Wednesday, August 18, 2021

Agent 🍁


ဒီတစ်ခါ အတည်ရေးတာပါ။ တကယ် အတည်ရေးတာပါ။ ဖိရင်ကြွ၊ ထိရင်ချ၊ မိရင်ဖော်တဲ့ တော်လှန်ရေးဖိုက်တာ တွေကို မလှောင်သင့်ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့က ရပ်ကွက်ထဲက ဇိုးသာသာကောင်တွေနဲ့ စုစည်းထားတာမို့ပါ။ 

ပထမဆုံးပြောချင်တာက ဘာလုပ်လုပ်ပေါ့။ ကြီးကြီးမားမားလုပ်မယ်ဆိုရင် အချိန်ယူ စောင့်ကြည့်ပြီးမှ လူရွေးပြီးလေ့ကျင့်ရတာပါ။ အရေးကြီးတာက ခံယူချက်နဲ့ စိတ်ဓာတ်။ 

တခြား ထောက်လှမ်းရေးအဖွဲ့တွေကိုတော့ ကျွန်တော် မလေ့လာဖူးပေမဲ့ အစ္စရေးရဲ့ မော့ဆက် (Mossad - הַמּוֹסָד‎) ကိုတော့ ကျွန်တော် အတော်လေ့လာဖူးတယ်။ စိတ်လည်းဝင်စားတယ်။ အရှည်ကတော့ -(למודיעין המוסד מיוחדים‎ ולתפקידים) Central Institute for Intelligence and Special Operations - ဗဟိုထောက်လှမ်းရေးနဲ့ အထူးစစ်ဆင်ရေးအဖွဲ့ ခေါ်မှာပေါ့။ သဘောလည်းကျတယ်။ မော့ဆက်က လူရွေးပြီဆိုရင် ပထမဆုံး ရွေးချယ်ခံ သင်တန်းသားကို ဖုန်းဆက် စကားပြောပါတယ်။ လူတွေ့လည်း စကားပြောပါတယ်။ အဲဒီလို စကားပြောနေစဉ်မှာ စိတ်ပညာရှင်တစ်ဦးက အနီးကပ် လေ့လာ အကဲခတ်ပါတယ်။ သူ့မိသားစု၊ ဇနီးကအစ လေ့လာပါတယ်။ အလုပ်ကြီးကြီးမားမား လုပ်ရတော့မယ်ဆိုရင် အနီးဆုံးလူကစပြီး ဗွေဖောက်နေလို့မရဘူး။ ထိပ်တန်းလျှို့ဝှက်ချက်တွေ ပေါက်ကြားနိုင်တယ်။ 

ဒါနဲ့ဆက်ပြီးတွေးရရင် တပ်ထဲက ဖရဲသီးမတွေကိစ္စ အတော်အန္တရာယ်ကြီးပါတယ်။ မြန်မာမှာသာ ပေါ့ပေါ့လျော့လျော့ ဖြစ်ချင်ဖြစ်မယ်။ အစ္စရေးမှာဆိုရင်တော့ လုံးဝဦးစားပေးကိုင်တွယ်ခံရမှာပါပဲ။ ဒီလိုနဲ့ ရွေးချယ်ခံရပြီပေါ့။ ဘာဆက်ဖြစ်မလဲ။ 

- ဖြတ်ထိုးဉာဏ်ကစားခြင်း 

ပထမဆုံးလုပ်ရမှာက အသေးအဖွဲ တာဝန်ပေးပြီး ဖြတ်ထိုးဉာဏ်ကို စမ်းသပ်ခံရမှာပါ။ ဥပမာ - တွေ့ကရာ ရပ်ကွက်ထဲခေါ်သွားပြီး ..
"အဲဒီအိမ်က အမျိုးသမီးကြီးနဲ့မင်းနဲ့ ဝရံတာမှာ စကားပြောရင်း ရေသောက်နေတာကို ငါ ဆယ့်ငါးမိနစ်အတွင်း တွေ့ချင်တယ်" လို့ အမိန့်ပေးတာမျိုး။ အဲဒီအခါ သင်တန်းသားခမျာ ပျားတုပ်ပါပြီ။ သူစိမ်းကို ဝင်လုံးရပါတယ်။ ‌လိုချင်တဲ့ အနေအထားရောက်အောင် ဖန်ရပါတယ်။ 

- စနည်းနာခြင်း၊ နောက်ယောင်ခံလိုက်ခြင်း 

ဒုတိယကတော့ မြင်ကွင်းတွေကို စနည်းနာရတာပါ။ ကုပ်ချောင်းချောင်းနဲ့ ချောင်းမြောင်းနေတုန်း ရဲနဲ့တိုးရင် ပြဿနာတက်နိုင်ပါသေးတယ်။ 
ဥပမာ - မော့ဆက်အေးဂျင့်တစ်ယောက် ညကြီးမင်းကြီး သစ်ပင်အောက်မှာ စနည်းနာနေတုန်း ရဲနဲ့တိုးပါတယ်။ ရဲက ဘာလုပ်နေတာတုန်း လို့ မေးပါတယ်။ အေးဂျင့်က ပြန်ဖြေတယ်။ "ဇီးကွက်သုတေသန လုပ်နေတာပါ" တဲ့။ ရဲက သစ်ပင်ပေါ်ကို ဓာတ်မီးနဲ့ထိုးကြည့်ပြီး "ဘယ်မှာလဲ ဇီးကွက်" လို့ မေးပါတယ်။ အဲဒီအခါ အေးဂျင့်က ပြန်ဖြေပါတယ်။ "ခင်ဗျားအသံကြောင့် လန့်ပျံသွားပြီလေ" 

နောက်ယောက်ခံလိုက်တာကလည်း အရေးကြီးပါတယ်။ နောက်ယောင်ခံလိုက်ပြီး ခြေရာဖျောက်တာကို မကျွမ်းရင် အေးဂျင့်ခမျာ ညတောင် အိပ်မပျော်တတ်ပါဘူး တဲ့။ 

- အယောင်ဆောင်ခြင်း 

အဲဒါကတော့ မော့ဆက်တွေ နှစ်ပေါင်းများစွာ လေ့ကျင့်ရတဲ့ သင်ခန်းစာပါ။ ကိုယ်အသွင်ယူရမယ့် လူရဲ့ Bio Data တွေကို အလွတ်ကျက်ရတယ်။ မြို့တွေ၊ လမ်းတွေ၊ ထူးခြားအဖြစ်အပျက်တွေ အကုန်ကျက်တယ်။ အချင်းချင်း မိတ်ဆက်ကြည့်ရတယ်။ ပေါ်သွားရင် ကျပါတယ်။

- စစ်ကြောရေးဒဏ် ခံရခြင်း 

မော့ဆက်အေးဂျင့်တစ်ယောက်ဟာ တိုက်ခိုက်ရေးပဲ လေ့ကျင့်ရတာမဟုတ်ပါဘူး။ စစ်ကြောရေးဒဏ် ခံနိုင်အောင်လည်း မကြာခဏ ရဲတွေ အုပ်လိုက်ကြီးနဲ့ ဝင်ဗျင်းကြပါတယ်။ ကြောက်ပြီးဖော်ရင် ကျပါတယ်။ တချို့ သင်တန်းသားများကတော့ စပြီး ဖမ်းခေါ်ခံရကတည်းက "ငါ့ကို ဘယ်သူမှတ်လို့တုန်း၊ ငါက ဝန်ကြီးချုပ်နဲ့ ဘာကွ၊ ညာကွ" တွေ လျှောက်ပြောနေလို့ ရဲကတောင် မထိရဲဘဲ ပြန်လွှတ်ပေးရဖူးပါတယ်။ 

- အရေးပေါ် အနေအထားကို ရင်ဆိုင်ခြင်း 

ဒါကတော့ ကျွန်တော် အကြိုက်ဆုံးအပိုင်းပါ။ သင်တန်းဆရာဟာ အေးဂျင့်လောင်းလျာတွေကို သင်တန်းပို့ချနေတုန်း ဗြုန်းဆို စက်သေနတ်ကိုင်ထားတဲ့ လူတစ်ယောက်ဝင်လာပြီး သင်တန်းဆရာကို မွှေ့ပါတော့တယ်။ အေးဂျင့်လောင်းတွေအကုန် ခုံအောက် ဝင်ပုန်းကြတယ်။ 
စိတ်တိုင်းကျ မွှေ့ပြီး အဆိုပါ သေနတ်သမား ပြန်ထွက်သွားတဲ့အချိန်မှာ သင်တန်းဆရာက သေနေရာက ထ အော်ပါတယ်။ 

"ဟေ့ကောင်တွေ... ထကြစမ်း။ အခုလေးပဲ ငါ အသတ်ခံလိုက်ရပြီ။ ငါ့ကိုပစ်သွားတဲ့ကောင်က ဘယ်လိုပုံစံလဲ။ ဘာသေနတ်အမျိုးအစားနဲ့ ငါ့ကို ဘယ်နှချက်ပစ်သွားသလဲ။ ဖြေကြစမ်း" 

အဲဒီမှာ အကုန် နားကားပါပြီ။ မဖြေနိုင်တဲ့ကောင်တွေ အထုပ်ဆွဲရမှာဖြစ်ပါတယ်။ 

ဒါက ခြောက်နှစ်တာ လေ့ကျင့်မှုကြီးရဲ့ တစ်စိတ်တစ်ပိုင်းမျှသာဖြစ်တယ်။ စဉ်းစားကြည့်ပေါ့။ မနေ့ တစ်နေ့ကမှ ဖိုက်တာထလုပ်တဲ့ တော်လှန်ရေးသမားတွေ ဘာကြောင့် ကြယ်ပြောင်တွေဖြစ်ကုန်ကြတယ်ဆိုတာ။ လုံခြုံရေးဝင်လာတာနဲ့ ခုန်ချတဲ့လူတွေကလည်း ခုန်ချတယ်။ ဂုဏ်တင်တဲ့လူတွေကလည်း ဂုဏ်တင်တယ်။ ညံ့ဖျင်းချက်။ ဂုဏ်တင်လို့မှ မဆုံးသေး။ မြဝတီသတင်းမှာ အကုန်ဖော်ကုန်ပြီ။ ဖော်မှာပဲလေ။ လေ့ကျင့်ထားတာမှ မဟုတ်ဘဲ။ ပေါ့ပျက်ပျက်ပဲပေါ့။

ဒါပေမဲ့ အေးဂျင့်ဆိုတာက အဲဒီ ပေါချာချာကောင်တွေ လုပ်ရမယ့်အရာမဟုတ်သလို သိပ်တော်တဲ့ လူတော်တွေနဲ့လည်း မသင့်တော်ပါဘူးတဲ့။ အကြောင်းက နှစ်ဖက်ချွန်သူလျှိုဖြစ်ပြီး တစ်ပတ်ရိုက်သွားမှာ စိုးရိမ်ရလို့ပါပဲ။ "သင့်တော်တဲ့လူတွေ" ကိုပဲ ရွေးချယ် လေ့ကျင့်ပေးပါတယ်။

ဒီတော့ ပြောချင်တာက - 

- ကြီးကြီးမားမား လုပ်ချင်တဲ့လူတွေဆိုတာ သေသေချာချာ ရွေးချယ်လေ့ကျင့်ရတာပါ။ ငွေဖောဖောသီသီ သုံးနိုင်တိုင်း ရတာမဟုတ်ဘူး။ 

- လူ့စွမ်းအားအရင်းအမြစ်တွေကို အသေအချာ ရွေးချယ်ရတာပါ။ လူများတိုင်းလည်း မနိုင်ဘူး။ ဘုံမြှောက်နေလည်း အရူးက အရူးပဲ။ 

- ဒီလိုစနစ်တကျ လေ့ကျင့်ပေးတာတောင်မှ Mike Harari တို့လို တကယ့် Legendary Spy တွေက မှားဖြစ်အောင် မှားတတ်ကြပါသေးတယ်။ 

- မြန်မာနဲ့ယှဉ်ပြီး ပြောရရင် ဖရဲသီးမတွေကို မပေါ့ပါနဲ့။ ထို့အတူ ရှိနေတဲ့ လူ့စွမ်းအားအရင်းအမြစ်တွေကို လေ့ကျင့်ပေးဖို့လည်း နောက်မတွန့်ပါနဲ့။ 

သိပ်ညံ့လွန်းရင် ပျူစောထီးလို လက်ညှိုးထိုးခံသက်သက် အဖွဲ့ပဲ ဖြစ်နေပါလိမ့်မယ်။ သိပ်လည်း မတော်လွန်း၊ သိပ်လည်း မညံ့လွန်းတဲ့ လူငယ်တွေကို အခုကစ ရွေးချယ် လေ့ကျင့်ပေးရင်တော့ အချိန်တစ်ခုရတဲ့အခါ အင်စတီကျုတစ်ခု ဖြစ်လာတန်ကောင်းပါရဲ့။ 

တကယ်ပါ။ တချို့ကိစ္စတွေက အနှေးနဲ့အမြန် အရေးပါလာမယ့် အရာတွေပါလေ။ ဖြစ်စေချင်တာတော့ အမှန်ပါပဲ။ 

သန့်နေစိုး (17. Aug. 2021)
*
*
*
#Notice to Facebook Myanmar Team, this article is about the Mossad, Intelligence agency of the state of Israel and its training. It is only for knowledge purpose and no offense, no terrorism, no dangerous incitement, and nothing violates the community standards of Facebook.

For details, please visit the following links, 

https://en.m.wikipedia.org/wiki/Mossad

https://en.m.wikipedia.org/wiki/By_Way_of_Deception

https://en.m.wikipedia.org/wiki/The_Other_Side_of_Deception

Related Posts: