Tuesday, January 4, 2022

ဘိုးဘွားအမွေအနှစ် လွတ်လပ်ရေးနှင့် လက်ဆင့်ကမ်းတာဝန်


နိုင်ငံတစ်နိုင်ငံ၏ လွတ်လပ်ရေးနေ့ ကျင်းပရခြင်းမှာ လွတ်လပ်ရေးနေ့သမိုင်းအား နောင်လာနောက်သားများ နားလည်သိရှိစေရန်၊ လွတ်လပ်ရေး၏ အနှစ်သာရကို တန်ဖိုးထားတတ်စေရန်နှင့် လွတ်လပ်ရေးကို လက်ဆင့်ကမ်း တာဝန်ယူနိုင်ရန် ရည်ရွယ်ကျင်းပလေ့ရှိကြပါသည်။

၇၄ နှစ်တိုင်ခဲ့လေပြီ
---------------
မြန်မာ့လွတ်လပ်ရေးရရှိခဲ့သည့် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ရောက်တိုင်း လွတ်လပ်ရေးနေ့ ကျင်းပလာခဲ့သည်မှာ ယနေ့ဆိုလျှင် နှစ်ပေါင်း ၇၄ နှစ်ရှိချေပြီ။ နိုင်ငံအတွက် အရေးပါလှသော လွတ်လပ် ရေးအောင်ပွဲနေ့ကို မျက်မြင်ကိုယ်တွေ့ကြုံခဲ့၊ မီခဲ့သူမှာ ယခုဆိုလျှင် လွန်စွာနည်းပါး နေပြီဖြစ်သည်။ ယနေ့အသက် ၇၄ နှစ်ရှိသူသည်ပင်လျှင် လွတ်လပ်ရေးရစဉ်က မွေးသူဖြစ်သော်လည်း လွတ်လပ်ရေးကို သိရှိနားလည်နိုင်သည့်အရွယ် မဟုတ်သေးချေ။ အသက် ၈၀ ကျော် အရွယ်သည်ပင် လွတ်လပ်ရေးရစဉ်က ၆ နှစ်အရွယ်ဖြစ်သဖြင့် ကောင်းကောင်း မှတ်မိနိုင်သည့် အရွယ်မဟုတ်သေး။

သို့ဖြစ်ရာ လွတ်လပ်ရေးရသည့်နေ့ကို ကိုယ်တွေ့ တွေ့လိုက်၊ မီလိုက်၊ ကြုံလိုက်ရသည့် ဘိုးဘွားများပင် သက်တမ်းအားဖြင့် ၈၀ ကျော်များ ဖြစ်နေမည်ဖြစ်ရာ လွတ်လပ်ရေးကြိုးပမ်းမှုကို ကိုယ်တွေ့ ကြုံခဲ့ရ၊ ပါဝင်ခဲ့ရသည့် ဘိုးဘွားများဆိုလျှင် အသက်အရွယ်အားဖြင့် ပို၍ကြီးနေတော့မည် ဖြစ်သည်။ ထိုဘိုးဘွားတို့၏ လွတ်လပ်ရေးရရှိသည့် အတွေ့အကြုံ။ ခံစားချက်တို့ကို သိခွင့်ရမည်ဆိုပါက သိလိုလှသည်။ သို့မှလည်းနောင်မျိုးဆက်များကို လက်ဆင့်ကမ်းနိုင်မည်ဖြစ် သည်။ 

သူ့ကျွန်ဘဝအတွေ့အကြုံ
------------------
ဂျပန်ခေတ်အတွေ့အကြုံဆို၍ မိမိကိုယ်တိုင်ကြုံတွေ့ခဲ့ရသည်တော့ မဟုတ်ပါ။ မိမိတို့အဖေ၊ အမေနှင့် အဘိုး၊ အဘွားတို့သည် ဂျပန်ခေတ်ကို ကောင်းကောင်း၊ မီလိုက်သူများဖြစ်သည်။ မိမိအနေဖြင့် အဘိုးကိုမမီလိုက်သော်လည်း အဖေအမေနှင့် အဘွားတို့ကဂျပန်ခေတ်အတွင်း နေထိုင်ခဲ့ရသော ဘဝများ၊ ဗုံးဒဏ်၊ စစ်ဘေးဒဏ်ကြောင့် ဇာတိရပ်ရွာမှ ထွက်ပြေးတိမ်းရှောင်မှုများကို တစ်ခါ တစ်ရံပြောပြသည့်အခါ ဂျပန်ခေတ်အတွင်း မြန်မာလူထု၏ဆင်းရဲဒုက္ခများကို နားထောင်ခဲ့ရပါသည်။ အဘိုး၊ အဘွားတို့သည် အညာဒေသ ဇာတိရွာတွင် ဂျပန် များဝင်သဖြင့် ထွက်ပြေးတိမ်းရှောင်ရင်း ရှမ်းပြည်တွင် နေထိုင်ခဲ့ရကြောင်း ပြောပြ သည်။ ရှမ်းပြည်ဆိုသော်လည်း တစ်နေ ရာတည်းတွင် အခြေတကျမနေထိုင်နိုင် တစ်နေရာမှတစ်နေရာသို့ စစ်ဘေးကင်းရာသို့ ရှောင်တိမ်းနေခဲ့ကြရသည်။

နေရာအတည်တကျ မရှိသဖြင့် သားသမီးများမှာလည်း အညာဒေသတွင် မွေးသူ၊ ရှမ်းပြည်အတွင်း မွေးသူများဖြင့် မွေးရပ်ဇာတိမတူကြချေ။ မေမေ့အစ်မကြီးဆိုလျှင် ရှမ်းစကားပင် ပြောတတ်သည်။ အဘိုး၊ အဘွားတို့မှာ စစ်ဘေးကင်းရာသို့ ပြေးနေကြရသဖြင့် သားသမီးများ ပညာရေးကို ကောင်းကောင်းဂရုမစိုက် နိုင်ခဲ့ကြ။ စစ်ဘေးကြောင့် မူလတန်းအထိသာ ကျောင်းနေခဲ့ကြရကြောင်း မေမေက ပြောရှာသည်။ စစ်အတွင်းဆိုတော့ မေမေတို့က သေစာရှင်စာပဲသင်ခဲ့ကြရတာကွယ့်ဟု ပြောသည့်အခါ များစွာစိတ်မကောင်း ဖြစ်ရသည်။ သူတစ်ပါး၏ အုပ်ချုပ်မှုအောက်၊ စစ်ဘေးဒဏ်များ အောက်တွင် ပညာကိုလည်း မရှာနိုင်၊ စီးပွားရေးကိုလည်း ဂရုမစိုက်နိုင်ခဲ့ကြသော ခက်ခဲ ကြမ်းတမ်းသည့်ဘဝများတွင် ကျင်လည်ခဲ့ရသဖြင့် ယင်းအချိန်က လွတ်လပ်ရေးကို တမ်းတမိကြောင်း မေမေက ပြောပြပါသည်။

အဘွားနှင့် ဖေဖေ၊ မေမေတို့သည် ဂျပန်ခေတ်၊ အင်္ဂလိပ်ခေတ်တို့ကို ဖြတ်သန်းခဲ့ပြီးနောက် လွတ်လပ်ရေးရ သည့်အချိန်တွင် တစ်နိုင်ငံလုံး အလွန်ပျော်ရွှင်ကြရကြောင်း ပြောပြသည့်အခါ စဉ်းစားကြည့်မိသည်။ ယင်းအချိန်က ပြည်သူလူထု ဘယ်လောက်ပျော်ရွှင်နေကြမည်ဆိုသည်ကို မှန်းဆကြည့်မိသည်။ လူလူချင်း ဖိနှိပ်အုပ်ချုပ်မှု၊ အဆင့်အတန်း ခွဲခြားမှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ စစ်ဘေးဒဏ် တို့မှလွတ်ကင်း၍ အပျော်ကြီးပျော်နေကြပေလိမ့်မည်။ လွတ်လပ်မှုအရသာ၊ လွတ်လပ်မှုအခွင့်အရေးကို ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခံစားခဲ့ရသည့် အတွေ့အကြုံပင်ဖြစ်သည်။

လွတ်လပ်ရေးရပြီးချိန်
-----------------
မြန်မာတစ်နိုင်ငံလုံးက မျှော်လင့်စောင့်စားခဲ့ရသည့် လွတ်လပ်ရေးပေးရန် ဗြိတိသျှလွှတ်တော်၌ တင်ပြခဲ့သော မြန်မာ့လွတ်လပ်ရေးအက်ဥပဒေ Burma Independence Act 1947 အရ ၁၉၄၇ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင်ဗြိတိသျှဘုရင် ၏အတည်ပြုချက်ကိုရရှိခဲ့သည်။ ခရစ်နှစ် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်၊ မြန်မာသက္ကရာဇ် ၁၃၀၉ ခုနှစ် ပြာသိုလဆုတ် ၉ ရက်၊ တနင်္ဂနွေနေ့တွင် ဗြိတိသျှတို့ထံမှ လွတ်လပ်ရေးကိုရရှိခဲ့ပြီး မြန်မာနိုင်ငံသည် လုံးဝလွတ်လပ်သော အချုပ်အခြာ အာဏာပိုင်သမ္မတနိုင်ငံတော်ဖြစ်လာခဲ့ပါသည်။ မြန်မာနိုင်ငံအောက်ပိုင်းကို နှစ်ပေါင်း ၁၀၀ ကျော်၊ မြန်မာနိုင်ငံအထက်ပိုင်းကို နှစ်ပေါင်း ၆၀ကျော် နယ်ချဲ့တို့၏ တိုက်ရိုက်အုပ်ချုပ်မှု ခံခဲ့ကြရပြီးနောက် သွေးချွေးပေးဆပ်မှုအမျိုးမျိုးဖြင့် ကြိုးပမ်းမှုရလဒ်သည် ယနေ့ကျင်းပနေကြသည့် လွတ်လပ်ရေးပင် ဖြစ်ပါသည်။

သို့သော် နယ်ချဲ့တို့၏ လက်အောက်မှ လွတ်လပ်ရေးရခဲ့သော မြန်မာနိုင်ငံသည် လွတ်လပ်ရေးမရမီကပင် နိုင်ငံရေးအကွဲအပြဲများ အခြေတည်နေပြီဖြစ်သည်။ လွတ်လပ်ရေးကြိုးပမ်းမှုတွင် အရေးပါခဲ့သည့် ဂျီစီဘီအေ အသင်းကြီးပင်လျှင် အစိတ်စိတ်အမြွာမြွာ ကွဲခဲ့လေသည်။ လွတ်လပ်ရေးကြေညာပြီး၍ မကြာမီ ကာလမှာပင် ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း တည်ဆောက်ခဲ့သော အမျိုးသားညီညွတ်ရေးသည် ပြိုကွဲစပြုလာသည်။ ဖဆပလ အဖွဲ့ချုပ်အတွင်း၌ လက်ဝဲ၊ လက်ယာ နိုင်ငံရေးအုပ်စုများ စိတ်သဘောကွဲပြား၍ ၁၉၄၈ ခုနှစ် မတ်လတွင် ကွန်မြူနစ်ပါတီသည် လက်နက်ကိုင်၍ တောခိုသွားခဲ့သည်။ ပြည်သူ့ရဲဘော်ပါတီဝင် အချို့လည်း တောခိုကြပြန်သည်။ ယင်းနောက် ကရင် အမျိုးသားများကလည်း ကေအင်ဒီအိုခေါ် ကရင်အမျိုးသား ကာကွယ်ရေးအဖွဲ့ဖွဲ့စည်းကာ ၁၉၄၈ ခုနှစ်အတွင်းမှာပင် သီးခြားကရင်ပြည်နယ် တောင်းဆို၍ တိုက်ခိုက်ကြပြန်သည်။ ရန်ကုန်အစိုးရဟု ခေါ်ရလောက်အောင်ပင် တိုင်းပြည်မှာ ပြည်တွင်းစစ်ဘေးအတွင်း ကျရောက်ခဲ့သည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးသည်ဆိုသော်လည်း နိုင်ငံ့အခြေအနေမှာ နိုင်ငံရေးအရောင်အသွေး မျိုးစုံဖြင့် စိတ်ဝမ်း ကွဲနေခဲ့ကြသည်။ ယင်းစိတ်ဝမ်းကွဲမှုကြောင့်ဖြစ်လာသော အချင်းချင်း တိုက်ခိုက်မှုများကြောင့် ရရှိထားသော လွတ်လပ်ရေးမှာ ပြည်တွင်းစစ်အောက် ရောက်ခဲ့ရသည်။ ယင်းသို့အချင်းချင်း တိုက်ခိုက်မှုများသည် ကမ္ဘာတွင် သက်တမ်းအရှည်ကြာဆုံး ပြည်တွင်းစစ် တစ်ခုဖြစ်ခဲ့ပါသည်။ ယနေ့ထက်တိုင်လည်း ထိုနိုင်ငံရေးစိတ်ဝမ်းကွဲမှုများကို အဆုံးမသတ်နိုင်သေးချေ။ လွတ်လပ်ရေး မတိုင်မီကပင် ပေါက်ပွားလာသော နိုင်ငံ ရေးစိတ်ဝမ်းကွဲမှုနှင့် လွတ်လပ်ရေးနှင့်အတူ ပေါက်ပွားလာသော အချင်းချင်းတိုက်ခိုက်မှုများ မည်သည့်အချိန်မှ အတောသတ်မည်မသိ။ ယင်းအကြောင်း တရားများကိုဖြေရှင်းနိုင်မှသာ လွတ်လပ်သောနိုင်ငံ၊ လွတ်လပ်သော နိုင်ငံသားများ ခံစားခွင့်ကို အပြည့်အဝရရှိခံစားနိုင်မည် ဖြစ်သည်။ 

အမှားသံသရာလည်
--------------
အထက်တွင်ဆိုခဲ့သကဲ့သို့ မြန်မာနိုင်ငံ ၏လွတ်လပ်ရေးဆိုသည်မှာ လွယ်လွယ်ကူကူရခဲ့သည် မဟုတ်ချေ။ နယ်ချဲ့အားတော်လှန်တိုက်ခိုက်၍ တိုင်းရင်းသား စည်းလုံးညီညွတ်မှုနှင့် လွတ်လပ်ရေးကို အရယူနိုင်ခဲ့ပါလျက် မိမိတို့အချင်းချင်း အယူအဆမတူကြ၊ သဘောထားမတိုက် ဆိုင်ကြ၊ အပြန်အလှန်တိုက်ခိုက်နေကြသည်မှာပင် နှစ်ပေါင်း ၇၄ နှစ်ကြာခဲ့ပါပြီ။ အတိတ်၏အမှားများကို သင်ခန်းစာယူ နိုင်ပါလျက် အမှားပေါ်အမှားဆင့် အမှား သံသရာ လည်နေသည်မှာ နိုင်ငံနှင့်ပြည်သူလူထုအတွက် များစွာဆုံးရှုံးနစ်နာလှပါသည်။

ယနေ့ဆိုလျှင် နိုင်ငံရေးပဋိပက္ခများ ဖြေရှင်း၍ ဖက်ဒရယ်နှင့် ဒီမိုကရေစီတည်ဆောက်ရေးအတွက် အသွင်ကူးပြောင်းဆဲ ကာလတွင်ရှိနေပါသည်။ ကာလရှည်ကြာ တည်ရှိနေဆဲ ပဋိပက္ခများ၊ အချင်းချင်း တိုက်ခိုက်မှုများ၊ အယူအဆကွဲပြားမှုများ ဖြေရှင်းနိုင်မှသာ ဒီမိုကရေစီနှင့် ဖက်ဒရယ်ခရီးကို ဆက်လက်လျှောက် လှမ်းနိုင်မည်ဖြစ်ပါသည်။ သို့မှမဟုတ်ဘဲ ခေတ်အဆက်ဆက် အမှားများကို ထပ်ကာထပ်ကာ မှားနေမည်ဆိုပါက လွတ်လပ်သော်လည်း မငြိမ်းချမ်းသော၊ မအေးချမ်းသော အခြေအနေဖြစ်နေဦးမည် ဖြစ်ပါသည်။ 

အမြစ်စွဲနေသည့် ပဋိပက္ခများဖြေရှင်းရေး
--------------------------
ပြည်တွင်းပဋိပက္ခဆိုသည်မှာ နိုင်ငံတိုင်းလိုလိုတွင် ရှိတတ်ကြပါသည်။ မည်သည့် လူ့အဖွဲ့အစည်းတွင်မဆို ပဋိပက္ခများရှိခြင်းမှာ ဖြစ်လေ့ဖြစ်ထရှိသည့် အစိတ်အပိုင်းတစ်ခု ဖြစ်သော်လည်း ပဋိပက္ခများကို မည်ကဲ့သို့ကာကွယ်မည်နှင့် ပဋိပက္ခများ စီမံခန့်ခွဲရာတွင် ငြိမ်းချမ်း စွာဖြင့် ဖြေရှင်းနိုင်မည့် နည်းလမ်းများ ရှာဖွေခြင်းမှာ ပို၍အရေးကြီးပါသည်။ ဖြစ်ပွားသည့် ပဋိပက္ခများ တစ်ခုနှင့်တစ်ခု မတူညီတတ်ကြသဖြင့် ပဋိပက္ခများတွင် ပါဝင်ပတ်သက်နေသူများ၏ ပဋိပက္ခအပေါ် ရှုမြင်မှု၊ ချဉ်းကပ်မှုနှင့် ငြိမ်းချမ်းစွာဖြေရှင်းရန် နည်းလမ်းများ ရွေးချယ်မှုသည် နိုင်ငံပြန်လည်တည်ဆောက်ရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်တည်ဆောက်ရေးကို အထောက်အကူ ဖြစ်စေမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံကဲ့သို့ တိုင်းရင်းသား လူမျိုးစုများပြားပြီး ကာလရှည်ကြာ နက်နက်ရှိုင်းရှိုင်း ပဋိပက္ခများအမြစ်စွဲနေသည့် နိုင်ငံတွင် တည်ရှိဆဲပြဿနာများကို ငြိမ်းချမ်းစွာ စီမံခန့်ခွဲရန်လိုအပ်ကြောင်း လက်ခံရန် ဦးစွာလိုအပ်မည် ဖြစ်ပါသည်။ ထိုသို့ဖြေရှင်းရာတွင် ဒီမိုကရက်တစ်နည်း လမ်းများသည် ပြဿနာဖြေရှင်းရေး အကောင်အထည်ဖော်ရာတွင် အခြေခံ လိုအပ်ချက်ဖြစ်ပါသည်။ ဒီမိုကရက် တစ်နည်းလမ်းများမှတစ်ဆင့် ပဋိပက္ခတွင် ဆက်စပ်ပါဝင် နေသူများအကြား ငြိမ်းချမ်းစွာဖြင့် အပေးအယူ၊ ပူးပေါင်းဆောင်ရွက်မှုနှင့် အများသဘောတူညီမှု များဖြင့် ဖြေရှင်းနိုင်မည် ဖြစ်ပါသည်။ လွတ်လပ်ရေးရရှိသော်လည်း ပဋိပက္ခများနှင့် ယနေ့ထက်တိုင် ရင်ဆိုင်နေရဆဲ မြန်မာနိုင်ငံတွင် လွတ်လပ်ရေးထိန်းသိမ်းရေး၊ ငြိမ်းချမ်းရေး၊ နိုင်ငံတည်ဆောက်ရေးနှင့် မျိုးဆက်သစ်များသို့ လက်ဆင့်ကမ်း လွှဲပြောင်းရေးတို့အတွက် ငြိမ်းချမ်းစွာ ပဋိပက္ခစီမံခန့်ခွဲမှုများ အထူးလိုအပ်နေပါသည်။

လွတ်လပ်ရေးအဓွန့်ရှည်ဖို့
------------------
ယနေ့မိမိတိုရရှိထားသော လွတ်လပ်ရေးသည် ဘိုးဘွားအမွေအနှစ်ဖြစ်ပါသည်။ ဘိုးဘွားများ ကြိုးပမ်းအားထုတ်မှု၊ ပေးဆပ်မှုတိုဖြင့် ရယူထားခြင်းဖြစ်ရာ မိမိတိုပိုင်ဆိုင်သကဲ့သို နောင်မျိုးဆက်သစ်များလည်း ပိုင်ဆိုင်ခွင့်၊ ခံစားပိုင်ခွင့်ရှိကြပါသည်။ မိမိတိုတည်ရှိဆဲကာလတွင် လွတ်လပ်ရေး အဓွန့်ရှည်ရေးအတွက် သာမက ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး၊ နိုင်ငံတည်ဆောက်ရေးနှင့် ဖွံဖြိုးတိုးတက်ရေး ဆောင်ရွက်ရမည့်တာဝန်ရှိကြပါသည်။ မျိုးဆက်အဆင့်ဆင့် လက်ဆင့်ကမ်းခြင်း၊ ဖွံဖြိုးတိုးတက်စေခြင်းဖြင့်သာ မြန်မာနိုင်ငံတော်ကြီးသည် ကမ္ဘာ့အလယ်တွင် ဝင့်ထည်စွာ ရပ်တည်နိုင်မည်ဖြစ်ကြောင်း ရေးသားတိုက်တွန်း လိုက်ရပါသည်။

ကိုးကား 

၁။ ပြည်တွင်းသောင်းကျန်းမှုသမိုင်း 
၂။ IDEA, Democracy and Deep Rooted Conflict: Options for Negotiators
သိန်းထွန်း (IR)

https://t.me/myanmarnewspaper/16647