Tuesday, August 24, 2021

PR နဲ့ မြန်မာ


ထမင်းစားပြီးချိန် ကိုစိုးရောက်လာတာ နဲ့ လေကန်ကြပါတယ် ။

"ငမျိုးရေ တပ်ချုပ်ကြီးက PR စနစ်အကြောင်း ပြောသွားတယ်ကွ အဲဒီ စနစ်ရဲ့ အကောင်းအဆိုး အကြောင်းအကျိုး လေး အကြမ်းဖျင်းလေး ဝေဖန်ပြပါအုံး''

"ကိုစိုးရေ PR စနစ်က အချိုးကျ ကိုယ်စားပြု စနစ်ဆိုတော့ မဲဆုံးရှုံးမှု မရှိတဲ့ အားသာချက် ရှိတယ် ဗျ ''

"ဘယ်လို မဲ ဆုံးရှုံးမှု လဲ ကွ ''

"ဥပမာ လက်ရှိစနစ်အရ မဲပေးခွင့် တသိန်း ရှိတဲ့နယ်မှာ ၅၀၀၀၀ ၊ ၄၅၀၀၀ ၊ ၃၀၀၀ ၊ ၂၀၀၀ အစရှိသဖြင့် ရတယ်ဆိုရင် ၅၀၀၀၀ သမားက အများဆုံး နဲ့ အမတ်ဖြစ်သွားပြီး ကျန်တဲ့ ငါးသောင်းက လေလွင့် ဆုံးရှုံးသွားရတဲ့ စနစ်ကိုးဗျ ''

"အင်း PR ကျတော့...''

"PR ကျတော့ တနိုင်ငံလုံး ရဲ့ ထောက်ခံမဲတွေ စုပေါင်းမယ် ပါတီကြီးတွေက မဲပေးသူ ၂၅ သန်း ဆိုပါစို့ ဆယ်သန်း ရသူက အမတ်ဦးရေ ဘယ်လောက် ၊ ရှစ်သန်း က ဘယ်လောက် ၊ တသန်းက ဘယ်လောက် အစရှိသည်ဖြင့် အချိုးကျ ယူကြတော့ မဲ အလေအလွင့် မရှိတော့ဖူး ပေါ့ ''

"ဒါလည်း ကောင်းတာပဲ ကွ ''

"ကောင်းတာ ရှိသလို ဆိုးတာတွေလည်း လာမှာပဲ ''

"ဘာတွေ ဆိုးနိုင်သလဲ ''

"ပါတီတွင်း အုပ်စုဖွဲ့ အကွဲအပြဲ နေရာလုလာပြီး စည်းလုံးမှု ပြိုကွဲလာမယ် ဥပမာ ရှုံးတဲ့သူချင်း အတူတူ PR စနစ်အရ အမတ်ဖြစ်သူ နဲ့ ဖြစ်ခွင့်မရသူအကြားပေါ့ ''

"အင်း နောက်ကော ''

"လွှတ်တော်အတွင်းမှာ အဆိုပြုချက်တွေကို ကန်လန့်တိုက်ဖို့ အဖွဲ့စုံ ပါတီစုံ နဲ့ ရှေ့ရောက်မယ့် ဆုံးဖြတ်ချက် ချနိုင်ဖို့ အချိန်ကြာကြလိမ့်မယ် ''

"ပါတီတွေ ထပ်များလာရင် သေပြီ ဆရာပဲ ''

"ရွေးကော် ဥပဒေပြင်ဆင်ပြီး ပါတီတွေ ချုံ့ပစ်သင့်တယ် ဗျ ''

"ဘယ်လို ပြင်ရမှာလည်း ''

"တိုင်းရင်းသား ၇ ပါတီကို ခြွင်းချက်ထားပြီး ကျန်ပါတီတွေ အမတ်လောင်း ၅၀ သို့မဟုတ် ၁၀၀ မှ ဝင်မပြိုင်နိုင်ရင် ပါတီမှတ်ပုံတင် ဖျက်သိမ်းခိုင်းတာ အကောင်းဆုံးပဲ ဗျ ''

"ဟေ အဲလိုဆိုရင် ပါတီငယ်တွေ ခက်ကုန်ပြီပေါ့ ''

"ကျနော့်အမြင်ကတော့ ပါတီ ၉၀ ကျော်ထဲမှာ သုံးစားမရတဲ့ မိသားစုပါတီလေးတွေ အများကြီး ပါနေတာ အလုပ်ရှုပ်တာပါ ပဲ ဗျာ ၊ နွားလှည်းကို ဆိတ်ဝင်ဆွဲသလို အရာမရောက်ပါဘူး ဝါဒတူခြင်း ပေါင်းကြပေါ့ ဗျာ ''

"အင်း ခက်တာက တို့လူမျိုးကလည်း ဖွဲ့ ဖွဲ့သမျှ ဥက္ကဋ္ဌလုပ်ချင်တဲ့ လူမျိုးကွ ''

"ဒါကြောင့် ဥပဒေပြင်ခိုင်းတာပေါ့ ဗျ နောက် PR စနစ်မှာ တပ်မတော်ရဲ့ သြဇာက လွှတ်တော်မှာ အလွန်အင်အားကြီးသွားမယ် ဗျ ''

"ဟ သူက 25 % ပဲလေ ''

"အဲဒီ 25 % က PR စနစ်မှာ ခန့်ညားလောက်တဲ့ ပမာဏ ဖြစ်ပြီလေ ဗျာ ၊ သူနဲ့ ပူးပေါင်းမှ 50 % ကျော်ကြမှာကိုး ''

"သြော် ဟုတ်သားပဲ ကွ မင်းက မကြိုက်ဖူးလား ''

"လုပ်မကြည့်ရသေးတဲ့ စနစ်တခုကို ကြိုက်မကြိုက် ပြောလို့ ဘယ်ရမလဲ ဗျ အကောင်းအဆိုး ဆိုတာ လက်တွေ့မှ သိနိုင်တာကိုး ''

"အေးထားပါ ကွာ အခု D Day ဆိုပြီး ရိက္ခာစု ဘာညာ နဲ့ အော်နေပြတာရော အခြေအနေ ဘယ်လိုလဲ ''

"ဖေဖော်ဝါရီ ကတည်းက စစ်တပ် ရှုံးနေတာလေ UN လာလိုက် R2P လာလိုက် ၊ ICJ ရောက်လိုက် ၊ ICC သွားလိုက် နဲ့ တကမ္ဘာလုံးလည်း နှံ့နေပြီ တပ်မတော်သားတွေ ကျဆုံးပြီး PDF တွေ အောင်ပွဲခံနေတာလည်း လိုင်းပေါ်မှာ မွလို့ အဲဒါကို ယုံနေသလား ဗျ ''

"လခွမ်း ငါက မယုံဘူး ဗျာ မင်း အမေက ယုံနေတာ မနက်က ထင်းစု မလို့ဆိုပြီး မင်းတို့ဝန်းထဲက မန်ကျည်းကိုင်းခြောက်တွေ ချိူးခိုင်းလို့ ငါ တောင် ချိုးပေးခဲ့ရသေးတယ် မင်း အမေကို မင်းဘာသာ သွားပြောအုံး ''

"ဟမ် ဟုတ်လား ကိုကြီးစိုး... သြော် မီးပျက်မယ်ဆိုတာ ယုံနေတာကိုး ဒါကြောင့် မနှိုးတာကြာပြီဖြစ်တဲ့ ကူဘိုတာ ၁၂ /၁၃ လေး လာနှိုးပေးစမ်း တဲ့ ကျပ်ကို မှာနေတာဗျ ''

"အေး မင်းအမေ့အိမ်နားကလည်း ငကြောင်တွေ များတယ်ကွ သွားလိုက်အုံး ''

"ခဏနေ သွားလိုက်ပါ့မယ် ဗျာ ''

"အဲဒီ D Day တွေ တော်လှန်ရေးတွေ နိုင်ပါ့ မလားကွ ''

" သြော် ကိုးစိုးရယ် လက်သန်းလောက် မြွေက ဆင်ကို မြိုနိုင်ပါ့မလား ဗျာ ''

"အေး ရှင်းတာပဲ ကွာ ကဲ နောက်ဆုံး မေးခွန်း အစောကပြောခဲ့တဲ့ PR စနစ် အရ ဖြစ်လာမယ့် အစိုးရ အနေနဲ့ကော
အောင်မြင်နိုင်ပါ့ မလား ကွ ''

"လိုအပ်တဲ့ ဥပဒေပြင်ဆင်မှုတွေ မပြုလုပ်ပဲ PR စနစ်နဲ့ တိုင်းပြည် တည်ဆောက်မယ် ဆိုရင် ခရီး ရောက် မရောက် ကာတွန်းကြည့်ပြီး ကိုယ့်ဘာသာ ဆုံးဖြတ်တော့ ဗျာ ''

ကိုရွှေမျိုးဝင်း