Monday, August 30, 2021

ဦးစား​​ပေးကူညီသင့်တဲ့ အခက်အခဲ


         ယနေ့ ပြည်ပမှာ လုပ်ကိုင်နေကြရတဲ့ မြန်မာတွေဟာ သန်း နဲ့ ချီနေပါပြီ ။ သူတို့ရဲ့ လုပ်အားခတွေဟာ ပြည်တွင်းသို့ ပြန်လည်စီးဝင်နေရာ မသေးငယ်လှတဲ့ ဝင်ငွေစီးကြောင်းကြီး တခုအဖြစ် မြင်သာလှပါတယ် ။ 

      စိုက်တိုင်းရှုံး ၊ လုပ်တိုင်းငတ်နေတဲ့ တောင်သူလုပ်ငန်းတွေ အသက်ငွေ့ငွေ့လေး နဲ့ ရှင်သန်နေနိုင်သေးတာ အဲဒီ ပြည်ပရောက် လုပ်သားအများစုရဲ့ ထောက်ပံ့ငွေကြောင့်ဆိုတာ တောသူတောင်သားတွေ သိကြပါတယ် ။ 

     ဒီကနေ့လို ကပ်ရောဂါ ဆိုက်ရောက်နေချိန်မှာ အချို့က မိခင်တိုင်းပြည်ဆီသို့ ပြန်လာချင်ကြပေမယ့် အမျိုးမျိုးသော အခက်အခဲများ နဲ့ ကြုံတွေ့နေကြရပါတယ် ။ 

      ထိုင်းနိုင်ငံမှာ ခရိုင် တခုမှ အခြားခရိုင်သို့ ကူးသန်းခွင့် ပိတ်ပင်ထားပါတယ် ။ ဒီတော့ ပြန်လာချင်တဲ့ တရားဝင်လုပ်သား မြန်မာတွေဟာ ဘန်ကောက် ကနေ လေကြောင်းနဲ့ ပြန်မရတော့ တားမြစ်ထားတဲ့ ခရိုင်ခြင်းဖြတ်ကျော်လမ်းတွေကို ခိုးကြောင် ခိုးဝှက် ငွေပေး ဖြတ်နေကြပါတယ် ။

       မဲဆောက်လောက် ရောက်ရင် ထစ်နေပါပြီ ။ တည်းခိုစရိတ်က ကိုယ့်ဘာသာ ကျခံနေရတော့ စုဆောင်းလာသမျှ ကုန်ပါရော ။ 

     အဲဒီ အခက်အခဲ ​ဖြစ်နေတဲ့ အတွက် မြန်မာသံရုံးက တဆင့် အစိုးရခြင်း ညှိနှိုင်းပြီး ပြန်ပို့နိုင်ရင် ကိုယ့်လူမျိုးတွေ ခေါင်းပုံဖြတ်မခံရပဲ အိမ်ပြန်လှနိုင်ပါတယ် ။ လေယာဥ်လက်မှတ် ယခင် ဘတ် ၂၀၀၀ ယခု ဘတ် ၈၀၀၀ တလကြိုပြောရသတဲ့ ။

        ဒါတွေက သံတမန်ဆိုင်ရာ စွမ်းဆောင်ရည် ပြည့်ဝမယ် ဆိုရင် G TO G ပြဿနာဆိုတော့ မခက်ခဲပဲ အဆင်ပြေပါမယ် ။ 

      နောက်နိုင်ငံကတော့ အတော်လေး နာမည်ပျက်နေတဲ့ မလေးရှား ရှိ မြန်မာသံရုံးပဲ ဖြစ်ပါတယ် ။ ကျနော် ၂၀၀၃ တုန်းက မလေးရှားမှာ လုပ်ခဲ့ဖူးပါတယ် ။ OT ကို လုပ်သလောက်မပေးပဲ မတရားဖြတ်တောက်ထားလို့ သံရုံးကို သွားတိုင်ပါတယ် ။ 

       သံအရာရှိက နဝတ အတွင်းရေးမှူး ၂ ဗိုလ်ချုပ်ကြီးတင်ဦး ရဲ့ သားအရင်း ကိုဇော် (အမည်အပြည့်အစုံမေ့နေလို့ပါ) ဖြစ်ပါတယ် ။ သူက တခါတည်း သူဌေးဆီ ဖုန်းဆက်ပြီး ကူညီပါတယ် ။ အဲဒီ အချိန်က မြန်မာသံရုံးထဲမှာ အကူအညီတောင်းလို့ ကျွေးမွေး နေရာပေးထားတဲ့ မြန်မာ ၇၆ ယောက် ရှိပါတယ် ။

      သံရုံးက နေ့စား အလုပ် ရှာပေးပါတယ် ။ နေစရာ စားစရာ အခမဲ့ပေးပါတယ် ။ ငွေစုမိလို့ ပြန်ချင်ရင် လေယာဥ်စီစဥ်ပေးပြီး တရားဝင် ပြန်လို့ရအောင် ကူညီပေးပါတယ် ။ မြန်မာနိုင်ငံသား ဖြစ်ဖို့ပဲ လိုပါတယ် ၊ ခင်ဗျားဘာသာ အောက်လမ်းက ခိုးလာလည်း ကူညီတာပါပဲ ။ 

       အခုတော့ မလေးရှား မြန်မာသံရုံးက နာမည်အတော် ပျက်နေပါတယ် ။ နောက်ပြီး ပက်စ်ပို့ သက်တမ်းတိုးတာက အစ အခြားနိုင်ငံတွေက online ကနေ အလွယ်တကူ တိုးလို့ရနေပါပြီ ။ မြန်မာသံရုံးက မရသေးပါဘူး ။ အခုလည်း သံရုံးပိတ်ထားလို့ တိုးချင်သူတွေ ဒုက္ခရောက်နေပါတယ် ။

      Online ကသာ လွယ်လွယ်တိုးမရတာပါ လူမလိုပဲ ပွဲစားနဲ့ သက်တိုးရအောင်တော့ အကြံအဖန် လုပ်နေပြလေရဲ့ ။ သက်တမ်းတိုးပွဲစားတွေ ကြေညာပြီးကို လုပ်နေပြတာ ရှက်စရာပါပဲ ။ 

      ကိုရွှေမြန်မာ စောက်အများကလည်း ကိုယ်တိုင် လုပ်ရင် ရင်းဂစ် ၂၁၀ ကုန်မှာကိုပဲ ပွဲစားနဲ့ ၈၀၀ ကျော် အကုန်ခံပြီး လုပ်ကြသတဲ့ ။ 

     နောက် နိုင်ငံတော် အစီအစဥ်နဲ့ ပြန်ခေါ်တဲ့ အနေအထားကိုတောင် ငွေပေးရတယ်လို့ အသံထွက်လာပါတယ် (ဟုတ်မဟုတ် စီစစ်သင့်ပါတယ်)

      တနေ့က ရေးသလို လေယာဥ်လက်မှတ်ကိုလည်း MAI နဲ့ ပေါင်းပြီး သံရုံးက ဂွင်ရိုက် မှောင်ခိုရောင်းစားသတဲ့ ။ လူကြားမကောင်းတဲ့ ကိစ္စတွေ ဖြစ်ပါတယ် ။ 

         တိုင်းပြည်တခုရဲ့ ပုံရိပ်ဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန မှ သံရုံးများ ဤသို့သာ ဆိုလျှင် တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာကား အဝီစိမှ တက်လာဖွယ် မရှိပါဘူး ။ 

      ဝန်ကြီး ဦးမောင်ဝဏ္ဏမောင်လွင် အနေနဲ့ ပြည်ပရန် အတွက် စွမ်းစွမ်းတမန် ဆောက်ရွက်ရင်း အလုပ်များနေတာ နားလည်ပေမယ့် ဒီလိုမျိုး ဌာနတွင်း အသုံးမကျမှုတွေကိုလည်း အမှိုက်ရှင်းပေးဖို့ လိုအပ်နေပါပြီ ခင်ဗျား ။ 

      ပြည်ပသွားလုပ်သားများသည် တိုင်းပြည်၏ စီးပွားရေး ဒေါက်တိုင်ကြီးများ ၊ ချစ်ခင်ရသူများအား ယာယီစွန့်ခွာ၍ တိုင်းတပါး၌ အနှိမ်ခံ လုပ်ကျွေးနေသူများ ဖြစ်ကြပါတယ် ။ သူတို့ အခက်အခဲဟာ တိုင်းပြည်ရဲ့ အခက်အခဲပါလို့ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ရှုမြင် စာနာဖို့ အရေးတကြီး လိုအပ်နေပါပြီ ခင်ဗျား ။ 

       ကိုရွှေမျိုးဝင်း

(တတ်နိုင်သလောက် ကြိုးစားပေးနေပေမယ့် ကိုယ့်တတ်စွမ်းက ဒါပဲ ဖြစ်နေတဲ့အခါ ထိရောက်ပါစေလို့ ဆုတောင်း မျှော်လင့်ယုံမှ တပါး........)