Sunday, January 16, 2022

တောင်ပိုင်းသား အလိုတော်ရိများ 🍁


တပ်မတော်က လေကြောင်းပစ်ကူသုံးတာဟာ တပ်ဘက်က အထိနာနေလို့ဖြစ်ပြီး အဲဒီလို စစ်အင်အား အသာစီးနဲ့တိုက်ခိုက်ခဲ့တဲ့ အမေရိကန်တပ်တွေလည်း ဗီယက်နမ်မှာ မည်သို့မည်ပုံ ရှုံးခဲ့ကြောင်း.... မိုတီ‌ဗေးရှင်းတစ်ပုဒ် ဖတ်လိုက်ရတော့ ... စာရေးချင်မိပြန်ပါတယ်။ 

ဗီယက်နမ်ဆိုတာ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ ဖြစ်တဲ့အပြင် ကျွန်တော်တို့နဲ့လည်း မစိမ်းတဲ့ နိုင်ငံတစ်ခုပါ။ ဗီယက်နမ်စစ်နောက်ခံ ဘာသာပြန် စာအုပ်တွေကလည်း များတော့ အထူးမိတ်ဆက်ဖို့တောင် မလိုပါဘူး။ သို့သော်...
မြန်မာ့တပ်မတော်ကို အမေရိကန်စစ်တပ်နဲ့နှိုင်းပြီး PDF အကြမ်းဖက်သမားတွေကို ဗီယက်ကောင်းတွေလိုလို ဂုဏ်တင်ထားတာတွေ့တော့ နည်းနည်း ပြောရပါဦးမယ်။ 

ပထမဆုံးပြောချင်တာက ဗီယက်ကောင်း (Viet Cong) တွေရဲ့ ရဲစွမ်းသတ္တိနဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကို မြန်မာပြည်က အပေါစားအကြမ်းဖက်တွေနဲ့နှိုင်းပြီး မစော်ကားပါနဲ့။ နောက်ခံမတူပါဘူး။ 

အရိုးရှင်းဆုံး Britannica ကိုပဲ ကိုးကားပြီး ပြောရရင် - 
(၁၉၅၄ - ၇၅) ထိ ဖြစ်ခဲ့တဲ့ ဗီယက်နမ်စစ်ပွဲ (Vietnam War) ဆိုတာ မြောက်ဗီယက်နမ်က ကွန်မြူနစ်အစိုးရနဲ့ သူတို့ရဲ့ တောင်ပိုင်းမဟာမိတ် ဗီယက်ကောင်းတွေပေါင်းပြီး တောင်ဗီယက်နမ်အစိုးရနဲ့ သူ့ရဲ့ပင်မ မဟာမိတ် အမေရိကန်တွေကို တွန်းလှန်တဲ့စစ်ပွဲဖြစ်ပါတယ်။ 
(ကျွန်တော်တို့ တပ်မတော်နဲ့ နိုင်ငံသားတွေ ပူးပေါင်းပြီး အနောက်မျှော်မဲခိုးအစိုးရနဲ့ အကြမ်းဖက်တွေကို အံတုကြသလိုပေါ့) 

အမေရိကန်ဟာ တောင်ပိုင်းအုပ်စုရဲ့ အဓိက မဟာမိတ် (Principal Ally) ဖြစ်ပါတယ်။ ဗီယက်နမ်မှာ‌တော့ အဲဒီ စစ်ပွဲကို "အမေရိကန်စစ်ပွဲ" လို့လည်း ခေါ်ကြပြီးတော့ အပြည့်အစုံကတော့ (အမေရိကန်တွေဆီကနေ တိုင်းပြည်ကိုပြန်ကယ်ရတဲ့စစ်ပွဲ - War Against the Americans to Save the Nation) ဖြစ်ပါတယ်။ ထုံးစံအတိုင်း စစ်အေးတိုက်ပွဲကာလရဲ့ သက်ရောက်မှုတွေလည်း ပါတာပေါ့။ 

ရိုးရိုးလေးပဲတွေးကြည့်ပါ။ အမေရိကန်လက်ဝေခံတွေအောက်ကနေ တိုင်းပြည်ကိုကယ်ရမှတော့ စည်းလုံးညီညွတ်ကြပြီပေါ့။ အမေရိကန်နဲ့ အနောက်အုပ်စုကို UN လာပါ၊ US လာပါ လုပ်နေတဲ့ အုပ်စုကပဲ သူတို့ကိုယ်သူတို့ ဗီယက်ကောင်းအိပ်မက် မက်နေတော့... တန်ရာပဲ မှန်းပါပေါ့...

အကြမ်းဖက်အုပ်စုနဲ့ အဲဒီ အကြမ်းဖက်တွေအတွက် မိုတီရေးနေတဲ့လူတွေ မမေ့သင့်တာက "ဘုံရန်သူ" (Common Enemy) ဆိုတဲ့‌သဘောတရားကို နားလည်ဖို့လိုပါတယ်။ ကိုယ်နဲ့အကြိုက်မတူတိုင်း ရန်လုပ်နေတဲ့လူတွေက ဗီယက်ကောင်းတွေလို လူထုထောက်ခံမှုရချင်ရင် (ဆုတောင်းပါ) 

CDM လို Non Violence လှုပ်ရှားမှုကိုတောင် ကြမ်းတမ်းတဲ့အသွင်ဖြစ်အောင် Social Punishment ပါ ပေါင်းထည့်ပြီး အမြင်မတူသူတွေကို နှိပ်ကွပ်ခဲ့တာပါ။ အဲဒါကြောင့်လည်း မအောင်မြင်ခဲ့တာ။ ပြည်သူက တင်ကျွေးမှာပါ - ဆိုတာကြီး အခုတော့ ဘယ်ရောက်သွားပြီလဲ။ 
ဝန်ထမ်းတွေ ဘဝပျက်ပြီး မိသားစုတွေ ဒုက္ခရောက်တာပဲ အဖတ်တင်တယ်။ အခုဆို ဗုံးလာပစ်တဲ့ CDM တဖြစ်လဲ PDF ကို အရပ်ကတောင် ဆွမ်းကြီးလောင်း၊ ဝိုင်းဖမ်းကြပြီမဟုတ်လား....

ဒါလား... ပြည်သူတစ်ရပ်လုံးထောက်ခံတဲ့ တော်လှန်ရေး။ 

စိတ်ကူးယဉ်တာလည်း တော်ရုံပဲကောင်းသလို မိုတီပေးရင်လည်း ယုတ္တိရှိရှိပဲ ဖြစ်သင့်ပါတယ်။ မဟုတ်ရင် ကြည့်ရတာ အပေါစားဆန်တယ်။ 

တောခိုတဲ့လူကသေ၊ ငါတို့နိုင်နေပြီအော်ရင်း ပြေး၊ ကျည်လွတ်မြေကနေ မိုတီတွေပေးပုံက အကြမ်းဖက်နဲ့ နီပိတ်ဆိုတာ စိတ်ဓာတ်ကအစ စစ်တပ်ထက် သာသတဲ့... ဟုတ်လား...

လက်နက်ရှိမှ‌ သွေးကြွတဲ့လူတွေထက် လက်နက်မပါဘဲ ရုံးတက်ရဲတဲ့လူတွေက စိတ်ဓာတ်ပိုင်းဆိုင်ရာ အဆ ရာထောင်မက သာတယ်။ 

မဟုတ်တမ်းတရားတွေနဲ့ ဖိနှိပ်စွပ်စွဲ ဖယ်ကြဉ်ခံရပေမဲ့ အကြောက်တရားကို ကြံ့ကြံ့ခံ အံတုနေကြတဲ့ နိုင်ငံသားတွေဟာ ဖိနှိပ်သူ အကြမ်းဖက်တွေထက် မယှဉ်နိုင်အောင်သာတယ်။ 

စိတ်ဓာတ်ပိုင်းဆိုင်ရာ သာလို့ပဲ အကြမ်းဖက်တွေ ခြိမ်းခြောက်တဲ့ကြားက ကလေးတွေကျောင်းတက်နေကြတယ်။ 
"ဘာပဲဖြစ်ဖြစ် ကျွန်မကလေးကို ကျောင်းပို့မှာပဲ။ ပညာသင်တာ ဂုဏ်ငယ်စရာမဟုတ်ဘူး။ မတော်လို့ "အုန်း" ဆိုလည်း ပညာသင်ရင်းဖြစ်တာ၊ ကလေကချေလုပ်ရင်း ဖြစ်တာမဟုတ်ဘူး" ဆိုတဲ့ ကလေးမိဘတွေရဲ့ ခံယူချက်ကို အကြမ်းဖက်တွေ နားလည်လား။ 

ကလေးတွေကို ကျောင်းရှေ့ထိ စာအိတ်တွေလိုက်ဝေလို့ ကန့်ကွက်တဲ့ပြည်သူတစ်ယောက်ရဲ့ Live Video ကို ကြည့်ဖူးလား။ 

အဖိုးမတန်တဲ့လုပ်ရပ်တွေလုပ်ပြီး နိုင်ငံတစ်ဝှမ်းက သောင်းသောင်းဖျဖျ ထောပနာပြု ပူးပေါင်းထောက်ခံဖို့ မျှော်လင့်နေသေးတာလား။ 
ဓာတ်တူနာမ်တူ လူယုတ်မာအချင်းချင်း သတင်းတုနဲ့ မိုတီယူနေရရင် တော်ရောပေါ့။ 

ကျွန်တော်တို့ကတော့ရှင်းပါတယ်။ 

ဒေါ်လာတွေ ရွှေတွေမပါတဲ့ နိုင်ငံအတွက် စေတနာ သန့်သန့်နဲ့ မဲသူခိုးတွေကို ဖြုတ်ချခဲ့ကြတယ်။ အဲဒီလိုမှ မဖြုတ်ချရင် ရွေးကော်ကို အိတ်ထဲထည့်ပြီး တက်လာတဲ့အစိုးရတိုင်း မဲခိုးနေမှာပေါ့။ မဲသူခိုးပါတီ ထင်တိုင်းကြဲတာကို လွှတ်တော်ထဲဝင်လို့မရတော့တဲ့ အတိုက်အခံတွေက ငပေါတွေလို ထိုင်ကြည့်နေရတာထက်စာရင် ဘာပဲဖြစ်ဖြစ် ဖြုတ်ချပစ်မယ်။ 

ဒါမှလည်း မျှတတဲ့ ဒီမိုကရေစီစစ်စစ် အသက်ဝင်လာလိမ့်မယ်။ 
ကျန်တဲ့လူတွေမပြောပါဘူး။ ဒေါက်တာညိုညိုသင်းလိုလူတောင် မဲဆန္ဒစာရွက်ထဲ နာမည်မပါဘဲ ဆွေမျိုးတစ်သိုက် မဲဝိုင်းထည့်ကြတာတောင် ရလဒ်မှာ ဘဲဥမကွဲတဲ့ ဦးကျော်ဇေယျတို့လိုလူတွေကတော့ ငှက်ပါတီစပွန်ဆာနဲ့ ဒီမိုကရက်တစ် ရွေးကောက်ပွဲကို ရယ်နေလိမ့်မယ်။ 

ပြောရရင်တော့ .... ဒီလိုပါပဲ....
အနောက်အုပ်စုနောက်ခံနဲ့ တောင်ပိုင်းသား အလိုတော်ရိတွေကို ကျွန်တော်တို့ဖြုတ်ချခဲ့ကြတယ်။ Viet Cong တွေလို သမိုင်းက မှတ်တမ်းတင်ပါလိမ့်မယ်။

သန့်နေစိုး (11. Jan. 2022)
*
*
*