Friday, August 20, 2021

စစ်သင်တန်းမှ ထွက်ပြေးသူပလက်၀သားများအား AA အဖွဲ့က မြေလှန်ရှာဖွေနေ


သြဂုတ် ၁၈ --

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ပီချောင်းဒေသတွင် AAလက်နက်ကိုင်အဖွဲ့မှ ပေးသော စစ်သင်တန်းတက်ရောက်နေသူ ပလက်၀ဒေသခံအများအပြားထွက်ပြေးသွားခြင်းကြောင့် အနီးအနားရှိရွာများတွင် ရွာသူ/သားဒေသခံများအား လက်နက်များထောက်၍ မြေလှန်ရှာဖွေနေကြကြောင်း သိရသည်။

ပီချောင်းဒေသရှိရွာတိုင်းတစ်ရွာ သုံးယောက်စီ AA ၏စစ်သင်တန်းကို မပျက်မကွက်တက်ရောက်ရန် လွန်ခဲ့သောလက အတင်းအဓမ္မခေါ်ယူခဲ့ပြီး၊ သင်တန်းတွင်းကြမ်းတမ်းစွာနေထိုင်ရစားသောက်ရခြင်း၊ အစာအငတ်ထားခြင်း၊ နိုင့်ထက်စီးနင်းဆက်ဆံခြင်းတို့ကို မခံစားနိုင်လွန်း၍ ၎င်းစစ်သင်တန်းမှ ထွက်ပြေးလာသူ အများအပြားရှိလာခြင်းဖြစ်ကြောင်း သိရသည်။

"ထွက်ပြေးတဲ့ထဲပါသွားတဲ့ ယောက်ျားတွေရဲ့မိန်းမကိုလည်း သူတို့ယောက်ျားကိုပြန်လိုက်ရှာခိုင်းနေတယ်။ သူတို့ကအနောက်ကနေသေနတ်နဲ့ချိန်ထားတယ်လို့ပြောပါတယ်။ ရွာတစ်ရွာမှာဆို တစ်ရွာလုံးအပြင်မထွက်ရဘူး။ ရွာကဖုန်းအားလုံးကိုလည်း သူတို့(AA)ဆီအပ်ထားရတယ်လို့ပြောပါတယ်" ဟု AAစစ်သင်တန်းမှ ထွက်ပြေးသူ၏ ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောသည်။

AAလက်နက်ကိုင်အဖွဲ့သည် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အနောက်ဘက်ပိုင်း ပီချောင်းဒေသရှိအုပ်စု (၉)အုပ်စု၊ ရွာပေါင်း ၄၀ ဝန်းကျင်ကို ၎င်းတို့၏ထိန်းချုပ်နယ်မြေအဖြစ်အခြေကုတ်ယူထားသည်မှာ ၄-၅နှစ်ခန့်ရှိပြီဖြစ်သည်။

"အခုမြေလှန်ရှာနေတယ်။ ကူညီကြပါဦး။ ရွာမှာကျန်ခဲ့တဲ့ မဆိုင်တဲ့ မိသားစုဝင်တွေကို ဒုက္ခပေးမှာကို အရမ်းစိုးရိမ်တယ်။ အစကတည်းကတက်ချင်လို့တက်တာလည်းမဟုတ်ကြဘူး။ ဘယ်လိုကြောင်းကြောင့် ဒီလိုဒုက္ခတွေရောက်နေရကြတာလဲမသိတော့ဘူး"ဟု ဒေသခံတစ်ဦးက စိတ်မကောင်းစွာ ပြောသည်။

ပလက်ဝမြို့နယ်ထဲတွငိရှိသော ပီချောင်းရွာအားလုံးသည် ချင်းရွာများဖြစ်ကြသည်။ အဆိုပါချင်းရွာများမှ အတင်းအဓမ္မခေါ်၍ ကြောက်စိတ်ဖြင့် သင်တန်းသွားတက်ရကြသောသူများသည်လည်း ချင်းလူမျိုးများဖြစ်သည်။

ယခုအပတ်စဥ်စစ်သင်တန်းတွင် ရခိုင်ပြည်နယ်မှ ရခိုင်အမျိုးသားများအပါအဝင် အယောက် ၃၀၀ခန့်သင်တန်းတက်ရောက်နေကြပြီး၊ သြဂုတ် ၁၆ညစတင်ထွက်ပြေးသူနှင့် ၁၇ ရက် ည ထွက်ပြေးသူ လူဦးရေမည်မျှရှိသည်ကို အတိအကျမသိရှိနိုင်ကြောင်းနှင့် အချင်းချင်းတွေ့ရန်လည်း မဖြစ်နိုင်ကြောင်း ထွက်ပြေးလာသူအသိုင်းအဝန်းထဲက သတင်းရရှိသည်။

credit ချင်းမီဒီယာ