Friday, August 20, 2021

မမှားသောရှေ့နေ... မသေသောဆေးသမား...


လွန်ခဲ့တဲ့ (၂) နှစ်လောက်တုန်းက အမေရိကန်နိုင်ငံအနေနဲ့ တရုတ်ပြည်တွင်းမှာ သူမွေးထားတဲ့ စပိုင်တွေ လက်သယ်မပေါ်ဘဲ အစပျောက်ပျောက်သွားတတ်လို့ တရုတ်အစိုးရကို စိတ်ပျက်မိတဲ့အကြောင်း မီဒီယာကနေတစ်ဆင့် ညည်းငြူပြဖူးတယ်။ ဖြစ်စေလိုတာက အကယ်လို့များ သူ့ရဲ့ သူလျှိုတို့ကို ဖမ်းမိပါက တရုတ်အစိုးရအနေနဲ့ ရုံးတင်တရားစွဲဆိုပြီး ပြစ်ဒဏ်ချမှတ် စေချင်တာ။ 

တရုတ်အစိုးရမှာ သူလျှိုဆိုင်ရာ ပြစ်မှုပြစ်ဒဏ်တွေ ရှိပေမယ့်... ရုံးတင်တရားစွဲရင် အမေရိကန်ဟာ သူ့လူကို သံတမန်ရေးနည်းလမ်းအရ ရှေ့ကတစ်ဖုံ နောက်ကွယ်ကတစ်ဖန် စောင့်ရှောက်အကူအညီ ပေးလို့ရမယ်... အပေးအယူစသည်တို့ လုပ်လို့ရမယ်လို့ မျှော်လင့်ထားတာ။

အခုက သူ့လူတွေဟာ သတင်းမကြားရတော့ဘဲ ရုတ်တရက် ပျောက်သွားတာ များလာတာကြောင့် တရုတ်ပြည်ထဲမှာ သူလျှိုလုပ်ရဲသူ နည်းလာတာကို မချိတင်ကဲဖြစ်တာ။ အမေရိကန်ရဲ့ စွပ်စွဲညည်းညူချက်ကို တရုတ်အစိုးရက တစ်စုံတစ်ရာ တုံ့ပြန်တာလည်း မတွေ့ရပေ။ 

အဲ့လို ဘာမှအကြောင်းမပြန်တာကိုက ပါးနပ်လာတဲ့ တရုတ်တွေလို့သာ ဆိုမယ်။ ဒါလောက်ဆို တရုတ်ရဲ့ ပြည်တွင်းထောက်လှမ်းရေးအဖွဲ့ရဲ့ သူလျှိုတွေကို ရှာဖွေဖော်ထုတ်နိုင်တဲ့ စွမ်းရည်ကို အကဲဖြတ်နိုင်လောက်ပြီလို့ ထင်တယ်။ 

ပြည်ပနိုင်ငံများသို့လည်း အတော်အတန် စိမ့်ဝင်နေနိုင်ပြီးလောက်ပြီဟု ဆက်စပ်တွေးဆနိုင်ပြီဖြစ်တယ်။ မြန်မာနိုင်ငံလို သူနဲ့တစ်မြေထဲဆက်နေတဲ့ အိမ်နီးချင်း နိုင်ငံတွေမှာလည်း အသွင်အမျိုးမျိုးနဲ့ ရှိနေပြီဟုသာ မှတ်ယူကြပါစို့။ မိမိတို့ နိုင်ငံအတွက် ကောင်းတဲ့ညွှန်းကိန်း မဟုတ်ပေမယ့် အခုစာနဲ့ သိပ်မဆိုင်တာကြောင့် ထားပါတော့လေ။

အမေရိကန်ဟာ သူများအိမ်တွင်းရေးကို သွားရှုပ်တဲ့ ကိုယ့်အပြစ်ကို မမြင်နိုင်ဘဲ... သူလျှိုမွေးမြူရ ခက်ခဲလာခြင်းဟာ တရုတ်အစိုးရရဲ့ အပြစ်ဟု စွပ်စွဲကာ ထုတ်ဖော်ပြောဆိုမိတဲ့ မမှားသင့်တဲ့ အမှားမျိုးကို ကျူးလွန်မိတတ်သေးကြောင်း ယခုဖြစ်ရပ်ကို ဥပမာပြုနိုင်တယ်။ 

နေမဝင်အင်ပါယာကြီးရဲ့ သာဓက

ဆိုချင်တာက အမေရိကန်ဆိုတာနဲ့ ဆရာကြီးတွေ... ဗျူဟာရှင်ကြီးတွေလို့ မမှတ်ယူစေလိုရင်းမျှသာ။ အမေရိကန်အစိုးရအနေနဲ့ ကမ္ဘာ့ရေးရာနဲ့ စီးပွါးရေးဗျူဟာအမှားတွေ အထပ်ထပ် ကျူးလွန်မိခဲ့တာကြောင့် ဆယ်စုနှစ်အနည်းငယ်အတွင်းမှာ တရုတ်ရဲ့ ရင်ပေါင်တန်းခြင်းကို ခံလာရတာ ဖြစ်တယ်။ 

စနစ်ကောင်းတွေကို ချမှတ်ပေးခဲ့တဲ့ ရှေ့ဘိုးဘွား မျိုးချစ်အမေရိကန်ကြီးတွေရဲ့ ကောင်းမွေကို ယနေ့အမေရိကန်နိုင်ငံသားတွေ ခံစားနေရခြင်းဖြစ်တယ်။ ယနေ့ကာလ ကိုယ်ကျိုးရှာတဲ့ အမေရိကန် နိုင်ငံရေးသမားအများစုရဲ့ ဆိုးမွေကို နှောင်းအမေရိကန်နိုင်ငံသားတွေ အတိုးအရင်းပေါင်းပြီး ပေးဆပ်ရမှာလည်းဖြစ်တယ်။ 

ပြီးခဲ့တဲ့ ဆယ်စုနှစ် အနည်းငယ်ကစပြီး အမေရိကန်ရဲ့ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေးဆိုင်ရာ အတွေးအခေါ်တွေနဲ့ လုပ်ဆောင်ခဲ့မှုတွေကို ပျမ်းမျှအားဖြင့် ခြုံပြီးဆိုရရင် အမေရိကန်ဟာ မကြာခဏမှားနေသော ရှေ့နေဟုသာ ဆိုချင်တော့တယ်။ အဓိကတရားခံက အမေရိကန်ရဲ့ ထိပ်ပိုင်းနိုင်ငံရေးသမားတွေပဲ ဖြစ်တယ်။

စီးပွါးရေးသမားတွေ၊ ပညာရှင်တွေ ဘယ်လောက်တော်တော်... အရပ်ဘက်အဖွဲ့အစည်းတွေ ဘယ်လောက်ပင်ကောင်းကောင်း... ကိုယ်ကျိုးစီးပွါးသာ ရှေ့တန်းတင်တဲ့ မျိုးချစ်စိတ်အားနည်းတဲ့ နိုင်ငံရေးသမားတွေကြောင့် အမေရိကန်ဟာ သြဇာရော၊ အာဏာပါ မြန်မြန်ကျဆင်းခဲ့ရတာ ဖြစ်တယ်။ 

အဲ့လိုဆိုခြင်းကြောင့် အမေရိကန်နိုင်ငံကြီး ကျရှုံးသွားတော့မယ်လို့ ဆိုခြင်းမဟုတ်။ စီးပွါးရေးအရ မဟာအင်အားကြီးနိုင်ငံအဆင့်မှ အင်အားကြီးနိုင်ငံအဆင့်သို့ တစ်စတစ်စ လျှောကျသွားမယ်လို့သာ ဆိုခြင်းဖြစ်တယ်။ 

ဗြိတိသျှနေမဝင်အင်ပါယာကြီး အခုလို အင်အားအလတ်သာသာမျှသာ ရှိတော့တဲ့ နိုင်ငံငယ်လေးအဖြစ် သက်ဆင်းလာမယ်လို့ (၁၉) ရာစုနှစ်ဆန်းပိုင်းကာလတုန်းက မည်သူကမှ မှတ်ထင်ကြမှာ မဟုတ်ပေ။ လူသားတိုင်းမှာ အတက်အကျ ဓမ္မတာ ရှိသလို... နိုင်ငံတိုင်းဟာလည်း အတက်အကျ ဓမ္မတာ ရှိတာကို လွန်ဆန်လို့ မရချေ။ 

အမေရိကန်ရဲ့ အနာဂတ်

ဉာဏ်အရာ အားကောင်းလွန်းသူတွေ နိုင်ငံ့ခေါင်းဆောင်နေရာမှာ ရှိနေပါမှ အကျမနာအောင် ထိန်းရုံမျှသာ တတ်နိုင်ပေလိမ့်မယ်။ အဆင်မသင့်ရင် ကမ္ဘာ့ကြွေးအထူဆုံးနိုင်ငံကြီးဟာ နိုင်ငံငယ်လေးတွေအဖြစ်သို့ ပြိုကွဲသွားလိမ့်မည်ဟုဆိုလျှင် အခုချိန် သာမန်လူတွေက ယုံနိုင်မှာ မဟုတ်။ ပြောဆိုနိမိတ်ဖတ်သူကိုလည်း သောက်ရူးကောင်ဟုသာ ဆိုကြမှာဖြစ်တယ်။ 

ဘယ်အချိန် ဖြစ်မလဲ ??? အမေရိကန်ရဲ့ တပ်မတော်ဆိုတဲ့ Institution အားနည်းလာတာနဲ့ ဖြစ်လာပါလိမ့်မယ်။ သံကို သံချေးကပဲ ဖျက်သလို... အမေရိကန်ကို အမေရိကန် နိုင်ငံရေးသမားတွေကပဲ ပြန်ဖျက်နေတာကို လက်တွေ့နိုင်ငံရေးသုတေသီအချို့ သိမြင်နေကြပြီလို့ ဆိုနိုင်တယ်။ ပါးနပ်တဲ့ ကမ္ဘာ့နိုင်ငံရေးလောကသားတွေလည်း သိကြတယ်။ 

ဘယ်အချက်တွေကို အဓိက အခြေခံလဲ ??? အမေရိကန်နိုင်ငံရဲ့ တည်နေရာက Geopolitics အရ စစ်ရေး၊ စီးပွါးရေးအားသာချက်တွေ ရှိ(ခဲ့)တယ်ဆိုတာ ငြင်းမရချေ။ စနစ်ကောင်း ချပေးခဲ့သူတွေနဲ့ နည်းပညာ တိုးတက်အားကောင်းအောင် ပံ့ပိုးနိုင်မှုက ယနေ့ အမေရိကန်ကို ဖြစ်စေခဲ့တာ။ 

အမေရိကန်ရဲ့ ပထဝီနိုင်ငံရေးအရ အားသာချက်ကပင် သူ့နိုင်ငံရဲ့ စီးပွါးရေးကို အခုအခြေအနေထက်ပိုပြီး လွတ်လွတ်လပ်လပ် ကြီးထွားဖွံ့ဖြိုးနိုင်ခွင့်ကို ပြန်လည်ထိန်းချုပ်ပြီးသား ဖြစ်နေပြန်တယ်။ တစ်နည်းဆိုရရင် အမေရိကန်ရဲ့ ရွှေခေတ်ဟာ တစ်ချိန်တုန်းကလို့ ဆိုရမယ့်ကာလကို ရောက်နေပြီ။

တရုတ်နဲ့ အိန္ဒိယဟာ (Geopolitical Economy) ပထဝီနိုင်ငံရေး ဘောဂဗေဒ အမြင်နဲ့ရော... ပကတိ အခြေအနေအရပ်ရပ်ကို ဆက်စပ်ကြည့်လို့ပဲဖြစ်ဖြစ် တစ်ချိန်မှာ ကမ္ဘာ့ နံပါတ် (၁) နဲ့ (၂) နေရာကို အသီးသီး ရယူသွားတော့မှာ။ 

တရုတ်ကတော့ လူဦးရေအရရော၊ စနစ်အရရော၊ စီးပွါးရေးအရရော လားရာအကောင်းဆုံး ဖြစ်တည်နေတယ်။ ရုရှားဟာ တည်နေရာအရ Heartland ဖြစ်ပေမယ့် လူဦးရေနဲ့ ရာသီဥတုက သူ့ကို ကမ္ဘာ့စီးပွါးရေး နံပါတ် (၁) နေရာ မရောက်အောင် (Draw Back) နောက်ပြန်ဆွဲ ကန့်သတ်ခံထားရတဲ့ အနေအထားဖြစ်တယ်။

သောက်ကြီးသောက်ကျယ် စကားပြောရရင်... အမေရိကန်ခေါင်းဆောင်တွေအနေနဲ့ သမိုင်းသင်္ခန်းစာကို ယူတတ်ဖို့ လိုသလို၊ အခြားနိုင်ငံတွေကို လူ့အခွင့်အရေး ဒီမိုကရေစီအရေးစတဲ့ အကြောင်းအမျိုးမျိုးပြပြီး ဝင်ရောက်ချယ်လှယ် ဗိုလ်ကျစိုးမိုးလိုစိတ်ကို လျှော့မှရမယ်။ 

အမေရိကန်တို့ Post American World ကို သဘောထားကြီးကြီးနဲ့ ပြင်ဆင်ထားသင့်ပြီလို့သာ။

လူမိုက်ကြီးများတောင် ကြောက်ကြသည်

အထက်က တရုတ်နဲ့ ပတ်သက်ပြီး စပိုင်ကိစ္စကို ဆက်ရမယ်ဆိုရင်... တစ်နည်းအားဖြင့် မြင့်မားတဲ့ ပြစ်ဒဏ်တွေဟာ တော်ရုံလူတွေကို ပြစ်မှုမကျူးလွန်ရဲအောင် တားဆီးပေးတယ်လို့ ရေးခဲ့ဖူးတယ်။ မဖြစ်မီက တားနှင့်သည်ဟုလည်း ဆိုနိုင်တယ်။ 

နိုင်ငံတော် သစ္စာဖောက်မှုတွေ အတွက်ဆို အမြင့်မားဆုံး ပြစ်ဒဏ်ချမှတ်နိုင်ဖို့ လိုအပ်တဲ့ ဥပဒေတွေ နည်းဥပဒေတွေ ပြဌာန်းထားသင့်တယ်။ လွတ်ငြိမ်းချမ်းသာခွင့်ကအစ ထည့်သွင်းစဉ်းစားခွင့် မပြုရဆိုတဲ့ ဥပဒေမျိုးပါ ထည့်သွင်းထားအပ်တယ်။ 

ဥပမာတစ်ခုပြုရရင် စင်ကာပူနိုင်ငံရဲ့ ဥပဒေ စည်းကမ်းပြစ်ဒဏ်တွေဟာ တော်ရုံနိုင်ငံတွေထက် ပြင်းထန်တာ အများသိပြီးဖြစ်တယ်။ ကြိမ်လုံးနဲ့ရိုက်တဲ့ ပြစ်ဒဏ်ဟာ လူ့ဂုဏ်သိက္ခာကို ထိခိုက်တယ်ဆိုပြီး အနောက်နိုင်ငံက လူ့အခွင့်အရေးသမားတွေက အမြဲပြစ်တင်လေ့ရှိတယ်။ 

စင်ကာပူမှာ ကြိမ်ဒဏ်မပေးခင် သတ်မှတ်ထားတဲ့ အလုံးနဲ့ အရှည်ရှိတဲ့ ကြိမ်လုံးကို တစ်ညသိပ် ရေစိမ်တယ်။ ရိုက်တဲ့အခါ အပြစ်သားကို ကိုယ်တုံးလုံးချွတ်ပြီး တင်ပါးကို အားကုန်လွှဲရိုက်တာ။ ရေဓာတ်ပြည့်ဝနေတဲ့ ကြိမ်လုံးဟာ ဒဏ်ရာပိုပြင်းတယ်လို့ ဆိုတာပဲ။ 

အဲ့ကြိမ်လုံးကိုလည်း ရိုက်တဲ့အခါမှာ... လက်လွှဲမှန်တယ် လက်ဆအားကောင်းပြီး အလုံးအရပ်သန်မာတဲ့ သူမျိုးကိုသာ ရိုက်ခိုင်းလေ့ရှိတယ်။ ကြိမ်လုံးရဲ့ လွှဲရိုက်အားက (တစ်နာရီ မိုင် ၁၀၀ / ကီလိုမီတာ ၁၆၀) ပြင်းအားရှိတယ်လို့ သိရတယ်။ 

အရိုက်ခံရသူ အပြစ်သားဟာ (၃) ချက်မြောက်မှာ အသားတွေ စဖွာတယ်၊ ပြစ်ဒဏ်ကြီးငယ်အလိုက် တစ်ကြိမ်ကို အများဆုံး (၂၄) ချက်အထိ ပေးရိုက်တယ်လို့ ဆိုတယ်။ (၂၄) ချက် မပြောနဲ့... ဆိုပါစို့ (၁၅) ချက်လောက်ပဲ ရိုက်ခံရသူရဲ့ တင်ပါးဟာ ဘယ်လောက်တောင် စုတ်ဖွာသွားမလဲ တွေးကြည့်တာနဲ့တင် လန့်ဖို့ကောင်းတယ်။ 

အဲ့ဒါကြောင့်ထင်တယ် ထောင်မကြောက် တန်းမကြောက်တဲ့ မြန်မာပြည်က လူမိုက်ကြီးတစ်ဦးက စင်ကာပူရဲ့ ကြိမ်လုံးကိုတော့ ကြောက်ကြောင်းပြောတာ မိမိကိုယ်တိုင် နားနဲ့ဆတ်ဆတ်ကြားဖူးတယ်။ 

ရှင်းရှင်းပြောရရင် မြန်မာပြည်မှာသာ လုယက်ခိုးဆိုး လူသတ်ချင်တောင်သတ်မယ်... မြန်မာပြည်မှာ ထောင်ကျရင်လည်း မကြောက်... စင်ကာပူမှာဆိုရင်တော့ ကြိမ်လုံးစာမိမှာကြောက်လို့ စင်ကာပူရဲ့ ဥပဒေကို မချိုးဖောက်ရဲလို့ အဓိပ္ပာယ်ဖော်နိုင်တယ်။

မင်းလုပ်အုပ်ချုပ်သူ

ကြိမ်ဒဏ်ရဲ့ အမာရွတ်ဟာ သေရာပါတဲ့အပြင်... ကြိမ်ချက်ရေအလိုက် သီတင်းပတ်များစွာကြာအောင် ထိုင်မရ... ပက်လက်အိပ်မရတဲ့အပြင် နာကျင်မှုဝေဒနာကြာရှည် ခံစားရတာကြောင့် ကြောက်ကြတာလည်း ဖြစ်တယ်။ ပြစ်မှု (၃၅) မျိုးအတွက် ကြိမ်ဒဏ်သတ်မှတ်ထားတယ်လို့ မှတ်သားဖူးတယ်။

မည်သို့ပင်ဆိုဆို စင်ကာပူဟာ ပြစ်မှုဖြစ်ပွါးနှုန်း အနည်းဆုံး နိုင်ငံတွေထဲမှာပါတယ်။ ပြစ်ဒဏ်မြင့်မားတာအပြင်... (Law Enforcement) တရားဥပဒေစိုးမိုးရေးကို ထိထိရောက်ရောက် ကိုင်တွယ်နိုင်တာကလည်း တစ်ကြောင်းပေါ့။ 

အထက်ပါ (၂) ချက်ကြောင့် ယေဘုယျအားဖြင့် ပြစ်မှု (၁၀၀) ဖြစ်မယ့်အစား (၁၀-၂၀) လောက်ပဲ ဖြစ်တော့တယ်။ အမှုအခင်းနည်းပါးခြင်းဟာ လူမှုဝန်းကျင်ကို တည်ငြိမ်စေတယ်၊ (Victim) ရာဇဝတ်မှု ကျူးလွန်ခံရသူနဲ့ စပ်ဆိုင်ရာမိသားစုတွေကို စိတ်ဒဏ်ရာရရှိမှု နည်းပါးစေတယ်၊ 

တရားရေးစရိတ်နဲ့ အကျဉ်းထောင်စရိတ် နည်းစေတယ်၊ စီးပွါးလုပ်ငန်းတွေကို အေးချမ်းစွာ အာရုံစိုက် လုပ်နိုင်တယ်၊ နိုင်ငံတစ်ကာ ရင်းနှီးမြှုပ်နှံမှုကို အထောက်အကူ ဖြစ်စေတယ်၊ နောက်ထပ် အကျိုးများစွာရှိသေးတယ်။ ပေရှည်မှာကြောင့် မရေးတော့။ 

နိုင်ငံတစ်ရပ် အနေနဲ့ ရေရှည်အကျိုးစီးပွါးအတွက် ဘယ်သို့သော ဥပဒေ၊ ဘယ်သို့သော ထိရောက်တဲ့ တရားဥပဒေစိုးမိုးမှုတွေ ရှိလာအောင် လုပ်မလဲဆိုတာကတော့ လက်ရှိနိုင်ငံ့ခေါင်းဆောင် မင်းလုပ်အုပ်ချုပ်သူတွေရဲ့ တာဝန်ပဲဖြစ်တယ်။ 

လိုအပ်တာကို ပြဌာန်းမလား

အချို့က အာဏာထိန်းတာ... သိမ်းတာ မဟုတ်လို့ နစကအနေနဲ့ တည်ငြိမ်ရေးအတွက် အင်အားပြည့် လုပ်ချင်တာ လုပ်မရဟု ဆိုကြတယ်။ ထိုအဆိုကို လက်ခံလို့ မရ။ သိမ်းတာ၊ ထိမ်းတာတွေ နောက်ထား... ဆူပူတာနဲ့ အကြမ်းဖက်တာတွေကို ချုပ်ငြိမ်းပပျောက်စေနိုင်ဖို့ တည်ဆဲဥပဒေတွေနဲ့ မလွှမ်းခြုံနိုင်ဘူးဆိုရင်... 

လိုအပ်တဲ့ ဥပဒေစည်းကမ်းအသစ်များ သတ်မှတ်ပြဌာန်းခွင့် အစိုးရတိုင်းမှာရှိတယ်။ အဲ့လိုမှ မလုပ်ရဲရင် အကြမ်းဖက်တာတွေနဲ့ မင်းမဲ့စရိုက်တွေကို ဥပဒေက လက်နက်ချရမယ်ဆိုရင်တော့ မဟုတ်သေးဘူး။ အစိုးရတစ်ရပ်ဟာ သာမန်ထက်ပိုသော အာဏာစက်တွေ အသုံးပြုခွင့် ပေးနိုင်တယ်။ ပေးခွင့်လည်း ရှိတယ်။

အစွန်း မရောက်ဖို့သာလိုတယ်။ ယာယီဥပဒေ ပြဌာန်းချက်တွေလို့ပဲဆိုဆို တည်ငြိမ်ရေးဟာ နံပါတ် (၁) ဦးစားပေးပဲ။ အခုလို အရေးကိစ္စတွေပြီးသွားရင် နစကကိုယ်တိုင် ပြန်ပယ်ဖျက်နိုင်သလို... နောင် ရွေးကောက်ခံ အစိုးရတက်လာလို့ မသင့်တော်ဘူးထင်ရင် နည်းလမ်းတကျ ပယ်ဖျက်လို့ရတာပဲလေ။

အနှစ်ချုပ်ဆိုရရင် နစကကို အမေရိကန်လို မကြာခဏမှားနေတတ်သော ရှေ့နေမျိုး မဖြစ်စေလိုတာတစ်ကြောင်း... နစကကိုယ်တိုင် ဆေးဝင်ကုကာမှ ခဏခဏ သေစေတတ်တဲ့ ဆေးသမားတော်မျိုး မဖြစ်စေလိုတဲ့ စေတနာ အရင်းခံကာ ရေးခြင်းမျှသာ...။ 

Widura Zaw