့ ...

‌- လောလောဆယ်အထိတော့ လူမျိုးခြားတွေပါ ရွေးကောက်ခံခွင့် ရှိတာ၊ မရှိတာကို ကျွန်တော် ဘာမှမဝေဖန်ပါဘူး။ 

- ဖြစ်စဉ်တစ်ခုလုံးက The Glass Ceiling လို မမြင်ရတဲ့ အတားအဆီးတွေရှိနေနိုင်ပါတယ်။ ထို့အတူ တပ်မတော်ကလည်း ရအောင် ထိန်းကျောင်းဖို့ လိုပါတယ်။ 

- အပေါ်ယံမှာ ဒီမိုကရေစီအပြည့်ပေးထားသလိုနဲ့ နောက်ကွယ်က ကြီးကြီးမားမား ထိန်းချုပ်တယ်ဆိုတာ နိုင်ငံရေးမှာ အဆန်းတော့မဟုတ်ပါဘူး။ 

- သို့သော် ကြီးကြီးမားမား ကန့်ကွက်ခံရနိုင်တာကိုလည်း ကြိုပြီး ပြင်ဆင်ထားဖို့လိုပါတယ်။ ဝေဖန်သံတွေ ပြင်းထန်လာနိုင်ပါတယ်။ 

ကျွန်တော့်တစ်ယောက်စာကတော့ ဘာမှမဝေဖန်သေးဘဲ စောင့်ကြည့်နေဦးမှာပါ။ 

အစွမ်းအစသာရှိရင် မြွေပဲမဟုတ်ပါဘူး။ နဂါးကိုလည်း ဖမ်းချင်ဖမ်းပါ။ 
ထိန်းချုပ်နိုင်ဖို့ပဲ လိုတာပါ။ 

သန့်နေစိုး (15. Jan. 2022)
*
*
*