Thursday, August 19, 2021

မယောင်ရာဆီလူး ပညာတတ်များ


ကိုကြီးစိုးတယောက် ဘရိတ်ဖတ်အတွက် ပါဆယ်ထုပ်လေးဆွဲပြီး သူများအတင်းပြောဖို့ အားကျိုးမာန်တက်
ရောက်လာတော်လည်း ပြောရတာပါ ဗျာ ။

"ငမျိုးရေ လိုင်းပေါ်မှာတော့ မြေအောက်ရထား နဲ့
လျှပ်စစ်ကားတွေ ဟော့ နေတယ် ကွ ''

"အင်း မရောင်ရာဆီလူး အရူးချီးပန်း စီမံကိန်းပေါ့ ဗျာ ''

"ဟေ ဘာကြောင့် လဲ ကွ ''

"ကိုကြီးစိုး နေပြည်တော် ရောက်ဖူးသလားဗျ ''

"ဖြတ်သွား ဖြတ်လာပဲ ရောက်ဖူးတယ် ကွ ''

"နေပြည်တော်က နောက်ထပ် နှစ်ပေါင်း ၅၀ ကျော်အထိ
ဖြည့်စွက်ဖို့ မလိုအောင် ဘရွှေကြီးက စီမံကိန်းချပြီး
တည်ဆောက်ခဲ့တာ ဗျ ''

"ဘယ်လို ဖြည့်စွက်ဖို့ မလိုအောင်လဲ ကွ ''

"လမ်းတွေ တံတားတွေ ဂုံးကျော်တွေ ထပ်မလုပ်ပဲ နောက်ထပ်
နှစ်ပေါင်း ၅၀ လောက်အထိ သက်တောင့်သက်သာ အဆင်ပြေပြေ သွားနိုင်အောင် အမျှော်အမြင်ကြီးစွာနဲ့ ပြည့်ပြည့်စုံစုံ
လုပ်ပေးခဲ့တာ ဗျ ''

"လမ်းတွေက အကျယ်ကြီးတွေဆို.. ''

"ခင်ဗျားကလည်း လေယာဉ်တောင် အတက်အဆင်း လုပ်လို့ရတဲ့ လမ်း ၂၀ သွားတို့ ဘာတို့ ဗျာ ၊ လမ်းတဖက် နဲ့ အခြားတဖက်
ကူးဖို့တောင် လျှာထွက်အောင် ပြေးယူရတဲ့ အထိ
အကျယ်ကြီးတွေ မြေပေါ်မှာ ချောင်ချိနေတဲ့ ကားလမ်းမကြီးတွေကို ပင့်ကူအိမ်လို လက်ယှက်ထိုး ဖောက်ပေးခဲ့တာ သွားလာရေး
အတွက် ဘာမှ ထပ်လုပ်ဖို့ မလိုပါဘူး ''

"ဟမ် ဒါဆ်ုရင်..... ''

"ဆောက်လုပ်ရေး ဝန်ကြီး ဌာနက ဘက်ဂျက်ခိုးကောင်းအောင်
ပေါကြောင်ကြောင် စီမံကိန်း တင်ပြမယ် တပ်ချုပ်ကြီးက
ငါ လက်ထက်မှာ လုပ်ခဲ့တာကွ ဆိုတဲ့ အမည်ကောင်း
လိုချင်တာရယ်ကြောင့် ရူးကြောင်ကြောင် ထပြောတဲ့
အကျိုးမဲ့ ငွေဖြုန်း အလုပ်ပါဗျာ ''

"ဟိုက် ဒါဆို လမ်း တံတား ဌာန ရဲ့ အဆင်အကွက်တွေလား ကွ ''

"NLD လက်ထက်တုန်းက အထမမြောက်ခဲ့တဲ့ ဘက်ဂျက်ခိုးရန် အကြံအစည် ကြီးကို ဝန်ကြီးအသစ်ထံ သားရေကျအောင် တင်ပြပြီး ထပ်လုပ်နေတဲ့ ညွှန်ချုပ် အတွင်းဝန်တွေရဲ့
အကြံဆိုးတွေနေမှာပေါ့ ဗျာ ''

"ခက်တော့ ခက်နေပြီ ဟေ့ ပြည်သူတွေ ငတ်နေတာကြတော့
ဥပေက္ခာပြုထားပြီး မယောင်ရာ ဆီလူး အလုပ် လုပ်ပြဖို့
ကြွားလုံးထုတ်နေတာ မဟန်ဖူး ကွ ''

"ကိုယ်လုပ်ရမယ့် ကာလက နှစ် နှစ်ခွဲ ဗျာ သူပြောတဲ့
အလုပ်တွေ အတွက် မြေကျင်း တူးရမှာကိုက ၅ နှစ်နဲ့ ပြီးရင်
ကံကောင်း နှစ်ရှည်စီမံကိန်းကြီး လိုလည်း မလိုအပ်သေးဖူး 
ဒါကြီးကို ထပြောတာကိုက တပ်ချုပ်ကြီးရဲ့ အရည်အချင်း နဲ့ 
လုပ်သင့်ကြောင်း တင်ပြရဲတဲ့ ဆိုင်ရာ အကြံပေးရဲ့ 
အရည်အသွေးက သံသယကြီးစွာ ဖြစ်စရာပဲ ဗျ ''

"သူတို့လည်း ဥာဏ်ကြီးတဲ့ ပညာတတ်ကြီးတွေပဲ ကွ ''

"ကျနော့်အမြင်တော့ ပညာတတ်ကြီးတွေကိုပဲ 
တကယ်သိကြရဲ့လားလို့ တွေးမိတယ် ဗျ ''

"ဆိုစမ်းပါအုံး ''

"ကျနော်ဆီမှာ ပညာတတ် ဒေါက်တာဘွဲ့တွေ အားလုံးဟာ 
စာ မှ စာဆိုပြီး သူတပါးရေးသား သုတေသန ပြုထားတဲ့ 
အချက်အလက်တွေကို အလွတ်ကျက်မှတ် ၊ စာမေးပွဲမှာ 
ပြန်ချရေးပြနိုင်ပြီး ရခဲ့ကြတာ ဗျ ''

"အေး ဟုတ်တယ်လေ ''

"ဒီတော့ သူတို့မှာ ကိုယ်ပိုင်အသိ ၊ ကိုယ်ပိုင်အတွေးအခေါ် 
ကိုယ်ပိုင်တီထွင်ကြံဆမှု ဘယ်လောက်ရှိသလဲ ဆိုတာ 
ကျနော်တို့ မသိကြရဖူး ဗျ ''

"ဟမ်...ပြောချင်တာက ''

"သူတို့ ဖတ်မှတ်ထားခဲ့တဲ့ ပညာရပ်တွေဆီက သီအိုရီတွေ 
လူထူထူမှာ ဟောပြော လက်ခုပ်ချူပြီး ပြီးနေကြတာပဲ 
တွေ့ရတယ် ဗျ လက်တွေ့နယ်ပယ်မှာ ကြုံနေရတဲ့ သီအိုရီနဲ့ 
သွေဖယ်နေတဲ့ အခက်အခဲတွေကို သူတို့ ထိုးထွင်းဥာဏ်နဲ့  
အခြေအနေအရ ဖြေရှင်းမပေးနိုင်ပဲ လူကြီးအကြိုက်
 ဖင်မ မြှောက်ပေး နေယုံပဲ တတ်တဲ့ ဒေါက်တာဘွဲ့တွေလို့ 
စွပ်စွဲချင်တယ် ဗျာ ''

"ဟိုက် အမှုက ကြီးပြီဟေ့ ''

"သြော် ပညာရေး ကျန်းမာရေး စီးပွားရေး သုတေသန
 ဒါတွေအားလုံးကို ဦးစီး လုပ်ကိုင်နေကြတာ 
အဲဒီ စာတော်ပါတယ်ဆိုတဲ့ ဒေါက်တာဘွဲ့ အသီးသီးရထားတဲ့ 
ပညာတတ်တွေချည်းပဲ တိုင်းပြည်ကတော့ အခုထိ 
ဒါးမနောက်ပိတ်ခွေး ဖြစ်နေသေးတာ 
အဲဒီ ပညာတတ်တွေ တကယ်မတတ်လို့ပေါ့ ဗျာ ''

"အုပ်ချုပ်သူတွေရဲ့ ဆန္ဒကလည်း ရှိသေးတာကိုး ကွ ''

"ပညာတတ်ဆိုတဲ့ အဓိပ္ပါယ်ကို သိသလား ဗျ ''

"အေး သိတာပြောလည်း လွဲနေမှာ ဆိုတော့ မင်းပဲ ပြောကွာ ''

"အင်ဂျင်နီယာ မင်းသား ဒွေး ပြောပြတဲ့ ပညာတတ်ဆိုတာ 
ဘာလဲ ဆိုတဲ့ အကြောင်း ပြောပြမယ် ဗျ ''

"အေး လုပ်စမ်းပါအုံး ''

"တခါတုန်းက ပြင်သစ်မှာ သေဒဏ်ချထားခံရသူတွေကို 
ခေါင်းဖြတ်စက်နဲ့ သတ်ကြတယ် ဗျ အဲဒီနေရာမှာ 
အကြောင်းအမျိုးမျိုးကြောင့် တခါတည်းနဲ့ မသေခဲ့ရင်
 သေဒဏ်က ကင်းလွတ်ပြီး လွှတ်ပေးရတဲ့ ဥပဒေလည်း ရှိတယ် ဗျ ''

"ဥပဒေက ထားပါကွာ လခွမ်း ခေါင်းဖြတ်မှတော့ ဘယ်သူက 
ရှင်မလဲကွ မင်းဟာက ''

"နေစမ်းပါ နားထောင်အုံး ဗျ တနေ့ သေဒဏ်ကျခံရမယ် 
အကျဉ်းသား သုံးယောက်ကို ခေါင်းဖြတ်ဖို့ ထုတ်လာတယ် 
သုံးယောက်ထဲမှာ တယောက်က အင်မတန်တော်တဲ့ 
စက်ပြင်အင်ဂျင်နီယာ ပါလာတယ် ''

"အင်း ဒီတော့ ''

"ပထမတယောက်ကို ခေါင်းဖြတ်ဖို့ ဒါးကြီးကို ခလုတ်နှိပ်ချလိုက်တာ ဝေါကနဲ ကျလာတဲ့ ဒါးကြီးက လည်ပင်းနား မရောက်ခင်
 တုန့်ကနဲ ရပ်သွားလို့ အဲဒီလူ လွတ်သွားသတဲ့ ''

"ဟိုက် ဘာဖြစ်တာလည်း ဟ''

"နေအုံး နောက်တယောက် အဲသလိုပဲ ဖြတ်ဖို့လုပ်တယ် 
နောက်ဆုံးက အင်ဂျင်နီယာလည်း ဘာလို့ ဒါးစက်ကျ
မလာသလဲဆိုတာ အသေအချာ စောင့်ကြည့်နေတာပဲ
 ဒုတိယအကြိမ်လည်း ဒါးစက်က ရပ်တာပဲ 
နှစ်ယောက်မြောက်လည်း လွတ်ရော ဆိုပါစို့''

"အေး အင်ဂျင်နီယာ အလှည့်ပေါ့''

"ဟုတ်တယ် အင်ဂျင်နီယာက ခဏနေအုံး ဆိုပြီး ဒါးစက်က 
ထစ်နေတဲ့ ပင်နီယံကို ပြင်ပေးလိုက်တယ် ပြီးတော့မှ 
ခေါင်းဖြတ်ခံလိုက်တယ် ပြင်လိုက်တော့ ဒါးက လျှောကနဲ ကျလာပြီး ခေါင်းကို တိကနဲ ဖြတ်လိုက်ပါရော ဗျာ ''

"ဟေ အဲဒီတော့ ''

"စက်ပြင်အင်ဂျင်နီယာသည် သူ့ပညာအပေါ် အသက်နဲ့ရင်းပြီး 
သစ္စာရှိသွားတာ ကို ပြောချင်တာ ဗျ ''

"ဟေ.....ဒါဆို အခု တို့ဆီက ပညာတတ် ဒေါက်တာတွေက...''

"CDM လုပ်နေတဲ့ NLD သူခိုးလက်ဝေခံ ပညာတတ်
ဆရာဝန်တွေ ၊ ကျောင်းဆရာ ဆရာမ တွေရဲ့ 
သူတို့ ပညာအပေါ် သစ္စာမဲ့ မှုတွေကို ရွံရှာ စက်ဆုပ်ရမှာ 
ဖြစ်သလို အခုလို မယောင်ရာဆီလူးပြီး အာဏာပိုင် အစိုးရ 
အလိုကြ မထော်မနန်း မှန်လှပါဘုရား လုပ်နေတဲ့ 
ပညာတတ် ဒေါက်တာတွေကိုလည်း ဝေဖန်ရမှာ ပဲ ဗျို့''

"အေး ဒီတခါတော့ မင်းဒေါသ နဲ့ မင်းပဲ ငါတခွန်းမှ မပြောဖူး 
လစ်တော့မယ် နောက်မှ အမှုလာမတွဲနဲ့ နော်.. ''

( ရှိပြီးသားရထားတွေ ပုံမှန်ပြန်ဆွဲနိူင်အောင်ပဲ အရင်လုပ်ပါဦး )

#ကိုရွှေမျိုးဝင်း
#Credit