Tuesday, August 31, 2021

ကား နဲ့ မြွေ


      ၂၀၀၀ ခုနှစ် ပတ်လည်တုန်းက မြင်းခြံ နဲ့ မန္တလေး အမြန်ကားလိုင်း ၄ လိုင်းရှိတာ မှတ်မိပါတယ် ။ သမစိတ္တကတော့ ဟိုင်းလပ်လေးတွေပါ ။ ကျန်တဲ့ ၃ လိုင်းက ကားကြီးတွေပေါ့ ဗျာ ။

     အခုခေတ် အဝေးပြေးခရီးသည်တင်ကားတွေလို ခန်းညားတဲ့ ကားကြီးတွေ မသုံးနိုင်ကြသေးပါဘူး ။ ကားခေါင်မိုးပေါ်မှာ လူနဲ့ ပစ္စည်းတွေ တင်ပြီး ပြေးဆွဲနေရတဲ့ အချိန်ကပေါ့ ဗျာ ။ 

       ကျောင်းဆရာ / ဆရာမ တွေက အဲဒီ ကားလိုင်းတွေမှာ တလ ၅၀ ကျပ် နဲ့ စာအုပ်လုပ်ထားပြီး စီးကြရပါတယ် ။ ကြည်ဖြူတဲ့ကား မကြည်ဖြူတဲ့ကား အမျိုးမျိုး ရှိတာပေါ့လေ ၊ ငြင်းတော့ မငြင်းရဲဖူး မတင်ဖူးငြင်းလို့ တိုင်လိုက်ရင် အဲဒီကားဆရာ ခေါ်ပြီး ပါးရိုက်တဲ့ ခေတ်ဗျ ။ 

     ကျနော်တို့လည်း ကားစီးပြီ ဆိုရင် အမိုးပေါ်က ကပ်ခြံပေါ် တက်စီးပြီး ပစ္စည်းတွေ ဘာတွေ ကူချ ကူတင် လုပ်ပေးပါတယ် ။ အဲသလို ကူလုပ်ပေးတော့ ကားဆရာတွေကလည်း ကြည်ဖြူပါတယ် ဗျာ ။ 

      ကားလိုင်းတွေက အပြိုင်မောင်းပြီး ခရီးသည် လုတင်ရတော့ မြန်မြန်တင် ၊ မြန်မြန်ချ ၊ မြန်မြန်မောင်း စနစ်နဲ့ သွားကြရပါတယ် ။ 

     တနေ့ ခက်လန်းဆိုတဲ့ ရွာကနေ လူတယောက်က ဆွဲခြင်းလေးထဲ ပုဆိုးထုပ်လေး ထဲ့ပြီး ကားတားပါတယ် ။ အပေါ်တက်ဆိုပြီး သူ့ကို တက်ခိုင်းကာ ဆွဲခြင်းကို အောက်ကစပယ်ယာက ကျနော့်ဆီ မြှောက်ပေးပါတယ် ။ လှမ်းယူပြီး ဘေးနားချထားလိုက်ပါတယ် ။

     ခြင်းပိုင်ရှင် အနားလာထိုင်တော့ ကားက သိမ့်ကနဲ ထွက်ပါရော ၊ သူ့ဆွဲခြင်းထဲက ပုဆိုးထုပ်ကြီးက လှုပ်တုပ်လှုပ်တုပ် မြင်လိုက်ရပါတယ် ၊ ကားလှုပ်လို့ပဲ ထင်ပြီး ဟေ့လူ အမဲ သား တွေလား ဆိုတော့ အင်းးးတဲ့ ။

(တောအမဲပေါ့ ဗျာ လိုင်စင်မရှိပဲ ရွာမှာ ကိုယ့်ဖာသာ သတ်ပြီး ခိုးရောင်းကြတာပေါ့)

        အဲလိုနဲ့ ကားက အရှိန် နဲ့ ရှေ့ကားကို လိုက်အဖိုက် လမ်းအကွေ့ တခုမှာ ယိမ်းယိုင်သွားပြီး ဘေးနားက အမဲသားပါ ဆိုတဲ့ ခြင်းကြီးက မှောက်ကျပါရော ။ 

      ပုဆိုးထုပ်က သေချာမချည်ထားတော့ ပွင့်သွားပြီး ထွက်ကျလာတာ အမဲသား မဟုတ်ပဲ မြွေတွေ ဗျာ ။ မြွေပွေး ၊ မြွေဟောက် အစုံပဲ ဗျို့ ။ 

     အောက်က ကားဆရာက မသိပဲ နားထဲလေတဝှီးဝှီးတိုးအောင် အသားကုန်မောင်း ၊အပေါ်က မြွေတွေက ထွက်လာပြီး လူတွေကြားထဲ တောင်ပြေး မြောက်ပြေး လူတွေက ငယ်သံပါအောင် အော်ဟစ်နဲ့ ဗရုတ်သုတ်ခ ဖြစ်နေတာများ မပြောချင်ဖူး ဗျာ ။ 

      အသံတွေ ဆူညံလွန်းမှ ကားဆရာက လမ်းဘေးချရပ်ပြီး ဘာဖြစ်တာလည်း တဲ့ ။ ကားအမိုးပေါ်က အလုအယက် ဆင်းပြေးပြီးမှ မြွေတွေ အကြောင်း ပြောပြလိုက်တယ် ။ 

     အံမယ် မြွေဖမ်းသမားတွေ ပါလာတော့လည်း ဟန်ကျသားပဲ ဗျ ၊ ခဏပဲ တက်ဖမ်းကြတာ ပြန်ဖမ်းမိကြပါတယ် ၊ တချို့လည်း လမ်းမှာ ကျခဲ့မှာပေါ့ လေ ။ 

       သတိတရ ဖြစ်စဉ်လေးပါ ဗျာ ၊ မြွေကကြောက်ရ ကားကအတင်းမောင်း ဆင်းမရ နဲ့ ချွေးကို ပြန်နေရောဗျို့ ။ 

       စကားမစပ် ကျုပ်တို့ နိုင်ငံတော် ကားဆရာကြီးကိုလည်း သတိပေးလိုက်ကြပါအုံး ၊ ခေါင်မိုးပေါ်မှာ မြွေတွေထွက်လာနေပြီ ကားရပ်ပြီး မြွေပြန်ဖမ်းအုံးလို့ အန္တရာယ်ကင်းနေတဲ့ ကားခေါင်းခန်းထဲကနေ စွတ်မောင်းမနေနဲ့လို့.........

        ကိုရွှေမျိုးဝင်း